လူ့ယဉ်ကျေးမှုတွေ
တိုးတက်လာပြီး သားစိမ်းငါးစိမ်းတွေ စားရာက ချက်ပြုတ်စားလာခဲ့ကြတဲ့ စားဖိုချောင်ယဉ်ကျေးမှုသမိုင်းကြောင်းကို
မင်းတို့ သိပြီးသား မဟုတ်လား။ ချက်ဖို့ပြုတ်ဖို့ မြေအိုးမြေခွက်၊ ကြေးအိုးကြေးခွက်၊
ဒန်အိုးဒန်ခွက်တွေ အမျိုးမျိုး တီထွင်ပြီး အစားအစာမျိုးစုံကို ချက်ပြုတ်ကြော် လှော်၊
လုပ်ကိုင်စားသောက်၊ အရသာခံကြတာဟာ လူသားတွေရဲ့ ထူးခြားတဲ့ ဝိသေသပေါ့။
"စားကောင်းမယ့်
ပုံပဲ"
ကိုရီးယား
ဇာတ်လမ်းတွဲတွေမှာ အမြဲ ဖတ်နေရတဲ့ စာသားလေးပါ။ လူတွေဟာ လျှာပေါ်ဖြတ်သွားတဲ့ တဒင်္ဂအရသာလေးကို
ဘယ်လောက်ခုံမင် တယ်ဆိုတာ မထင်ရှားပေဘူးလား။ ဒါကြောင့်လည်း 'ချို၊ ချဉ်၊ ငံ၊ ဖန်၊ စပ်၊
ခါး' ဆိုတဲ့ ရသခြောက်ပါးကို ကောင်းသည်ထက် ကောင်းအောင် အမျိုးမျိုး စီမံ ချက် ပြုတ်ကြတာပေါ့။
တချို့က
အချက်အပြုတ်မှာ ပါရမီထူးကြတယ်။ သူတို့ချက်တဲ့ ထမင်း ဟင်းလျာတွေဟာ အရသာထူးရုံတင်မက အနံ့လေးတသင်းသင်း၊ အရောင်လေး တဝင်းဝင်းမို့ မြင်ရတာနဲ့တင်
သွားရည်ယိုချင်စရာပါ။
တမူးမှာတုန်းက
ကျွန်တော်တို့အဖွဲ့ရဲ့ စားဖိုမှူးချုပ်က ဦးဇော်လင်းနဲ့ ကျွန်တော်ပါ။ ကျွန်တော်တို့ ရသမျှ လစာလေးတွေနဲ့ လောက်လည်း လောက် အောင်၊ အရသာလည်း ရှိ၊ စားလို့လည်း
ကောင်းအောင် စီမံချက်ပြုတ်ရတာ မလွယ်လှပါဘူး။
ကျွန်တော့် အာလူးနှပ်ကို
တင်မောင်ဦးက တော်တော်ကြိုက်သတဲ့။
ဦးဇော်လင်းကြီးရဲ့
လက်ရာလည်း ကောင်းတာပဲ။ စိတ်ရှည်လက်ရှည် သပ်သပ်ရပ်ရပ်၊
အရသာရှိရှိ ချက်တတ်ပါတယ်။ ဦးဇော်လင်း မီးဖိုချောင်နိုင် လွန်းလို့ ဒေါ်ညွန့်မေကြီးက
အပါခေါ်သွားတော့ ကျွန်တော်တို့မှာ ကသီလင်တ ဖြစ်ရပါသေးတယ်။
ဒီတစ်ခေါက်
တမူးကို အလည်ရောက်တော့ ကိုဇော်လင်း၊ မညွန့်မေ တို့ အိမ်မှာ ထမင်းစားခဲ့ပါသေးတယ်။ သူတို့အိမ်
ရောက်တော့ ဒေါ်ညွန့်မေကြီး က မီးဖိုထဲမှာ ဟင်းတွေကို တရှီးရှီးတရှဲရှဲ နွေးနေတုန်း။
"ဆရာရေ…
ခဏစောင့်၊ ခဏစောင့်"
တစ်အောင့်နေတော့
အငွေ့ထောင်းထောင်းထနေတဲ့ ထမင်းဝိုင်းမှာ ဒီဟင်းနှိုက် ဟိုဟင်းလှမ်း အငမ်းမရ အားရပါးရ
စားလိုက်ကြတာ၊ ထမင်းဝိုင်းမှာ စကားတောင် မဟနိုင်ပါဘူး။
စားသောက်ပြီးခါမှပဲ
"ကိုဇော်လင်းရေ… ခင်ဗျားလက်ရာကတော့ မပြောင်းမလဲ ကောင်းဆဲပါပဲဗျား"လို့ ချီးမွမ်းမိပါတော့တယ်။
ဟင်းချက်လက်ရာချင်းတူလျှင်
အိုးကြီးချက်က ပိုပြီးကောင်းပြန်ရော။ အိုးသေးလေးချက်က မနူးနိုင်၊မနပ်နိုင်လို့ ရေတစွက်စွက်
လုပ်နေရတာနဲ့ကို အရသာ ကမောက်ကမ ဖြစ်သွားတတ်တာ။ အိုးကြီးချက်ကတော့ သားငါးက သူ့အရည်နဲ့သူ
နပ်ပြီး စိမ့်ဝင်သွားတာဆိုတော့ အရသာ ပိုထူးတာပေါ့။
အချိန်ရသလောက်
လှည့်ပတ်စားခဲ့တဲ့ ထမင်းဝိုင်းအားလုံး မြိုင်လည်း မြိုင်ပါ့၊ ထည်လည်း ထည်ဝါပါ့၊ ခမ်းလည်းခမ်းနားပါ့၊
အရသာတွေကလည်း စုံပါ့၊ မြင်ရုံနဲ့တင် ဝမ်းသာကြည်နူးလို့ ဝနေပါပြီ။
တင်မောင်ထွန်း၊
ထွေးကြည်တို့အတွဲက နက်ဖြန် သူတို့ တာဝန်ယူ မယ်တဲ့။
"ဆရာ…ငါးစားတယ်
ဟုတ်။ မနက်ဈေးသွားရင် ဆရာ မစားတာ ဝယ်မိမှာ စိုးလို့"
"အကုန်စားပါတယ်ဟာ၊
ထူးထူးထွေထွေ လျှောက်လုပ်မနေနဲ့"
ထွေးကြည်က
'ဒွေးမယ်နော်'အုပ်စုမှာ အငယ်ဆုံးပေါ့။ အငယ်ဆုံး အထွေးဆုံးပေမယ့် ခုတော့ အားလုံး လုပ်တတ်နေရပြီလေ။ သူ့လက်ရာလည်း မခေပါဘူး။
ငါးဟင်းက ထူးထူးကဲကဲ အရသာရှိလှပါတယ်။
နောက်တစ်နေ့
တုတ်ကြည်တို့ အလှူမှာစားကြတယ်။ အိုးကြီးချက် ပေါ့။ ဘိုးသောင်းဖေရဲ့ လက်ရာပါ။ မိသန်းနွယ်က
သူငယ်ချင်းရဲ့ အလှူပွဲမှာ ဧည့်ခံကောင်း တစ်ဦးအနေနဲ့ တာဝန်ကျေပေးနေပါတယ်။
"ဆရာ…စား၊
ထပ်ထည့်ပါအုံး"
ပြီးတော့
ကျွန်တော့်နားကို တိုးတိုးလေးကပ်ပြောပြီး-
"
ဆရာ…သိတယ်နော်၊ မမေ့နဲ့နော်"နဲ့ ကပ်မှာနေပါသေးတယ်။
မောင်တုတ်ကြည်တို့
အလှူနဲ့ တစ်နေ့တည်းမှာပဲ အောက်ကျင်းက 'မီးကွင်းကျောင်း'မှာ နောက်တစ်ပွဲ ရှိပါသေးတယ်။
ထွေးကြည်ရဲ့ အမကြီး အလှူပါ။ ခုနလေးတင် စားခဲ့တာဖြစ်ပေမယ့် နည်းနည်းထည့်ပြီး ထပ်စားခဲ့ပါ
သေးတယ်။ ငါးဟင်းနဲ့ပါ။ အိုးကြီးချက်ပေါ့။
"ဟဲ့…ထွေးကြည်၊
လာပါအုံးဟ"
"ရှင်…ဆရာ၊
ဘာလိုသေးလဲ"
"ဘာမှ
မလိုပါဘူး။ မနေ့က နင့်လက်ရာကို ချီးမွမ်းဖို့ မေ့သွားလို့။ နင့် လက်ရာ ငါးဟင်းအရသာက ဒီနေ့ နင့်အမအလှူ အိုးကြီးချက် ငါးဟင်း
အရသာနဲ့ တစ်ထပ်တည်း တူတယ်ဟေ့"
"အာ…ဆရာကလည်း၊
ဟဲ…ဟဲ"
အိုးကလေးနဲ့
အိုးကြီးချက်အရသာမျိုးကို မီအောင်ချက်တတ်တာ တော်ရုံပါရမီနဲ့ ရပါ့မလား။
ထွေးကြည်ရဲ့
အိုးကြီးချက်နည်းကို အရယူချင်သူများ-
ထွေးကြည်ကို
တိုက်ရိုက်မေးမရလျှင်-
သန်းနွယ်ထံ
မေးမြန်းနိုင်ပါကြောင်း……။
No comments:
Post a Comment