
ဝင်းမြင့်တို့ ရွှေညောင်ပင်လ္ဘက်ရည်ဆိုင်က လမ်းဆုံ၊ ရုံးပေါင်းစုံရာမို့ လူစည်ပါတယ်။
နံက်ခင်း ရွှေညောင်ပင်မှာ ထိုင်ကြတယ်။
နေ့လည်နေ့ခင်းတော့ ဆေးရုံထောင့်က ဒေါ်ကြီးပု လ္ဘက်ရည်ဆိုင်မှာ ထိုင်ကြပါတယ်။ နေရာက
ချောင်ကျတော့ လူရှင်းတယ်။ ကွပ်ပျစ်ကြီးပေါ်မှာ စားပွဲဝိုင်း အပုနဲ့ ထိုင်ရတာ၊ လွတ်လပ်ပေါ့ပါး
ရှိလှပါတယ်။
ဖောက်သည်တွေကတော့ ကျောင်းအဖွဲ့ရယ်၊ ဆေးရုံအဖွဲ့နဲ့
ရဲအဖွဲ့ပါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်း ဆုံဖြစ်ခဲပါတယ်။
ဆုံဖြစ်ကြလျှင်တော့ အဲဒီခေတ်က ဝန်ထမ်းတွေရဲ့ ယဉ်ကျေးမှုအရ တစ်ဦးဦးက ဒကာခံပြီး ရှင်းပေးသွားတတ်ကြ
ပါတယ်။
တစ်နေ့-
ရဲအဖွဲ့နဲ့ ကျောင်းအဖွဲ့ အဆုံ၊ ကျွန်တော်က
လ္ဘက်ရည်ဘိုး ထုတ်ရှင်း တော့ ရဲအဖွဲ့က "နေ…နေ…ဆရာ၊ ကျွန်တော်တို့ ရှင်းလိုက်မယ်"
"မဟုတ်တာ၊ ဒေါ်ကြီးပု ဒီကယူပါ"
ဒေါ်ကြီးပု လက်ထဲက ကျွန်တော်ပေးထားတဲ့
ပိုက်ဆံကို ပြန်ယူပေးပြီး ရဲအဖွဲ့က ဇွတ်အတင်း ရှင်းသွားကြပါတယ်။
"ဒေါ်ကြီးပု၊ ခင်ဗျား တော်တော် အလိုက်ကန်းဆိုး မသိတာဘဲ။ ဘယ့် နှယ်ဗျာ… ကျောင်းဆရာနဲ့
ယှဉ်ပေးတဲ့ ပိုက်ဆံ၊ ခင်ဗျားမို့ ကျောင်းဆရာဆီက ယူရက်ပလေ"
"သိဘူးလေ၊ ဆရာက လှမ်းပေးတော့ ယူမိတာပေါ့။ အမယ်လေး… လေး၊ ဆရာ့ပိုက်ဆံကို
တကယ်လည်း မယူလိုက်ရပါဘူးတော်"
"သြော…သိက္ခာမကျအောင်တော့ ထုတ်ပေးရမှာပေါ့။ နောက် မှတ် ထား၊ အကောက်ခွန်၊
လ.ဝ.က၊ ရဲအဖွဲ့၊ အို…ဘယ်သူနဲ့ ယှဉ်ပေး…ပေး ကျုပ်တို့ ဆီက မယူနဲ့"
"မှတ်ထားပါ့မယ်ရှင်…"
ဒေါ်ကြီးပုက တဟဲဟဲရယ်ရင်း ပြောပါတယ်။
အဲဒီနောက်တော့ တခြားဌာနတွေနဲ့အပြိုင် လ္ဘက်ရည်ဘိုး ရှင်းတဲ့အခါ ဆရာတွေရဲ့ ပိုက်ဆံကို
ရှောင်သွားတတ်ပါတယ်။ ဆရာတွေ ပိုက်ဆံထုတ်ပြ တဲ့အချိန် လက်နှစ်ဘက်ကို ဖောင်းနေတဲ့ သူ့ဗိုက်ကြီးရှေ့မှာ
ဖိကပ်ထားပြီး တဟဲဟဲ ရယ်နေလိုက်တာပါ။
တစ်လသော တစ်ရက်၏ တစ်နေ့သော နေ့ခင်းပိုင်း-
"ဆရာတို့ လ္ဘက်ရည်သောက်နေကြသလား"
"သြော်…ဟုတ်ကဲ့"
မော့ကြည့်လိုက်တော့ ဆရာမဒေါ်ခင်မျိုးဝင်း သူ့တပည့်မောင်လွင်ကို ဘော်ဒီဂတ်ခေါ်ပြီး
ဝင်လာကြတာ။
"ဆရာတပည့် နှစ်ယောက် ဘယ်က လာကြတာလဲ"
"ဒီနားကပါ ဆရာရယ်…၊ အပြန်မှာ လ္ဘက်ရည်သောက်ရအောင် ဆိုပြီး ဝင်လာကြတာ"
တစ်ဘက်စားပွဲမှာ ထိုင်ပြီး သူတို့ဆရာတပည့်နှစ်ဦး မုန့်လ္ဘက်ရည် မှာစားနေကြပါတယ်။
"ကဲ ဒေါ်ကြီးပု…၊ လ္ဘက်ရည်ဘိုး ရှင်းရအောင်။ ဆရာမတို့အတွက်ပါ ယူလိုက်"
"အို…မဟုတ်တာ၊ ကျမရှင်းလိုက်ပါ့မယ်။ ဒေါ်ကြီးပု…ဆရာ့ဆီက မယူနဲ့။ ဒီက ယူ…ဒီက
ယူ"
ပိုက်ဆံအိတ်ဖွင့်ရင်း လှမ်းတားပါတယ်။
တစ်ခါမှ လ္ဘက်ရည်မတိုက်ဘူးတဲ့ ကျွန်တော်က ဒီတစ်ခါ ရက်ရက် ရောရော ငွေထုတ်ရှင်းနေတော့
မောင်လွင်က အံ့သြနေတာပေါ့။
ဒေါ်ကြီးပုက ကျွန်တော် လှမ်းပေးနေတဲ့
ပိုက်ဆံကို မယူမိအောင် ထုံးစံအတိုင်း လက်ဝါးနှစ်ဖက်ကို တင်းတင်းဆုပ်ပြီး သူ့ဗိုက်ကြီးရှေ့မှာ
ကပ် ထိမ်းထားရတာ။
ခါတိုင်းထက်ပိုပြီး အားတက်သရောပေးနေတဲ့ ကျွန်တော့်ပိုက်ဆံကို
ယူရမှာလား၊ မှာထားတဲ့အတိုင်း တစ်ဘက်လူရဲ့ ပိုက်ဆံကို ယူရမှာလား၊ ဝေခွဲမရ ဖြစ်နေပုံပါ။
နောက်ဆုံးမှာတော့ စိတ်ဒုံးဒုံးချပြီး ဒေါ်ခင်မျိုးဝင်းရဲ့ ပိုက်ဆံကိုပဲ ယူလိုက်ပါတော့တယ်။
ဆရာမနဲ့ သူ့တပည့် ထွက်သွားတော့မှ-
"ဒေါ်ကြီးပုတို့ကတော့ လုပ်ပြီ၊ ဒီကယူပါ ဆိုနေတဲ့ဟာကို"
"နော့…ဆရာပဲ ဆရာ့ဆီက မယူရဘူးဆို"
"ဟိုး…ဟိုး…တိုးတိုးပြောပါဗျာ၊ ကြားသွားပါအုံးမယ်။ ခင်ဗျားကလည်း တစ်ခါပြောထား
အသေမှတ်တော့တာပဲ။ ချွင်းချက်ဆိုတာ ရှိသဗျ။ ဒါမျိုးတော့ ကျုပ်ဆီကယူမှပေါ့"
"ကဲပါရှင်…ဒီလိုချွင်းချက်ကိုလည်း မှတ်ထားပါ့မယ်။ နောက်ကြုံရင် လိုက်နာပါ့မယ်၊
ဟဲ…ဟဲ…ဟဲ"
ထို့နောက်ပိုင်းတွင်မူ ကြုံလိုသော ချွင်းချက်မျိုး တစ်ကြိမ်တစ်ခါမျှ မကြုံပါကြောင်းပြောလျှင်
ယုံကြမည်မဟုတ်သော်လည်း အမှန်တကယ် မကြုံခဲ့ ပါကြောင်း…။
No comments:
Post a Comment