Sunday, June 9, 2013

ထိပ်ဆုံးက'ဒီ'ခန်း




စာသင်နှစ်စမှာ ကလေးတွေကို တန်းခွဲသတ်မှတ် ပေးရတာဟာ လွယ်တဲ့ တာဝန် မဟုတ်ပါဘူး။ သူငယ်ချင်း အချင်းချင်း အတူနေချင်လို့ပါ၊ သူနဲ့ တစ်ခန်းထဲ အတူ မနေချင်လို့ပါ၊ ရှုပ်ယှက်ခပ်နေတာပဲ။ မြို့ကြီးများမှာဆို ခုခေတ် ပိုလို့တောင် ဆိုးသေး။ အဲဒီဆရာ၊ ဆရာမ အခန်းမှာ မနေချင်လို့ပါ၊ မထားချင်လို့ပါဆိုတဲ့ ဆရာတပည့်အကြား မရှိစကောင်းတဲ့ ပြဿနာမျိုးတွေပါ ရှိလာနေပြီ။
ပုံမှန်အားဖြင့်တော့ ဆင်းရဲချမ်းသာ၊ မျက်နှာကြီးငယ်မရွေး အရင်လာ၊ အရင်ဦး စံနစ်၊ ဒါမှမဟုတ် ဉာဏ်ရည်အလိုက် တန်းခွဲပေးတဲ့စံနစ်ကို ကျင့်သုံး ကြတာ များတယ်။ ကျောင်းသားဟောင်း တန်းတက်ဆိုရင်တော့'အေတူအေ' စံနစ် သုံးတာ ဇယားမရှုပ်ဘူးပေါ့။
တစ်နိုင်ငံနိုင်ငံလုံးမှာတော့ 'အေ'ဆိုတာ ဗျည်းအက္ခရာမှာ ရှေ့ဆုံးက ဖြစ်သလို ဉာဏ်ရည်မှာ ရှေ့ကပြေးတဲ့ ကလေးတွေကို တန်းခွဲ'အေ'မှာ ထား ပေးကြတာ မဟုတ်လား။ 'အေ'ခန်းကို ရောက်လာတဲ့ ကလေးတွေက သူတို့ ဘာသာ သတ်မှတ်ထားတဲ့ အတန်းရဲ့ဂုဏ်သိက္ခာနဲ့ ညီအောင် စောင့်ထိန်းကြ ရတာမို့ ပို…တော်၊ ပို…လိမ္မာပြီး အကောင်းဘက်ကို ရှေ့ရှုလာတတ်ပေမယ့် အချို့ မလိုလားအပ်တဲ့ မာနလေးတွေလည်း ပေါ်လာတတ်ကြပါတယ်။
နောက်ဆုံးတန်းခွဲ ကလေးတွေကတော့ ခပ်ညံ့ညံ့၊ ခပ်ဆိုးဆိုးလေး တွေ ဖြစ်လာတတ်ပါတယ်။ သူတို့လေးတွေမှာ ဆိုးသွမ်းပြီး ထင်ပေါ်အောင် ပြတဲ့နည်းပဲရှိတော့ ဆရာ၊ ဆရာမတွေက နားလည် စိတ်ရှည်မှု မပေးနိုင်ကြရင် 'ပြဿနာ ကလေး'၊ 'ပြဿနာ တန်းခွဲ' ဖြစ်လာပါတယ်။
ဒါကြောင့် တန်းခွဲစံနစ်မှာ ဉာဏ်ရည်စုံ၊ အလွှာစုံ ရောထားတာမျိုးက အကောင်းဆုံးလို့ ထင်ပါတယ်။
ကျွန်တော်တို့ ရှိတုန်းက တမူးကျောင်းမှာ ငါးတန်း၊ ခြောက်တန်း ကလေးတွေက တစ်နှစ်ထက်တစ်နှစ် ပိုများလာတော့၊ တန်းခွဲလည်း တစ်နှစ် ထက်တစ်နှစ် တိုးလာပါတယ်။ ထက်မြက်ထူးချွန်တဲ့ ကလေးတွေ တန်းခွဲ'အေ' မှာ ရောက်နေကြတာ တော်တော် အသားကျနေပါပြီ။
အဲဒီခေတ်တုန်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲသေးတာကြောင့် ကျွန်တော်က နှစ်စ ကျောင်းဖွင့်ချိန်အမီ ရောက်တဲ့နှစ် နည်းလို့ အရံသင့် တန်းခွဲပြီးသားပဲ ကြုံရတာ။
တစ်နှစ်မှာတော့ ကျောင်းဖွင့်ချိန်အမီ စောရောက်နေတာကြောင့် တန်းခွဲ သတ်မှတ်တာနဲ့ ကြုံရပါတယ်။ ကျောင်းသားဟောင်း တန်းတက်မှာမို့ ထူးထူးထွေထွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူဘယ်ဝါရယ် မဟုတ် ရင်ထဲမှာ 'ကလိတိတိ'လေးဖြစ်အောင် စချင်တတ်တဲ့ ကျွန်တော့်ရဲ့ ဝါသနာ ကြောင့် ကိုယ်နဲ့မဆိုင်ပါဘဲ ဦးချစ်သိန်းတို့ တန်းခွဲနေတာ ဝင်စွက်လိုက်ပါတယ်။
"ဦးချစ်သိန်း…'အေ'ကဟာ 'ဒီ'ပို့ဗျာ။ ဒီနှစ် ပြောင်းပြန် လှန်ရအောင်"
အဲဒီခေတ်ကတော့ ကျွန်တော်တို့အဖို့ 'အေ'ခန်းတို့၊ 'ဒီ'ခန်းတို့ဆိုတာ အရေးမပါ ပါဘူး။ တန်းခွဲအားလုံး ဝင်ကြရတာကိုး။ နောက်ဆုံးတော့ တစ် ကျောင်းလုံးက ကျောင်းသားတွေဟာ တစ်ကျောင်းလုံးက ဆရာတွေရဲ့  တပည့်တွေ ဖြစ်ကြရ တာပါပဲ။
ဒါပေမယ့် ကလေးတွေနဲ့ မိဘတွေမှာ 'အေ'ခန်းအစွဲက တမူးကျောင်း မှာ တန်းခွဲတွေ စ...ခွဲရတဲ့ နှစ်က စပြီး ပေါ်ခဲ့တာမို့၊ တော်တော် အသားကျ နေပြီ။ ထုံးစံအတိုင်း ကလေးထက် မိဘက 'အေ'ခန်းကို ပိုပြီး စုံမက်တတ်ကြ တာပါ။ ထိပ်တန်း၊ ရှေ့တန်းမှာ ရောက်အောင် ကြိုးစားရမယ်ဆိုတဲ့ အသိကို ငယ်စဉ်ကတည်းက လေ့ကျင့်ချမှတ်ပေးချင်တဲ့ မိဘမေတ္တာပါပဲ။
အတိုင်၊ အဖောက် ညီပြီးဖြစ်တဲ့ ဦးချစ်သိန်း၊ ဦးဇော်လင်းတို့ကလည်း နှစ်ခွန်းမပြောရဘဲ၊ အလှည့်အပြောင်းလေး ဖြစ်အောင်ဆိုပြီး 'အေ'ခန်းကို 'ဒီ' ဖြစ်အောင် ထက်အောက်လှန်လိုက်ကြပါတယ်။
နောက်နေ့ မနက်ကျတော့ ဦးတင်အောင်ရဲ့ လ္ဘက်ရည်ဆိုင်မှာ မိဘ တစ်ဦးဖြစ်တဲ့ ဦးလှသောင်းနဲ့ တွေ့ပါလေရော။ ဦးလှသောင်း၊ ဒေါ်ဦးတို့နဲ့ ကျွန်တော်တို့က ညီအကို မောင်နှမရင်းတွေလို ရင်းနှီးကြတာပါ။
"ဟေ့…ဆရာတွေ၊ ဒီနှစ် ကျုပ်သမီးက ဘယ့်နှယ်ဖြစ်ပြီး 'ဒီ'ခန်းထဲ ရောက်သွားတာလဲ"
"ဟောဒီ ဆရာကြီး ခွဲတာပါဗျား…"
ဦးချစ်သိန်းက တဟားဟားရယ်ရင်း ကျွန်တော့်ကို လက်ညှိုးထိုးပြီး လွှဲချ ပါတယ်။
"ကျွန်တော်တို့လည်း အမှတ်နဲ့ ခွဲတာပဲ၊ ဦးလှသောင်းရေ့…။ ခင်ဗျား သမီး 'ဒီ'ခန်းထဲ ရောက်သွားတာ၊ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး"
"စာမေးပွဲတုန်းကတော့ ဖြေနိုင်တယ် ပြောတာပဲ"
"ခင်ဗျားသမီးကို 'အေ'ခန်းမှာ ထားချင်လို့လား။ တစ်ခုတော့ ရှိတယ် ဦးလှသောင်း၊ 'ဒီ'ကလူ 'အေ'ကို သွားချင်ရင် ရပါတယ်ဗျာ။ 'အေ'ကနေဖြင့် 'ဒီ'ကို မပြောနဲ့ 'ဘီ'ခန်းကိုတောင် ပြောင်းခွင့် မပေးနိုင်ပါဘူး။ ခင်ဗျားသမီးက 'ဒီ'ကနေ 'အေ'ကို ပြောင်းမှာဆိုတော့ အချင်းချင်းတွေပဲ၊ ပြောင်းပေးရမှာပေါ့"
သူ့သမီးသိက္ခာ၊ သူ့သိက္ခာကြောင့် 'ပြောင်းပေးစမ်းပါဗျာ'လို့ မပြောဘဲ ဇဝေဇဝါနဲ့ ပြန်သွားပါတယ်။
မြို့ပတ်ပြီး သူ့သမီးနဲ့ ဉာဏ်ရည်တူ သူငယ်ချင်းတွေကို လှည့်ပတ်ပြီး မေးတာပေါ့။ အားလုံး 'ဒီ'ခန်း ရောက်နေကြသတဲ့။
'အေ'ခန်းမှာ ဘယ်သူတွေ များလည်းလို့ ဆက်စုံစမ်းတာပေါ့။ မနှစ်က နောက်ဆုံးခန်းက ကလေးတွေတဲ့။
နောက်တစ်နေ့ ဦးတင်အောင်ရဲ့ လ္ဘက်ရည်ဆိုင်မှာ ပြန်တွေ့တော့-
"တော်တော် ရှုပ်တဲ့ ဆရာတွေ"လို့ ထောပနာပြုပါတယ်။
ကျွန်တော်တို့သာ သင်ရလို့ကတော့ 'ဒီ'တန်းလည်း ထိပ်တန်းဖြစ်စေ ရမှာပေါ့နော်…။

No comments:

Post a Comment