မာမာဦးရဲ့ လ္ဘက်ရည်ဝိုင်းက
မုန့်တွေ မျိုးစုံလှချည်လား။ ရှားရှားပါးပါး မုန့်ပေါင်း ပူပူနွေးနွေးလည်း ပါရဲ့။
"သုံးဆောင်ပါ ဆရာရဲ့။
ကျမ လက်ငင်းဝယ်လာခဲ့တာပါ"
သြော်…သူ့မှာလည်း မုန့်နဲ့ပတ်သက်တဲ့
အမှတ်တရမျိုး အတိတ်မှာ ရှိခဲ့ဘူးတာကိုး။
လွန်ခဲ့တဲ့ နှစ်သုံးဆယ်၊
တမူးကျောင်းမှာ ကျောင်းဈေးတန်း မရှိပါဘူး။ ဈေးဗန်းလေးနဲ့ ရောင်းတဲ့ နှစ်ဦးလောက်ပဲ
ရှိတာပါ။ ကျောင်းသားကျောင်းသူ ဦးရေက နည်း၊ အိမ်မှာကတည်းက အဝစားလာပြီး ကျောင်းတက်ကြတဲ့
ဓလေ့မို့ ဈေးသည်အများကြီး မလိုပါဘူး။
ဆရာဦးကျော်ဆွေ့ အမေက
ကျောင်းဈေး ရောင်းပါတယ်။ ဆန်မုန့်၊ အချဉ်ပေါင်း၊ နေကြာစေ့၊ ချိုချဉ် စတာလေးတွေပါ။ အငယ်တန်းလေးတွေပဲ
စားကြတာ။ ကိုးတန်း၊ ဆယ်တန်းက မစားကြပါဘူး။
လျှော်တောင်းကလေးပေါ်
တင်ထားတဲ့ အဲဒီဈေးဗန်းကလေးပေမယ့် ကလေးအမြင်နဲ့ ပြန်တွေးကြည့်စမ်းပါ။ အင်မတန့် ဈေးတန်းကြီး
မဟုတ်လား။ ကျောင်းဈေးဆိုတာ ကလေးတွေနဲ့ ဆက်ဆံရတာဆိုတော့ ပျော်စရာလည်း ကောင်း၊ အကြွေးလည်း
မကျဘူးလေ။
"ဒေါ်ကြီး ဈေးရောင်းရရဲ့လား။
အကြွေးတွေ ဘာတွေ စားကြလား"
"ရောင်းရပါတယ်။
အကြွေး သိပ်မစားကြပါဘူး။ နဲနဲပါးပါးပါ"
"နဲနဲပါးပါးဆိုတော့
အကြွေးယူတဲ့သူ ရှိတာပေါ့။ ကလေးတွေကို အကြွေးမရောင်းနဲ့လေ။ ငယ်ငယ်က အကြွေးယူတတ်တာ မကောင်းဘူး။
ဘယ် သူတွေလဲ ပြော…"
"ဆပ်ပါတယ်"
"ဆပ်တာ မဆပ်တာထက်
အကြွေးယူသုံးတတ်တာ မကောင်းလို့ ဘယ်သူတွေလဲသာ ပြောပါ။ ကျွန်တော် ပြောလိုက်ပါ့မယ်"
ဒေါ်ကြီးက ဖောက်သယ်ပျက်မှာ
ကြောက်နေဟန်တူတယ်။ မပြော ချင်ဘူး။ ဒါပေမယ့် ကျွန်တော်က ဇွတ်မေးတော့ ပြောရတော့တာပေါ့။
"မာမာဦးတို့ပါ"
သြော…စကားနဲ့ အစား တစ်ခုခုတော့ ရှိမှ နေလို့ရတဲ့အုပ်စု၊
ဒေါ်ကြီးရဲ့ အကြီးစား ဖောက်သယ်ကြီးတွေပါ။ ကျောင်းဆင်းချိန် မြို့နယ်ပညာရေးမှူးရုံး
အောက်၊ ကျောင်းတက် ဈေးဗန်းသိမ်းတော့လည်း ဒေါ်ကြီးရဲ့ အခန်းကျဉ်းလေး ထဲ 'ဝင်ခလုတ်၊ထွက်ခလုတ်'
ဝယ်စားနေကြတာပါ။
သူတို့အုပ်စုက ကိုယ့်မုန့်
ကိုယ်စားကြေးမဟုတ်ဘူး။ ကိုယ့်မုန့်လည်း မျှပေးတယ်။ သူများမုန့်လည်း ယူစားတတ်တဲ့ အဖွဲ့။
အောင်မြင့်ရီနဲ့ သိန်းလွင် နှစ်ကောင်က မိန်းကလေးတွေဆီကပေမယ့် မုန့်တောင်းစားတတ်တဲ့
အကျင့် ရှိတယ်။ သိန်းလွင်က သူတောင်းလို့များ မပေးရင် အနိုင်ကျင့်ခံရတဲ့အတိုင်း ဆရာ့ကို
လှမ်းတိုင်တတ်သေး။
"ဟောဒီမှာဆရာ… မာမာဦး၊
သန်းနွယ်၊ ရီရီစိုးရယ် သူတို့မုန့်လေး နည်းနည်းပေးပါဆိုတာ မပေးဘူးဆရာ။ ကပ်စီးကို တိုတယ်။
အေးပါ… နင်တို့ မှတ်ထားပါ"
"ဟေ့ကောင်…မင်းမုန့်ကော
သူတို့ကို ဘယ်နှစ်ခါ ပေးဘူးလဲ"
"တစ်ခါမှ မပေးဖူးဘူး"လို့
ဝိုင်းအော်ကြတော့-
"အမယ်…ငါ့ ပိုက်ဆံ
မပါလို့ပါနော်။ အနို့မို့ နင်တို့ကို တစ်ဗန်းလုံး ဝယ်ကျွေးပစ်မှာ"
ဒါကြောင့် ဒီအုပ်စုကို
ဒေါ်ကြီးက မိတ်မပျက်ချင်ဘူးလေ။
"မာမာဦး လာအုံး"
"ဘာတုန်း ဆရာ"
"နင် ဒေါ်ကြီးဆီက
မုန့် အကြွေးစားတယ်ဆို"
ဒေါ်ကြီးက ကြားဖြတ်ပြီး
"မာမာဦး ဒေါ်ကြီးတိုင်တာ မဟုတ်ဘူးနော်။ မင်းတို့ဆရာ မေးလို့ ပြောလိုက်တာ။ ဆပ်တဲ့အကြောင်းလည်း
ဒေါ်ကြီး ပြောပါ တယ်"
"ကျမ ဆပ်သားပဲဆရာ"
"နင့်ကို အကြွေးမဆပ်လို့
ပြောနေတာမဟုတ်ဘူး။ နင် ပါသလောက် ဝယ်စား။ ပါတာ ကုန်ရင် နောက်ထပ် စားချင်လည်း အကြွေးမယူရဘူးလေ။
မစားဘဲ အောင့်ထား။ ငယ်ငယ်ထဲက အကြွေးယူသုံးတဲ့ အကျင့် မလုပ်ရဘူး။ ဒေါ်ကြီးကလည်း နောက်ကို
အကြွေး မရောင်းပါနဲ့"
စိတ်ကောက်ပြီး ဆောင့်ဆောင့်
ဆောင့်ဆောင့်နဲ့ ထွက်သွားပါရော။
နောက်တစ်နေ့ ညနေကျောင်းဆင်းပြီး
နာရီဝက်လောက် အကြာမှာ 'ဝုန်းဒုန်း…ဝုန်းဒုန်း'နဲ့ လှေကားကို အစုလိုက် အပြုံလိုက် ဆောင့်နင်းလာတဲ့
အသံ ကြားရတယ်။
အခန်းထဲကနေ "ကျောင်းပြိုမယ်ဟေ့"လို့
အော်ရင်း လှမ်းကြည့်လိုက် တော့ မာမာဦးတို့အုပ်စု လေးငါးယောက် ဆံပင် ရေစိုစုတ်ဖွား၊
ထမီ အင်္ကျီ ရေစို ကွက်ကျား၊ ရေလဲထမီ အလိန်လိုက်တွေ ကိုယ်စီကိုင်ပြီး ကြမ်းခင်းကို တမင်
ဆောင့်နင်းပြီး တက်လာကြတာ။
"ကျမ ထမီတွေ အကုန်ယူပြီး
ချောင်းထဲ ရေချိုးသွားကြတာ"
အကြောင်းစုံ သိနေတဲ့
ဒေါ်ကြီးက မရဲတရဲ ပြောပါတယ်။
နောက်တန်းပေါ်မှာ ရေလဲထမီတွေ
တဗြန်းဗြန်း ခါလှန်းပြီး ဒေါ်ကြီး အခန်းထဲဝင်၊ "ဒေါ်ကြီး… ဘာမုန့် ရှိသေးလဲ။ အရင်
မှတ်ထားတဲ့ အကြွေးပါ ပေါင်းယူလိုက်"ဆိုပြီး အသံကို တမင်မြှင့်ပြောတယ်။ ပြီးတော့
မုန့်ထုပ်တွေ ကိုယ်စီကိုင်ပြီး တဒုန်းဒုန်းနဲ့ ဆင်းသွားကြပါရော။
အခါတိုင်းလို"ဆရာစားပါအုံး"ဆိုပြီး
မုန့်အိတ် ထောင့်လေးကဖောက်၊ အများကြီး ပါသွားမှာစိုးလို့ မုန့်သားတွေကို လက်နှစ်ဖက်နဲ့
ဆုပ်ကိုင်ထားပြီး အမြည်းပေး၊ အမြည်းကျွေးတာမျိုးတောင် လုပ်မသွားကြတော့ဘူး။
တဖက်ခန်းက ကြည့်နေတဲ့
ကျောင်းအုပ်ကြီးနဲ့ မမတင်က-
"ကောင်မတွေ ဘာ ရမ်းသွားကြသလဲ"
"မုန့် အကြွေးဝယ်ခွင့်
ပိတ်လို့ ဆန္ဒပြသွားကြတာလေ"
ကျောင်းပေါက်ဝကို ရောက်နေတဲ့
'စွာတေး'တွေကို ကြည့်ပြီးတော့ ကျောင်းအုပ်ကြီးက ဒီလို မှတ်ချက်ပေးပါတယ်။
"ကျောင်းကို မီးရှို့မသွားရင်
တော်သေးတာပေါ့၊ ဟဲ…ဟဲ"
အဲဒီနောက်တော့ သူတို့
မုန့်ကို အကြွေး ဝယ်မစားကြတော့ပါဘူး။
No comments:
Post a Comment