Sunday, June 9, 2013

ရှူးရှဲမုံလာချဉ်သုပ်နဲ့ ရှူးရှဲကြိမ်လုံး


သန်းနွယ်တို့ ရီရီမြင့်တို့ ဒုတိယနှစ် ဆယ်တန်းရောက်တော့ တမူးမှာ ကျူရှင် စပေါ်လာပြီ။ ကျူရှင်လည်း သွားကြ၊ ကျောင်းတက်လည်းမပျက်ကြဘူး ဆိုရင် သိပ်ကောင်းတာပေါ့။
ဒါပေမယ့် ကျောင်းနဲ့ ကျူရှင်ဆိုတာ သဟဇာတ ဖြစ်ခဲလှပါတယ်။ ကျောင်းနဲ့ကျူရှင်ကြား ပေါ်တဲ့ပြဿနာကို ကျူရှင်ဆရာက ဖန်တီးတယ်လို့ပဲ ကျွန်တော် မြင်တယ်။ ခုလည်း ဒီအတိုင်း မြင်ဆဲ၊ ခံယူဆဲပါ။
ကျောင်းတွင်းက ဆရာတွေမှာ အထက်က ချမှတ်ထားတဲ့ မူဘောင် ထဲက လုပ်နေကြရတာပါ။ ကျောင်းခေါ်ကြိမ် ပြည့်ဖို့ ကြပ်မတ်တိုက်တွန်း ဆော်သြ ဆောင်ရွက်ရတယ်။ ဒါကို အပြင်ကျူရှင်ဆရာတွေက အရေးမကြီး ပါဘူးလို့ မြှောက်ပေးကြတယ်။
ခုခေတ် ပိုဆိုးလာတယ်။ ကျောင်းချိန်တွေနဲ့ တမင်တိုက်ပြီး စာမေးပွဲ တွေ လုပ်ကြတယ်။ ကလေးတွေ စိတ်သောကများအောင် လုပ်ကြတာပဲ။ အဆိုးရွားဆုံးကတော့ ကျောင်းက ဆရာ၊ဆရာမတွေအပေါ် အရိုသေတန် အောင်၊ မထီမဲ့မြင်ပြုအောင် သွေးထိုးတတ်တဲ့ ကျူရှင်ဆရာ၊ဆရာမတွေပေါ့။ မွန်မြတ်တဲ့ အသက်မွေးမှု ဖြစ်ပါလျှက်နဲ့ သိက္ခာမဲ့ ဖြစ်ရပလေ။
ကျွန်တော့်တပည့်တွေ ပညာရေးလုပ်ငန်းကို တချို့ အတွင်းစည်း၊ တချို့ အပြင်စည်းကနေ ဆောင်ရွက်နေကြပြီ။ သူတို့ချင်းလည်း သူငယ်ချင်း တွေမို့ တစ်ဘက်နဲ့ တစ်ဘက် အပေးအယူ မျှစေချင်တယ်။ အပြန်အလှန် လေးစားတတ်စေချင်တယ်။
ကျူရှင်ကြောင့် ကျွန်တော် စိတ်ဆိုးခဲ့ရပုံနဲ့ စိတ်ဆိုးတဲ့ကြားက ပျော်ခဲ့ ရပုံ အမှတ်တရ ပုံရိပ်လေး တစ်ခုအကြောင်း ပြန်ပြောပြရအုံးမယ်။
ပြောခဲ့သလို တမူးမှာ ကျူရှင် တစ်ခုစ၊ နှစ်ခုစ ပေါ်လာတဲ့နှစ်မှာ ရှေး ယခင်နှစ်များနဲ့ မတူဘဲ ကျောင်းပျက်သူ များလာပါတယ်။
ဒီဇင်ဘာလ နောက်ပိုင်းမှာ သိသိသာသာ ကျောင်းပျက်လာကြပြီ။
"ဟေ့…လူနည်းလှချီလားကွ"
"ကျူရှင် မဆင်းသေးလို့တဲ့ ဆရာ"
"လမ်းမှာတွေ့ခဲ့တယ်"
"ကျောင်း မတက်ဘူးတဲ့ ဆရာ"
ကြည့်လိုက်တော့ မောင်မောင်လတ်၊ စိန်သောင်း၊ လှမြင့်တို့လည်း ကျောင်းမတက်ကြ။
"တွေ့ကြသေးတာပေါ့ကွာ"
ထောင်းကနဲ ဒေါသဖြစ်ပြီး ကြိမ်လုံးကို စက်ဘီးမှာညှပ်၊ မြို့ပတ်ပြီး ရိုက်ပစ်မယ်ဆိုပြီး ထွက်လာခဲ့ပါတယ်။
ကျောင်းပေါက်က စပြီး တလှုပ်လှုပ်လာနေတဲ့သူ မှန်သမျှ ဆော်ထည့် လိုက်တော့ ခပ်လှမ်းလှမ်းက မြင်တဲ့ကောင်တွေ 'နန်းပုံပုံ'ချောက်ထဲ ဆင်းပြီး အောက်ကျင်းဘက်ကို ပြေးကြတာပေါ့။ ကျွန်တော်လည်း မတ်စောက်တဲ့ ချောက်ကြီး စက်ဘီးစီးမရလို့ ဆင်းတွန်းနေရတော့ အပြေးသန်တဲ့ကောင်တွေ လွတ်သွားပါတယ်။
အမယ်…အမယ်…၊ ချောင်းနံဘေးက မြက်ခင်းပြင်မှာ မယ်မင်းကြီးမ တစ်သိုက် တဟီးဟီးတဟားဟားနဲ့ ဝိုင်းထိုင်နေကြပါလား။ ဗျိုင်းကလေးများ ငါးမြိုသလို ခေါင်းကလေးတွေမော့၊ ပါးစပ်ကလေးတွေဟ၊ လက်ကလေးတွေ မြှောက်ပြီး ဘာတွေများ စားနေကြပါလိမ့်။
ကျောင်းသားတွေ ဖြတ်ပြေးသွားတာကို မြင်လိုက်တဲ့ ကျောင်းသူ တွေက ဘာများဖြစ်လို့လဲလို့ လှမ်းကြည့်လိုက်တော့ ကြိမ်လုံးကြီး ကိုင်လာတဲ့ ကျွန်တော့်လည်းမြင်ရော ဒရောသောပါး ထွက်ပြေးကြတာပေါ့။
တစ်ယောက်ပဲ မိလိုက်ပါတယ်။ မိလိုက်တဲ့ တစ်ယောက်ကလည်း နောက်ကျောပေး အနေအထားနဲ့မို့ ကျွန်တော့်ကို အမြင် နောက်ကျတာရယ်၊ သိမ်းစရာတွေ ကုန်းကောက်ပြီး သိမ်းနေရတာရယ်ကြောင့် မိတာပါ။
"ကောင်မတွေ ဘာလုပ်တာလဲ။ ကျောင်းတက်တာ မသိဘူးလား"
"မုန်လာချဉ်သုပ် ပျော်ပွဲစားနေကြတာ။ ဆရာစားပါအုံး၊ ဟီး…ဟီး"
ရီရီမြင့်ပါ။ မုန်လာချဉ်သုပ် ဒန်အိုးပိုင်ရှင်မို့ မိလိုက်တာပါ။ ကျူရှင် အားကိုးနဲ့ ကျောင်းကို ကန်နေတဲ့ကောင်တွေ လိုက်ဖမ်းတာ၊ ယုန်ထောင် ကြောင်မိ ဆိုတာလို 'ကျောင်းပျော်မ'ကို ဝင်မိနေတာ။
"လာစမ်း…၊ ကောင်မ"
"ဆရာ…၊ ကျောင်းပြေးတာ မဟုတ်ပါဘူး။ မုန်လာချဉ်သုပ် ကုန်ရင် ကျောင်းပေါ် တက်တော့မလို့ပါ။ စားပါအုံး ဆရာရဲ့၊ ငရုတ်သီး စပ်စပ်လေးနဲ့"
လက်ထဲက ကြိမ်လုံးနဲ့ ရိုက်မယ် ရွယ်တော့-
"ဟာ…ဆရာ…ဆရာ၊ လူတွေကြား မရိုက်ပါနဲ့၊ကျောင်းရောက်မှ ရိုက်ပါ"
"ဟေ့ မရဘူး၊ လမ်း တွေ့သမျှ အကုန်ရိုက်ခဲ့ပြီ။ နင်တို့ကို ပိုလို့တောင် ရိုက်ရအုံးမယ်"
"ရွှမ်း"
"အား…ကျောင်း ကျမှ"
"ရွှီး"
"အား…ရှူး"
ခြေသလုံးကို လှိမ့်တဲ့၊ လှိမ့်တဲ့ပြီး တွယ်လိုက်တာ-
'ရွှမ်း'ကနဲမြည်လိုက်၊
'ရှူး'ကနဲအော်လိုက်၊
'စွေ့'ကနဲ ခုန်လိုက်နဲ့ သူ့မုန်လာချဉ်သုပ် ဒန်အိုးလေး မမှောက်အောင် မပြီး ပြေးပါတော့တယ်။
ရီရီမြင့်ရေ…မုန်လာချဉ် စပ်စပ်၊ ကြိမ် စပ်စပ် အရသာလေး မှတ်မိပါစ။

2 comments: