ဥယျာဉ်မှူး၊ ပန်းပျိုးသောလက်၊
ဓါးသွေးကျောက်လို့ ဆိုလိုက်ရင် ဆရာ၊ ဆရာမတွေအကြောင်းလို့
ထင်ကြပေလိမ့်မယ်။ အခုဟာက တကယ့် ဥယျာဉ်မှူးလေး တစ်ယောက်အကြောင်းပါ။
ချင်းတွင်းဆောင်ရဲ့ နောက်ကျောမှာ
အတန်အသင့် ကျယ်ဝန်းတဲ့ မြေကွက်လပ်လေး ရှိပါတယ်။ ကျောင်းဝင်းကြီး ကျယ်လွန်းလို့ ကလေးများ
ကျောင်းဆောင်နောက်မှာ ကစားလေ့ မရှိပါဘူး။ ကျောင်းဆောင်ရှေ့ပိုင်းက ကွင်းပြင်မှာပဲ သွားလာလှုပ်ရှား
ကစားကြတာပါ။
ကျောင်းစောင့်ကြီး ဦးအောင်ရှိန်ရဲ့
အိမ်ရှေ့၊ ချင်းတွင်းဆောင်ရဲ့ နောက်မှာ ကျောင်းသားငယ်လေး တစ်ယောက် ညနေညနေ တကုပ်ကုပ်နဲ့
အလုပ်ရှုပ်နေတာ သတိထားမိတယ်။ အတန်းငယ်ထဲကမို့ ဘယ်သူဘယ်ဝါ
မသိလို့ ဆရာဦးကျော်ဆွေကို မေးကြည့်တော့ သူ့အတန်းထဲကတဲ့။
ညနေပိုင်း ဘော့လုံးကစားပြီး
ကျောင်းနောက်က ချောင်းထဲကို ရေချိုးဆင်းတော့ သူ မပြန်သေးဘူး။ ပေါက်ပြား တစ်လက်နဲ့ တူးတုန်း၊
ဆွတုန်း၊ ဘောင်လေးတွေ လုပ်တုန်း။
"ဘာလုပ်မယ်လို့လဲ…ကွ"
"ဆရာတို့ စားရအောင်
မုန်ညင်းခင်းလေး စိုက်မယ်လို့"
"အေး…အေး၊ ကောင်းတယ်ကွာ၊
မုန်ညင်း ကြိုက်တယ်ဟေ့"
သူ ကျေနပ်သွားတယ်။ သူ့
အခင်းထဲမှာ မုန်ညင်းထုပ် ဖားဖားကြီး တွေပေါက်လာ၊ ဆရာက စားချင်တယ်ဆိုတော့ ခူးပေး၊ ဒယ်အိုးထဲ
တရှဲရှဲ ကြော်၊ အငွေ့တထောင်းထောင်းနဲ့ အားရပါးရ စားနေမယ့်ပုံ မြင်ယောင်ပြီး ကျေနပ်နေတဲ့
ပုံပါ။
နောက်နေ၊့ ပျိုးပင်ပေါက်လေးတွေ
စိုက်ပြီး ရေလောင်းသွားတယ်။
ဦးအောင်ရှိန့် အိမ်မှာ
ကြက်ကလေးတွေ ရှိပါတယ်။ သူ ပြန်သွား တော့ ကြက်သားအုပ်မနဲ့ ကြက်သားသားတွေ တပျော်တပါး
ဝင်မွှေသွားတာ ပွစာကျဲသွားတာပေါ့။
နောက်တစ်နေ့၊ ဥယျာဉ်မှူးလေး
အားမလျှော့ပါဘူး။ သူတို့ဆရာကို လတ်ဆတ်တဲ့ မုန်ညင်းတွေ
စားစေချင်တယ်လေ။ လျော့သွားတဲ့ ပျိုးပင်တွေ နေရာမှာ အစားထိုးပြီး ပြန်စိုက်နေပါတယ်။
ကျွန်တော် ညနေ ရေချိုးဆင်းရင်း
သူ့အခင်းလေးကို ဝင်ကြည့်ပေးပြီး သူနဲ့ စကားစမြည် ပြောဖြစ်ပါတယ်။
"ကြက်တွေ ယက်သွားလို့ဆရာ။
ဆရာတို့က ကျောင်းမှာ ရှိနေတာ၊ ကြက်တော့ မောင်းပေးအုန်းမှပေါ့။ ကျွန်တော်က စိုက်ပေးနေပြီပဲ"
"သြော်…သြော်၊ အေးပါကွာ။
ဆရာ ကြည့်မောင်းပါ့မယ်"
သူ ကျေနပ်အောင် ပြောလိုက်ရပေမယ့်
သူ့စိုက်ခင်းကို ဘယ်မှာ တစ်ချိန်လုံး ထိုင်ကြည့်နိုင်ပါ့မယ်လဲ။ သူရှိနေတဲ့ အချိန်ကတည်းက
ကြက်အုပ် က ဘေးနားကနေ တကွက်ကွက်၊ တကျွိကျွိနဲ့ စောင့်နေကြတာ။
သူလည်း ပြန်သွားရော ပျော်ပွဲကြီး
ဆင်လိုက်ကြဟန် တူပါတယ်။ ကျွန်တော် ရေချိုးပြီး
ပြန်တက်လာတော့ ယက်ဖြဲနေတာ မောင်းလို့ မမီတော့ဘူး။
နောက်တစ်နေ့ ညနေမှာတော့
ဥယျာဉ်မှူးလေးမှာ ဓါး၊ ပေါက်ပြား အပြင် ရှားစောင်းပြဿဒ် ဆူးပင်တွေနဲ့ အလုပ်ရှုပ်နေပါတယ်။
"ဟ…အဲဒီ အပင်တွေက
စားလို့ ရလားဟ"
"ဘာ စားလို့ ရမှာလဲ"
"ဒါဖြင့် ဘာလုပ်
မလို့လဲ"
"ဆရာတို့က ကြက်မောင်းပါ ဆိုတာ၊ မောင်းမှ မမောင်းတာ။ စည်းရိုး
ကာ မလို့"
အသံက စိတ်ဆိုးနေဟန်တူတယ်။
"ဆရာလည်း စောင့်တာပဲကွ။
ညပိုင်း ဆရာ အိပ်ပျော်သွားတုန်း ဝင်သွားတာ ထင်တယ်"
အိပ်တန်းဝင်တဲ့ ကြက်
ညဘက် ဘယ်မှာ အစာရှာပါ့မလဲ။ သူ စိတ် မဆိုးအောင် ကြံဖန် ပြောလိုက်ရတာပေါ့။
"ဒီ ကြက်တော့လားကွာ…
မုန်ညင်းထုပ် ကြီးလာမှ ရောပြွမ်းသပြွမ်း လုပ်ပစ်လိုက်မယ်၊ ဟင်း…"
ဘာမှ ပြန်မပြောဘဲ လဲနေတဲ့
အပင်လေးတွေ ပြန်စိုက်နေပါတယ်။ ပြီးတော့ ဆူးပင်တွေနဲ့ စည်းရိုးကာသွားပါတယ်။
နောက်ညနေကျတော့လည်း ကြက်ယက်တာ
ခံလိုက်ရတာပါပဲ။ သူ ကာထားတဲ့ စည်းရိုးက တစ်ထွာတစ်မိုက်ပဲ မြင့်တာ။ ကြက်တစ်ခုန် ကောင်း
ကောင်း လွတ်တာပေါ့။ သြော်…ဒါနဲ့ စိုက်ခင်းဧရိယာ ပြောရအုန်းမယ်။ ကုပ်ကုပ်ကပ်ကပ်၊ ကျဉ်းကျဉ်းကြပ်ကြပ်။
'ကလေး'စိုက်ခင်းပါ။ ခြောက်ပေ၊ လေးပေ ကွက်ကလေးထဲ ဥယျာဉ်မှူးက ခပ်ဝဝ၊ စိုက်ခင်းက ခပ်ကြပ်ကြပ်
ကိုယ့်အခင်းကိုယ် ပြန်မနင်းမိအောင်လည်း ရှောင်ရသေးတယ်။
ဟိုလှည့် ဒီလှည့် နေရာပြင်လိုက်တော့
တစ်ထွာသာသာ အမြင့်က ခြံစည်းရိုးပင် ဆူးတွေက သူ့တင်ပါးကို တွယ်ထည့်လိုက်တာ"အ…"ဆိုတဲ့
အသံနဲ့ ဖင်လုံးလေး မြောက်တက်သွားတာ မြင်လိုက်ရတော့ ကျွန်တော်လည်း မအောင့်နိုင်ပဲ တဟားဟား
ရယ်မိပါတော့တယ်။
ဆရာ မို့သာပေါ့။ သူငယ်ချင်းဆိုရင်
အထိုးခံရမှာ သေချာတယ်။
ဒီဥယျာဉ်မှူး ဘယ်သူပါလဲ။
ဥယျာဉ်မှူးကိုယ်တိုင်ရော
မှတ်မိပါရဲ့လား။
"ဝက်ကြီး"ခေါ်
"မြင့်နိုင်"ပါတဲ့ဗျား…။
[ကြက်သားနဲ့ မရောလိုက်ရတဲ့ မုန်ညင်းခင်းလေးကို အမှတ်ရလျှက်]
No comments:
Post a Comment