တမူးဆိုတာ နယ်စပ်အရောင်းအဝယ်မြို့ပါ။ ကျွန်တော်က အရောင်း
အဝယ်ကိစ္စ ဝါသနာ မပါပါဘူး။ အဝတ်အစား၊
အသုံးအဆောင်မှန်သမျှ အိမ်က ဝယ်ပေးတာပါ။ လိုချင်တာရယ်လို့လည်း သိပ်မရှိဘူး။ လိုအပ်တဲ့ပစ္စည်း
အသေး အမွှားကအစ ကိုယ်တိုင်မဝယ်ရဲဘူး။ တစ်ယောက်ယောက်ကို ဝယ်ခိုင်းတာပဲ။ ဈေးထဲလျှောက်သွားတုန်း
လာပါ၊ ယူပါ၊ ကြည့်လှည့်ပါ ဆိုတာကြီးကို ကြီးတဲ့ထိ ရွံ့တာပါ။ အပေါင်းအသင်းက ဈေးဝယ်နေရင်
ဆိုင်ထဲမှာ ဟိုဟိုသည်သည် လျှောက်ကြည့်နေမယ်၊ ဟိုဟာမေး၊ သည်ဟာမေး လုပ်နေမယ် မထင်လိုက်ပါနဲ့။
ဆိုင်ပြင်ကနေပြီး စိတ်မရှည်နိုင်ဘဲ ဈေးဝယ်သူကို စောင့်နေတတ်တာပါ။ ကျွန်တော် ဝယ်ရဲတာ ဆေးလိပ်ရယ်၊ လ္ဘက်ရည်ရယ်၊ ခေါက်ဆွဲရယ်
ဒါလောက်ပဲ ရှိတာ။ ဒါကြောင့် တမူးမှာ နေခဲ့တဲ့ ခုနှစ်နှစ်တာကာလမှာ မိုးရေးဈေးကို
ခုနှစ် ခေါက်ပြည့်အောင် မရောက်ခဲ့ပါဘူး။
တမူးကနေ ကျောင်းပိတ်လို့ မန္တလေးပြန်ရင် စရိတ်စက တစ်လစာ ပြောင်ပါတယ်။ အသွားကုန်၊ အပြန်ကုန်လေးနဲ့ စရိတ်ကာမိအောင်
လုပ်တတ်ပါ မှ အဆင်ပြေမှာပါ။
"ဆရာ…ရေ၊ အာဗြဲဌေးလွင်ရယ် မိုးရေးနေကာမျက်မှန်ကို မန္တလေးက ဝယ်ခဲ့တယ်ဆရာ"
ကျွန်တော်လည်း သူ့လိုပါပဲ။ ဘယ်ပစ္စည်းက ဘယ်ကထွက်တယ်၊
ဘာတံဆိပ်က ကောင်းတယ်၊ ဘယ်ဈေးရှိတယ်၊ ဘာဆိုဘာမှ မသိတာပါ။
"အာဂျီနိုမိုတို အချိုမှုံ့ထုပ်တွေ ဝယ်ခဲ့"
"ဘယ်သွားရောင်းမှာလဲ"
"အမေ့ဆိုင်မှာ ရောင်းခိုင်းမယ်"
တင်မောင်ဦး အကြံပေးလို့ ဟင်းချိုမှုံ့ အထုပ်သေး ငါးရာကို မန္တလေး တရုတ်တန်းဈေးကနေ
နှမလုပ်သူက ဝယ်ပေးလိုက်ပါတယ်။
တမူးရောက်တော့ တင်မောင်ဦး အမေ့ဆိုင်ရယ်၊ မသဲရီ အသိဆိုင်ရယ် ပို့ပြီး ရောင်းပေးကြပါတယ်။
"ဆရာ့ ဟင်းချိုမှုံ့ထုပ်တွေက ဆားပါတယ်တဲ့"
"ဒို့မောင်နှမ လုပ်တာတော့ ဟုတ်ဘူးကွ"လို့ပဲ ဖြေလိုက်ရပါတယ်။
တစ်ခေါက် မန္တလေးပြန်တော့ သ/မ ဂိုဒေါင်မှူးကြီး ဦးအောင်သိန်းဆီ အပြန်ကုန်အတွက်
ဘာများ ရနိုင်မှာလဲလို့ သွားမေးပါတယ်။
"ခင်ဗျားကလည်း ဂိုဒေါင်ရှင်းမှ ရောက်လာတယ်လို့။
'ကျားလျှာ'တွေပဲ ရှိတယ်။ မြတ်၊ မမြတ်တော့
ကျွန်တော်လည်း မသိဘူး"
ခရေပွင့်တံဆိပ် လွှသွေးတဲ့ တံစီးလေးတွေက နှစ်ဆလောက် မြတ် တယ်လို့ ကြားဖူးတယ်။
လေးလက်မလောက် ပစ္စည်းက နှစ်ဆမြတ်ရင်၊ ရှစ် လက်မလောက်ရှည်တဲ့ ကျားလျှာက လေးဆမြတ်မှာပဲလို့
သုံးချက်တွက်ပြီး…
"လုပ်ဗျာ"
တစ်ကရွတ်၊ ဆယ့်နှစ်ဒါဇင် သို့မဟုတ် တစ်ရာလေးဆယ့်လေးချောင်း မန္တလေးသယ်လာပြီး ရောင်းလိုက်တာ
ဘယ်ဆိုင်ကမှ ဂိုဒေါင်ဈေး မပေးလို့ တမူး ပြန်သယ်လာပြီး ဂိုဒေါင်ထဲ ပြန်ထည့်ထားလိုက်ပါတယ်။
"ဆရာရယ်…ဘောက်ချာဖြတ်ပြီးသား ငွေပြန်ထုတ်လို့ ဘယ်ရပါ့မလဲ"
"ကဲပါဗျာ၊ စိတ်မကောင်း မရှိပါနဲ့။ တစ်ယောက်ယောက်ကို ရောင်းရမှ ပေးပေါ့"
ကျောင်းဆရာများ ကိုယ့်ထက်'အ'မယ့် ကုန်သည်ကို မျှော်လင့်နေမိ သေးတာ။ စာရင်း မရှိတော့တဲ့
အထုပ်ကြီး ဂိုထောင်ထဲမှာ ရှိနေတာ လုပ်ထုံး လုပ်နည်းအရ ဦးအောင်သိန်းကြီး ဘယ်လိုအလုပ်ရှုပ်မယ်ဆိုတာ
တကယ်မသိ လို့ ထားခဲ့မိပါတယ်။ ကျွန်တော်က
တကယ့်'ကုန်သယ်'အစစ်ပါ။
တမူးမှာ တောက်တိုမယ်ရ ဝယ်စရာလေးတွေရှိလျှင် မော်ကြည်ကို အဝယ်ခိုင်းရတယ်။
"ငါ့…စွပ်ကျယ်လေး ဝယ်ပေးစမ်းပါ"
"လက်ဆောင်ပေးချင်လို့ ပေါင်ဒါဘူးလေး ဝယ်ပေးစမ်းပါအုံး"
အဲဒီလို မရောင်းတတ်၊ မဝယ်တတ်မှန်း သိပါလျှက်နဲ့ မန္တလေးကို ပြန် မယ့် တစ်ခေါက်မှာ
မမော်ကြည်က အမှာတော်ရှိလာပါတယ်။
"ဆရာ…၊ ကျမ မှာတာ မမေ့နဲ့နော်"
"နင်ကလည်း…၊ ငါ မဝယ်တတ်ပါဘူးဆို"
"အို…မရဘူး ဆရာ။ ဆရာ ခိုင်းတာကျ လုပ်ပေးရပြီး"
"ဝယ်မပေးချင်လို့ မဟုတ်ဘူး၊ ငါ မဝယ်တတ်လို့…ဟေ့။ ပြီးတော့ ဘယ်လိုဆိုင်မျိုး
သွားရှာရမှာလဲ။ နင့်နှယ် ကြံကြံဖန်ဖန် ဒီပစ္စည်းမျိုး ငါနဲ့မှ မှာရ သလား"
"တရုတ်တန်း၊ ဈေးချို၊ လျှောက်ရှာပေါ့ ဆရာရဲ့။ ဒီမှာ မရှိလို့ ဆရာနဲ့ မှာတာပါ။
ဒါဘဲနော် ဆရာ…၊ ပါမလာလို့ကတော့ အသိပဲ"
မှာတဲ့ပစ္စည်း တန်ဘိုးလည်း မကြီးပါဘူး၊ ထုပ်ပိုးသယ်ယူရမှာလည်း အပန်းမကြီးပါဘူး၊
မေးမြန်းပြီး ဝယ်ရမှာကို ဝန်လေးတာပါ။
တကျည်ကျည် ခြိမ်းခြောက်ပြီး မှာလိုက်တာမို့ နှမလုပ်သူက ရှာဝယ် ပေးလို့ ရလာတော့
ဝမ်းသာလိုက်တာ။
ဒီတစ်ခေါက် တမူးကိုရောက်တော့ မောင်တင်မောင်ဦးနဲ့မမော်ကြည်မှာ သားကြီး၊ သမီးကြီးတွေ တစ်ပြုံကြီး ရှိနေပြီ။
"ဒါ…အကြီးမ၊ ဆရာ။ ကလေးကောလိပ်မှာ ဆရာမ ဖြစ်နေပြီ"
သြော…သူတောင် ဒီအရွယ်ရောက်နေပြီပဲ။ ဆရာမလေးကို မြင်တော့ ကျားကုတ်ကျားခဲ မော်ကြည်မှာတဲ့
ပစ္စည်းလေးကို သတိရလိုက်မိပါတယ်။
ဒီသမီး အတွက် မှာခဲ့တာပဲ။
သားသမီးအတွက်ဆို ဆရာကိုတောင် ခိုင်းရက်ပလေ။
ဘာလေးများ မှာခဲ့ပါလိမ့်။
နို့ဘူးထိပ်မှာတတ်တဲ့ 'ချိုလိမ်'ပါတဲ့ဗျား…။
No comments:
Post a Comment