ဒီဇင်ဘာလကျောင်းပိတ်ရက် မန္တလေးကို မပြန်တော့ဘဲ တမူးမှာပဲ အချိန်ဖြုန်းဖို့ စိတ်ကူးလိုက်ပါတယ်။
"ဟဲဇင်းသွားပြီး ငါးဗုံးခွဲကြရအောင် ဆရာ"
စောတင်ဝင်းက လိုအပ်သမျှ ပစ္စည်းအားလုံး တာဝန်ယူပြီး အစီအစဉ် ဆွဲလိုက်ပါတယ်။ စောတင်ဝင်း၊
မြင့်စိန်၊ တင်မောင်ဦးနဲ့ အခြား (၄-၅) ယောက် အဖွဲ့ပါ။ ထွန်းလွင်ကို ဆရာကြီးအဖြစ် ပင့်သွားဖို့
စီစဉ်ထားပေမယ့် သူ မအား တော့ ပါမလာဘူး။ ကိစ္စမရှိပါဘူး။ ဟဲဇင်းမှာ ဘလင်းရှိတယ်။
ရွာရောက်တော့ ယူချောင်းတလျှောက် လိုက်ကြည့်ကြတယ်။ ငါး ခို တတ်မယ့်နေရာ၊ ငါး ပေါမယ့်နေရာကို
ရှာကြရတာ။ ရေပါးပါးမှာ နေရောင် ကြောင့် ငါးအုပ်စုရှိရင် ငွေရောင်တလက်လက် ထနေတတ်တာလေ။
အဲဒီလို နေရာမျိုးတဲ့။ တွေ့ပြီဆိုရင်တော့ အသင့်လုပ်လာတဲ့ ယမ်းဗုံးကို မီးရှို့ပြီး ငါးအုပ်
ရှိတဲ့နေရာ ပစ်ချလိုက်ရတာပါ။
ကျွမ်းကျင်သူ မပါလို့ သူတို့တွေ ထိတ်ထိတ်လန့်လန့် လုပ်နေကြတာ ကို ကျွန်တော်က မသိပါဘူး။ ဘယ်လောက် အန္တရာယ်များမှန်း မသိတော့
မကြောက်ပါဘူး။ ကျွန်တော့်စိတ်ထဲမှာ
သီတင်းကျွတ်လ ဗျောက်ဖောက်တာ လောက်ပဲ ထင်ထားတာပါ။
ငါးတွေမျောလာမယ့် ချောင်းအောက်ဘက်က အင်္ကျီတွေချွတ်ပြီး အရံသင့် စောင့်နေကြတာ။
ဘလင်းက ဘယ်လက်နဲ့ ယမ်းထုပ်ကိုကိုင်၊ ညာလက်က ရှားသား မီးနဲ့ စနက်တံကို မီးကူးဖို့
ကြိုးစားတယ်။
"ဟေ့ကောင်.. ပစ်တော့၊ ပစ်လိုက်တော့" စောတင်ဝင်းရဲ့ အလန့် တကြား အော်သံကြောင့်
ဘလင်းလည်း ကမန်းကတန်း လွှတ်ချလိုက်တာ၊ မီးမကူးဘဲ လွှတ်လိုက်ရလို့ ယမ်းထုပ် တစ်လုံး ရှုံးသွားပါတယ်။
"လခွီးပဲ၊ ဇွတ်အော်တာ၊ မီးမှ မကူးသေးတာ" ဘလင်းက မကျေမချမ်း ရေရွတ်ပြီး
နောက်တစ်လုံးကို စနက်တံ မီးရှို့လိုက်ပါတယ်။
ဒီတစ်ခါတော့ မီးကူးပြီး စနက်တံက တဖြည်းဖြည်း တို…တိုလာပြီ။ သူရဲကောင်း ဘလင်းကြီးက
ကိုင်ထားတုန်း။
"ပစ်…ပစ်၊ လက်ထဲ ပေါက်လိမ့်မယ်။ လက်ပြတ်သွားချင်လို့လား"
စောတင်ဝင်းက ပထမအကြိမ်ထက် ပိုကျယ်တဲ့ အသံကြီးနဲ့ အော် လိုက်မှ လန့်တဲ့ပြီး ပစ်ချလိုက်တာ
ရေထဲမရောက်ခင် ပေါက်တာကြောင့် အရာ မရောက် ဖြစ်ရပြန်တာပေါ့။
နောက်ဆုံးတစ်လုံး ကျန်သေးတယ်။ ဒီတစ်ခါ မီးမတို့ခင် အမှတ်အ သား လုပ်ကြပါတယ်။ မီးကူးတာလည်း သေချာ၊ ပစ်ရမယ့် စနက်တံ အမှတ်နား
မီးရောက်မှ ပစ်ချလိုက်ကြတယ်။ ချိန်သားမကိုက် ရေထဲကျသွားတဲ့ ယမ်းထုပ် က မပေါက်ကွဲသေးပဲ
"ဟဲ့… ငါးတွေ၊ သေချင်လို့လား၊ ဒီနားမနေနဲ့၊ မြန်မြန် ပြေးကြ"လို့ လှန့်ထုတ်လိုက်သလို
ဖြစ်သွားပါတယ်။
'ဝုန်း'ကနဲ ပေါက်ကွဲလိုက်တဲ့ အချိန်မှာတော့ စက်ကွင်းလွတ်အောင် မပြေးနိုင်တဲ့
ငါးသိမ်ငါးမွှားတွေ နားစည်အူပြီး မူးနောက်နောက် ပေါ်လာတဲ့ အခါ သူတို့ ရေကူးဖို့ မေ့နေကြပါပြီ။
ဒါကို ချောင်းအောက်က စောင့်နေကြတဲ့ ရေမုဆိုးအဖွဲ့ဝင်တွေက လက်ဝါးနှစ်ဖက် ကတော့ထိုးပြီး
ဖမ်းယူကြရတာပါ။
ခုပြန်တွေးကြည့်တော့ ကြောက်စရာကြီးပါကလား။ တစ်ခုခုသာ ဖြစ်ခဲ့ရင် ကျွန်တော်က အဖွဲ့ဝင်မဟုတ်တော့ဘဲ အလိုလို တာဝန်ခံခေါင်းဆောင်
ဖြစ်ရမှာလေ။ အဲဒီတုန်းကတော့ ဘာသိမလဲ၊ ပျော်လိုက်တာ။ ထင်သလောက် ငါးမရတော့ စောတင်ဝင်းက
စိတ်တိုပြီး တဗျစ်တောက်တောက်နဲ့ဖြစ်၊ ရသမျှ ငါးလေးတွေကို ချောင်းဘေးက ကိုင်းခြောက်တွေ
ကောက်ပြီး မီးဖုတ်စားကြ၊ ပြီး… ရေဆင်းချိုးကြ။
"စောတင်ဝင်း၊ မင့်ငါမပြောဘူးလား၊ 'ယူး'ချောင်းရေက 'ပါဟိုင်း' ချောင်းရေထက်
ပိုကြည်၊ ပိုအေးတယ်ဆိုတာ"
ကျွန်တော် ဘာဆိုလိုတယ်ဆိုတာ သိတော့ ချောင်းထဲမှာ မိကျောင်း ကြီး မျောသလို ပက်လက်လှန်မျှောရင်း ပျော်ပျော်ပါးပါး
တဟားဟား အော် ရယ်ပြီး 'ယူး'ချောင်းရေကို တဝကြီးချိုး ပြန်ခဲ့ကြပါတယ်။
No comments:
Post a Comment