Sunday, June 9, 2013

မြို့နယ်ပြိုင်ပွဲ အပြိုင်နွှဲစဉ်က


မြို့နယ် ကျောင်းသားအားကစား သွားပြိုင်ကြရင် ဘောလုံးအဖွဲ့ အပြင်၊ ကျားမ ဘောလီဘော၊ ပြေးခုန်ပစ်အဖွဲ့ ပါတာမို့ အုပ်စုတောင့်တယ်။ လူငါးဆယ်ကျော် အဖွဲ့ပါ။ ကားကြီး (၂)စီးစာပေါ့။ အိုးတွေခွက်တွေရော၊ ကား သမားတွေရဲ့ကုန်ရော၊ လူရည်လည်တဲ့ ကျောင်းသားတွေ မုန့်ဖိုးရဖို့ အကြံ အဖန် လုပ်လာတဲ့ ကုန်ရောဆိုတော့ ကားကြီး(၂)စီးပေမယ့် ပြည့်သိပ်၊ကြပ်တစ် နေတာပါ။ ''ဟိုဘက်ကို တိုးအုံး၊ ဒီဘက်လာခဲ့''နဲ့ အော်ဟစ် တိုးဝှေ့ တွန်းထိုး နေရာယူလိုက်တော့လည်း ဆန့်သွားတာပဲ။ သူငယ်ချင်းချင်း ဒီလောက်ပူးပူး ကပ်ကပ် နေခွင့်ရပြီး အချင်းချင်း အပြန်အလှန် စာနာဖေးမခွင့် ရကြတာဟာ ပျော်စရာကြီး မဟုတ်လား။
ဒီပွဲကိုလိုက်ရဖို့ ဘော့သမားတွေ အကြိတ်အနယ် ယှဉ်ခဲ့ကြရသလို ပြေးခုန်ပစ်သမားတွေလည်း အပြိုင်အဆိုင်ကျဲပြီးမှ နွှဲခွင့်ရတာပါ။
မောင်တာ၊ လေးဝင်း၊ စိန်ဝင်းမောင်၊ မြင့်အောင်၊ ညိုမြလှိုင်း၊ ခင်မူ၊ ခင့်သိန်းရီ၊ ရွှေကြည်၊ မြင့်တင်၊ မြနှစ်၊ စန္ဒာသွင်တို့က ပြေးခုန်ပစ် လက်ရွေးစင် တွေ ဖြစ်ခဲ့ကြဘူးတယ်။ ပြေးခုန်ပစ်နည်းပြက စက်မှုလယ်ယာက ဦးမြတ်ထူး ကြီးပါ။ လူကောင်ထွားထွား ဗလတောင့်တောင့်ကြီး။ သူ့သမီးလည်း ပါတယ် ဆိုတော့ စိတ်အားက ဆရာတွေထက်ကို ပိုပြီးထက်သန်တာ။
သူက နည်းစနစ်မှန်အောင် လေ့ကျင့်ပေးချင်တယ်။ နည်းစနစ်သာ မှန်လို့ကတော့ ဆုရဘို့က သေချာသလောက်ဘဲ။ တမူးကလေးတွေက တခြား မြို့နယ် ကလေးတွေထက် ကိုယ်လုံးကိုယ်ထည် အင်အားသာပါတယ်။ ဒါပေမယ့် ကလေးတွေက လေ့ကျင့်ဘို့ အလွန်ပျင်းခဲ့ကြတာပဲ။
ရွှေကြည်ဆို သံပြားပစ်မှာ တိုင်းလက်ရွေးစင်အဖြစ် ရန်ကုန်ထိ ပါသွား တာ ဦးမြတ်ထူးကြီးရဲ့ ကျေးဇူးတွေပေါ့။ ပြေးခုန်ပစ်မှာလည်း ကျွန်တော်တို့ မြို့နယ်က ရွှေတွဲလဲ၊ ငွေတွဲလဲ ရခဲ့ဖူးကြပါတယ်။
မာရသွန်ပြိုင်ပွဲမှာတော့ မောင်တာ ခဲကျိတ်မိပြီး ထွက်လာခဲ့ရတယ်။
'လေဝင်း'က ကြွက်တက်လို့ (၇)ပတ်၊ (၈)ပတ်နဲ့ ထွက်ခဲ့ရတယ်။ ဒါပေမယ့် သူက 'လေ'နဲ့ အနိုင်ယူခဲ့ပါသေးတယ်။
"ကြွက်တက်သွားလို့ ဆရာ… ၊ နို့မို့ ဒီကောင်တွေလောက်တော့ ကွင်း (၂)ပတ်စာ အေးအေးဖြတ်ထားနိုင်တယ်"
'လေဝင်း'လား၊ 'လေးဝင်း'လား။
ဦးစောထွန်းကြီးကတော့ သူ့သမီးရဲ့ပြိုင်ပွဲကို ကလေး၊ ကလေးဝ အထိ လိုက်ပြီး အားပေးတတ်တာပါ။
ကလေးဝမှာ ဘောလုံးပြိုင်တဲ့ အကြောင်းကလည်း အမှတ်တရ ရှိလှ ပါတယ်။ ကွင်းထဲမှာ အကြိတ်အနယ်ပြိုင်ကြသလို ကွင်းပြင်မှာလည်း ဆရာ ဦးမာစိန်နဲ့ ကလေးဝမြို့နယ် ပညာရေးမှူးကြီးတို့ အော်ကြီးဟစ်ကျယ် ငြင်းကြ၊ ခုန်ကြတာ။ သူတို့က မြို့ခံပေမယ့် ကျွန်တော်တို့ တမူးအဖွဲ့ကလည်း ရှိသမျှ အားအပြင် ကလေးဝကို ကုန်သွယ်ရင်း ရောက်နေကြတဲ့ တမူးသားတွေပါ အလုံးအရင်း အားပေးကြတာဆိုတော့ ကွင်းပြင်ပအားက မျှပါတယ်။
ပထမပိုင်းနားနေတုန်း အကောက်ခွန်ဝ/ထကြီးက ဘောလုံးအသင်း အတွက် အပြာရောင်ဝတ်စုံအပြင် လစ်ပိုဒီလို့ခေါ်တဲ့ အားဖြည့် အချိုရည်ပုလင်း တွေရော ပံ့ပိုးပေးရုံနဲ့ အားမရလို့ လူကိုယ်တိုင် ရောက်လာတာပါ။
ကလေးတွေက တော်တော်ကြီး အကြိတ်အနယ် ယှဉ်ထားရတော့ နားနေချိန်မှာကို လျှာထွက်နေကြတုံးပါ။ ဒါကိုမြင်တော့ -
"ဟေ့… ဆရာတွေ၊ ကျုပ်ပေးလိုက်တဲ့ ပုလင်းတွေ ကလေးတွေကို မတိုက်ဘူးလား"
"မတည့်မှာစိုးလို့၊ ပွဲပြီးမှ တိုက်မှာ ဝ/ထကြီး"
"ဟာ.. ဒီဆရာတွေလား… 'အ'မှ'အ'ပဲ။ အဲဒါ အားဖြည့်အချိုရည်ဗျ၊ ဘယ့်နှယ် မတည့်ရမှာလဲ"
"အိုး…ဟို့…ဟိုး၊ ကျုပ်တို့က သောက်မှသောက်ဘူးဘဲ။ ဟေ့ကောင် မောင်မြင့် ကလေးတွေကို လစ်ပို တစ်ပုလင်းစီ ဝေလိုက်စမ်း။ ဟဲ..ဟဲ..ဟဲ"
မရှက်တတ်တဲ့ မျက်နှာကြီးကို ရှက်ယောင်ပြပြီးတော့ ဦးမာစိန် အော် လိုက်ပါတော့တယ်။
ဒုတိယပိုင်းမှာတော့ အချိုရည်နဲ့ အားဖြည့်ပြီး တွယ်ထည့်လိုက်ကြတာ ကလေးဝအသင်း ပန်လန်လက်၊ ပက်လက်လန်ပြီး ကျန်ခဲ့ပါတော့တယ်။
တမူးမြို့နယ် ကျောင်းသားအဖွဲ့ဆိုတာ လူကြီးများ ပံ့ပိုးမှု အကောင်း ဆုံး၊ ငွေအသုံးနိုင်ဆုံး၊ အစားအကောင်းဆုံး၊ ဝတ်စုံအလှဆုံး၊ လူအင်အား အတောင့်ဆုံး၊ မိဘဆရာအင်အား အတောင့်ဆုံးအသင်း မဟုတ်ပါလား။
အခုလည်း ဒီလိုပဲ နေမှာပေါ့နော်…။

No comments:

Post a Comment