Saturday, June 8, 2013

တမူး ပန်တျာကျောင်းတော်ကြီး




ဇာတ်ခုံ၊ ပွဲမိန့်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာနဲ့ မန်းနေးဂျင်းတွေတော့ ရှိပါပြီ။ ဘယ်သူတွေ ကမှာလဲ။ ဘယ်သူတွေ အကသင်ပေးမှာလဲ။
ကျောင်းကပွဲ လုပ်မှာတဲ့ဆိုတဲ့ သတင်းထွက်တာမှ မကြာသေးဘူး ရခိုင်ယိမ်းအဖွဲ့က အခြားဌာနက အကနည်းပြတွေနဲ့ ကျွန်တော့်အခန်းထဲမှာ ယိမ်းအက တိုက်နေကြပြီ။ ကဗျာလွတ်အဖွဲ့ကလည်း ပါးစပ်ဆိုင်းနဲ့ ခေါင်းခါး ခြေလက် အကွက်ချကုန်ကြပြီ။ တစ်ပင်တိုင်မင်းသမီးလည်း အကလေ့ကျင့် နေပြီတဲ့။
လှိုင်ထိပ်ခေါင်တင်နဲ့ မယ်တော်ကြီးလုပ်မယ့်သူကိုတော့ မော်ကြည်၊ မော်ရီ ညီအမနှစ်ယောက် ရွေးလိုက်။ ညီအမချင်းဆိုတော့ သူ့ကျတော့ မင်းသမီး၊ ငါ့ကျတော့ အဖွားကြီးဆိုတဲ့ ပြဿနာမျိုး မရှိတော့ဘူးပေါ့။
ဦးဌေးလွင်ရဲ့ ဇာတ်ညွှန်းမှာ လှိုင်ထိပ်ခေါင်တင်မင်းသမီး မရွှင်မပျ ဖြစ် နေတာကို နန်းတွင်းသူ အပျိုတော်တွေက အကတွေနဲ့ အပျော်တော် ဆက်ကြ ရမှာ မဟုတ်လား။
ဒေါ်ခင်စန်းလင်းက နှစ်ပါးသွားအကနဲ့ ဖျော်ဖြေဖို့ အကြံပြုပါတယ်။ သူကိုယ်တိုင် က'မှာတော့ မဟုတ်ပါ။ အကနည်းပြ ဒေါ်သြဘာလင်းအဖြစ်နဲ့ ကျောင်းသူနှစ်ယောက်ကို သင်ပေးမှာပါ။
"ဟေ့…တခြားအတန်းက ရွေးမနေနဲ့။ မင်းအတန်းထဲက ကောင်မ နှစ်ကောင် ရွေးလိုက်။ ခင်ညွန့်ကြွေ မင်းသား၊ မာမာဦး မင်းသမီး။ အငယ်တွေ ဆိုတော့ ပြောကောင်း ဆိုကောင်း ပြဿနာ မရှုပ်ဘူးပေါ့"
ရွေးချယ်ရေးအဖွဲ့က ပြောကောင်းဆိုကောင်း ဆိုမှတော့ ဘာမှမပြော လိုက်ပါဘူး။
"ကဲ…ကဲ၊ ဗွေးတုတ်ဒေါ်ကြည်ထွေး၊ ခင်များအဖွဲ့က လူများတယ်နော်၊ အဆင်ပြေပြီလား"ခပ်တည်တည်နဲ့ မန်းနေးဂျင်းစတိုင်(လ်)ဖမ်းပြီး မေးတော့-
"သေနာကြီး၊ နင့်အတန်းက သန်းနွယ်နဲ့ ခြောက်တန်းက မြဝင်းရီကို ခေါင်းဆောင်တင်ပြီး ကမယ့်ခုန်မယ့်သူတွေ စုပြီး၊ ရှာပြီးပါပြီတော်"ဆိုပြီး မျက် စောင်းခဲလျှက် ခွန်းတုံ့ပြန်ပါတယ်။
"ကဲ…မန်းနေးဂျင်း ဦးမောင်မောင်မြင့်ရေ့၊ ကမယ့်သူ ရှိပါမလား ဆိုပြီး စိတ်ပူလိုက်ရတာ၊ ခုတော့ တစ်ကျောင်းလုံး ဇာတ်ခုံပေါ်ရောက် တော့မှာမို့ ခင်ဗျားဇာတ်ခုံကို ကြိုးခိုင်ခိုင် တုပ်ပေတော့ဗျို့"
ကမယ့်ခုန်မယ့်သူတွေ၊ အဆိုနည်းပြ အကနည်းပြတွေ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာနဲ့ မန်းနေးဂျင်းတွေ တပြုံတခေါင်းနဲ့ ဒို့ကျောင်းတော်ကြီးက ဒီလိုဆိုတော့ တမူးပန်တျာကျောင်းတော်ကြီးပေါ့နော်…။

 

No comments:

Post a Comment