အောက်ကျင်းသား စနက်နဲ့ ကျောင်းကပွဲ ကကြရတော့မယ်။
ဘယ်လို ကမှာလဲ၊ ဘယ်သူတွေ ကကြမှာလဲ။
ရခိုင်ယိမ်းတဲ့၊ ဗွေးတုတ်ယိမ်းတဲ့၊
စိန်ခြူးကြာညောင်ဘောလယ် တေး သရုပ်ဖော်တဲ့၊ တပင်တိုင်အကတဲ့၊ မြိုင်ထနှစ်ပါးသွားတဲ့။
ဟိုတစ်မျိုး သည်တစ် မျိုး တော်တော်လေး မျိုးစုံလာတော့ ပဒေသာကပွဲလေး တစ်ခုတော့ ဖြစ်နိုင်ပြီ
ပေါ့။
ဆရာဦးသန်းဆွေက စီစဉ်ညွှန်ကြားမယ်တဲ့။
ဦးဌေးလွင်က ဇာတ်ညွှန်းဆွဲမယ်တဲ့။ စိန်ခြူးကြာညောင် ဘောလယ် တေးသရုပ်ဖော် ကကွက်မှာ မရွှင်မပျဖြစ်နေတဲ့ လှိုင်ထိပ်ခေါင်တင်မင်းသမီး လေးကို နန်းတွင်းယိမ်းအဖွဲ့တွေက
အကမျိုးစုံနဲ့ အဖုံဖုံအလီလီ ဖြေဖျော်ကြ ပေမယ့် ရွှေစိတ်တော် မရွှင်နိုင် ဖြစ်ခဲ့ရပုံကို
ဇာတ်ညွှန်းဆွဲပါတယ်။ သူတို့က တက္ကသိုလ်မှာတုန်းက ကျောင်းကပွဲမှာ ပါခဲ့ကြဖူးသတဲ့။
ဗွေးတုတ်ယိမ်း ကပြီးတဲ့အခါမှာတော့ လှိုင်ထိပ်ခေါင်တင်မင်းသမီးက "တော်ကြစမ်းပါကွယ်ရို့”ဆိုပြီး အပျော်အပါးတွေကို စိတ်ကုန်ငြီးငွေ့ဟန်နဲ့
ဟန့် တားတဲ့ စကားကို ဇာတ်ညွှန်းစာသားမှာ ထည့်ပါတယ်။
ဒါကတော့ တပည့်တွေကို
အကျီစားသန်တဲ့ ဆရာဦးဌေးလွင်ရဲ့ စတိုင်(လ်)ပါ။ ဗွေးတုတ်ယိမ်းမှာ သန်းနွယ်တို့ ပါတယ်လေ။
ကပွဲပြီးတော့ ဦးဌေးလွင်က သူတို့ကို ဒီလို စတာပါ။
"ဗွေးတုတ်မတွေများ
သူတို့ကိုယ် သူတို့ ဟုတ်လှပြီဆိုပြီး ထင်ကြီး တစ်ခွဲသားနဲ့ ကလိုက်ကြတာ၊ ဟိုက မျက်စေ့နောက်လို့
တော်ကြစမ်း၊ သွားကြ စမ်းဆိုပြီး အော်ငေါက်ထုတ်လိုက်တော့ ကုပ်ကုပ်ကုပ်ကုပ်နဲ့ ထွက်သွားကြတာ၊
ရှက်ပါတယ်ဟေ့”
သူ့တပည့်တွေ ဆူဆူဆောင့်ဆောင့်
ဖြစ်တာကို ကြည့်ပြီးတော့ တဟားဟားနဲ့ ရယ်တော့တာပါပဲ။
ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာက
ရှိနေပါပြီ။ သည်တော့ ကျွန်တော် ကိုယ်တိုင်က ဘာတာဝန်လဲ။ ကဇာတ်ထဲမှာ ဇာတ်ရုပ်တစ်ခုလောက်များ ယူပြီး ကရ မလား။ ကျွန်တော်က အနုပညာမြို့တော်က လာတာပေမယ့် ကပွဲတွေမှာ မပါဖူးပါ ဘူး။
အဲ…တစ်ကြိမ်တော့ရှိလေရဲ့။ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ တုန်းက ပေါ့။ ကျောင်းကဇာတ်ရုံဘေးက ဘတ်စကက်ဘောကွင်းမှာ
ကျွန်တော်တို့ သူငယ် ချင်းတစ်သိုက်က ညနေပိုင်း
ကစားနေကြတာပါ။ ဇာတ်ရုံထဲမှာတော့ ကဇာတ် တိုက်နေကြလေရဲ့။
ဇာတ်ရုံထဲက ပန်းချီကိုကျော်သောင်းကြီး
ထွက်လာပြီး အကူအညီ တောင်းတယ်။
"မောင်မောင်မြင့်ရေ…သည်နေ့ပွဲကတော့
ငါ့ညီ မပါရင် မဖြစ်ဘူး။ လာ ကူစမ်းပါအုံး…ဟ"
မင်းပါမှ ဖြစ်မှာတဲ့။
တစ်ကြိမ်ဆို ဆိုသလောက် အရေးပါနေပါလား။
ဇာတ်ခုံပေါ်ရောက်တော့
'သည်ပေါ်တက်'တဲ့။ ဝဲဘက် ပုဏ္ဏားကွယ် နောက်က တိုင်ပေါ် တက်ခိုင်းတယ်။ အပေါ်မှာ လင့်စင်လေးနဲ့
ဆလိုက်ပုံး။ တစ်ဘက်က တိုင်ပေါ်မှာလည်း သူငယ်ချင်းတစ်ယောက်။
"ဟိုကောင်ထိုးတဲ့
အရောင်အတိုင်း လိုက်ထိုး"
ဒါပေမယ့် တစ်ဘက်က အရောင်ကို မကြည့်ဘဲ ဝါစိမ်းနီပြာ ဆလိုက် တွေနဲ့ ကြုံတုန်း လက်စွမ်းပြလိုက်တာ အရောင်မတွဲတော့ မှောင်မဲနေပါသတဲ့။ အပြန်ကျတော့
ကိုကျော်သောင်းက မှာလိုက်ပါသေးတယ်-
"နောက်ရက် မလာနဲ့တော့"
ကပွဲနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ လိုရာသုံး အတွေ့အကြုံ ရှိခဲ့တာ အမှန်ပါ။
အခုကမယ့် 'စိန်ခြူး'စင်တင်ကဇာတ်မှာ
မန်နေဂျင်းမောင်မောင်မြင့်လို့ ခပ်ထည်ထည် အမည်တပ်ထားပေမယ့် အဓိကတာဝန်ကတော့ လိုရာသုံးပါ။
ဘယ်သူတွေ ဘာလုပ်ချင်ကြတာလဲ။
နားထောင်ပေးမယ်။ အားပေး မယ်။ ကူညီပေးမယ်။ ချိတ်ဆက်ပေးမယ်။
ဒါ…မန်းနေးဂျင်း အလုပ်ပဲ မဟုတ် လား။
လေသာပြူတင်းပေါက်က လရောင်တွေလင်းအောင် ရေချိုးဖလားထဲ ဖယောင်းတိုင် ထည့်ထွန်းပြီး ကားလိပ်နောက်က ကပ်ကိုင်ပေးထားရတယ်။ အောင်ပင်လယ်ကန်မှာ
ရေမြုပ်ဗုံးအတွက် ဗျောက်ဖောက်ပေးရတယ်။
ပွဲပြီးတော့ ကားလိပ်တွေ မပျောက်အောင် စောတင်ဝင်း၊ မောင်တာ၊ မြင့်စိန်၊ တင်မောင်ဦးတို့နဲ့အတူ နှင်းတွေ ဖွဲဖွဲကျနေတဲ့ ဇာတ်ခုံကြီးပေါ်မှာ
ကားလိပ်ကြီး ခြုံပြီး အိပ်လိုက်ကြတာ သူခိုးမရှိလို့ တော်သေးတာပေါ့။
ဒီလိုအလုပ်မျိုး တော်တော့်
မန်နေးဂျင်းဆို ဘယ်လုပ်နိုင်မှာလဲ။
No comments:
Post a Comment