Sunday, June 9, 2013

ကန်စွန်းခင်း ငြိသူများ





ခေတ်ကြီးများ ပြောင်းလာလိုက်တာ၊ ခုခေတ်ဆယ်ကျော်သက်တွေ အတွက် ပျော်စရာပါးစရာတွေက သူတို့လက်တစ်ကမ်းမှာ အလွယ်တကူ ရနိုင်သုံးနိုင်အောင်  ဘုံးဘောလအော များမှများ၊ပေါမှပေါ။ တောရယ်မြို့ရယ် မကွာခြားတော့ပါဘူး။ လူငယ်လူရွယ်ဆိုတာ အတွေ့အကြုံသစ်ကို စူးစမ်းချင် မြဲမို့ လမ်းလွဲမသွားအောင် တော်တော်ထိန်းရသိမ်းရတဲ့ ခေတ်ကြီးပေါ့။
ခုခေတ် အချို့ အထက်တန်းကျောင်းသားလေးတွေ ဘာအကြောင်းမှ မရှိပါဘဲ ကျောင်းထဲမှာ ထွေတေတေ၊ ယစ်တစ်တစ်လေးတွေ တွေ့…တွေ့နေ ရတယ်။ ဆရာ၊ဆရာမကို လေးစားရကောင်းမှန်း၊ ကြောက်ရကောင်းမှန်း မသိ ကြဘူး။ လူငယ်မို့ အတွေ့အကြုံသစ်ကို စမ်းကြတာကို ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမယ့် ရှက်တရားနဲ့ အကြောက်တရားကိုတော့ လုံးဝကြီး ခွာချထားလို့ မဖြစ်ဘူးလေ။
ကျွန်တော် တမူးမှာ ရှိစဉ်က ကျောင်းချိန်တွင်းမှာ မူးထွေလာတဲ့ ကျောင်းသား တစ်ယောက်မှ မရှိခဲ့ပါဘူး။ တမူးဆိုတာ အလွန်ခွင့်လွှတ်တတ်တဲ့ မိဘတွေ ရှိတဲ့မြို့ပါ။ အရက် ဘယ်မှာဝယ်ရမှန်း မသိလို့၊ ဝယ်စရာ ပိုက်ဆံ မရှိလို့၊ ခပ်နုံနုံခပ်ချာချာတွေမို့ မရူးမမူးခဲ့ကြတာမျိုး မဟုတ်ပါဘူး။ မကောင်းမှန်း သိကြတယ်၊ ကျောင်းသားအရွယ် လူပုံလယ်မှာ မူးယစ်ရမှာကို ရှက်ကြောက် ရကောင်းမှန်း သိခဲ့ကြတာ မဟုတ်လား။ စိတ်ဓါတ်ကတော့ တကယ့်ကို ကျားကျားလျားလျား ကောင်တွေချည်းပါ။
တမူးကနေ ကျွန်တော် ပြောင်းရတော့မယ်ဆိုတော့ သူတို့တွေ စိတ်မကောင်း ဖြစ်ကြတယ်(ထင်တယ်)။ ကျွန်တော် ရောက်စတုန်းက ကျောင်းသားကြီးတွေက လွဲလို့ လေးငါးခြောက်နှစ် အတန်းစဉ် သင်ရတဲ့ သူတွေကိုး။ ဆရာပြောင်းမှာကို ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပဖို့ ကျိတ်ကျိတ်၊ကျိတ်ကျိတ် လုပ်နေကြတယ်။ ကျွန်တော့်ကိုတော့ မပြောပါဘူး။ ဦးမာစိန်ကတော့ သိနေတယ်။
သူတို့ ကျင်းပမယ့်ပွဲမှာ ပါတဲ့ပစ္စည်းတွေ ကျွန်တော်တို့ အိမ်အောက်  ထပ်ကို တိတ်တဆိတ် သယ်လာကြတယ်။ ကက်ဆက်၊ ဘက်ထရီအိုး၊ ပြီးတော့ ပလပ်စတစ်ပုံးလေး တစ်ပုံး။ လူစုတာ မှောင်ရီပျိုး၊ ဘယ်သူဘယ်ဝါ မသိနိုင်မဲ့ အချိန်မျိုး။ ရှက်ရကြောက်ရအုံးမယ်ဆိုတဲ့ အသိက ရှိနေသေးတယ်လေ။
ဦးမာစိန်ကတစ်ဆင့် သူတို့ အစီအစဉ်ကို သိနေလို့ အောက်ထပ်ကို မဆင်းဘဲ နေလိုက်ပါတယ်။
ဆိုကြ၊ အော်ကြ၊ ဟစ်ကြ၊ ငြင်းကြ၊ သိပ်မဆူဖို့ အချင်းချင်း ပြန်သတိ ပေးကြ၊ ညဥ့်တစ်ဝက်လောက်ထိပေါ့။ မောတော့ အိမ်အောက်ထပ်မှာပဲ အိပ် ပျော်သွားကြရော။
မနက်ရောက်တော့ သူတို့မသိအောင်လို့ ခပ်စောစောပဲ ဈေးဘက် ထွက်ခဲ့တယ်။ သူတို့ကလည်း သိသာသိစေ၊ မမြင်စေနဲ့ဆိုသလို ကျွန်တော်တို့ ဈေးက မပြန်ခင် စောစောထပြီး ပြန်သွားကြတာပါ။
ဈေးကပြန်ရောက်တော့ အံဖတ်တွေ ဆေးကျောထားတဲ့ ရေကွက်ကြီး ပဲ တွေ့ရတော့တာ။
"မင့်ကောင်တွေ လွန်မှာစိုးလို့၊ ငါ…တော်တော်ဖြိုပေးလိုက်သေးတာ"
ဦးမာစိန်ကပြောလို့ သူ့ကို တော်တော် ကျေးဇူးတင်လိုက်ရသေး။
အစီအစဉ် လုပ်တဲ့သူတွေလည်း သူ့အုပ်စုကို တော်တော် စိတ်ပျက် သွားဟန်တူတယ်။ ငှားထားတဲ့ ကက်ဆက် ပျက်သွားလို့ လျော်ရမှာဆိုလား မကြားတကြားပြောပြီး လျော်ကြေးတစ်ဝက်လောက် စိုက်လိုစိုက်ငြား အသံ ပစ်နေတာကို မကြားယောင်ဆောင်နေလိုက်ရတယ်။
ဌေးမြင့်၊ ခင်မောင်ကျော်နဲ့ မြင့်ဝင်းရေ…လူစာရင်းတော့ အကုန်မဖော် တော့ပါဘူး။
'မစွမ်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်းငြိ'ဆိုသလို အခြေအနေ မပေးသေးလို့ မြည်းမကြည့်ရသေးတဲ့ 'သေရည်'ရဲ့ အရသာကို အခွင့်လေး လည်း ကြုံလာရော 'ကလိကလိ'ဖြစ်နေတဲ့ စူးစမ်းလိုစိတ်က ရုန်းမရဖြစ်သွား ကြတာ မဟုတ်လား။ အခွင့်ကြုံလို့ 'မူး'စမ်းကြည့်ကြတာလို့ ထင်ပါတယ်။
ခုတော့ အရွယ်တွေရောက်ကုန်ပြီ။
ဆိုင်ရာဆိုင်ရာမှာ အကြီးအမှူးတွေ ဖြစ်နေကြပြီ။
မကောင်းဘူးဆိုတာလည်း သိနေကြပြီ။
မင်းတို့ရဲ့ သားသမီးတွေ လမ်းမလွဲအောင် ထိန်းပေးရမယ့် တာဝန်က မင်းတို့အပေါ် ရောက်လာပြီ။
ဆရာပြောင်းတော့မယ်ဆိုတုံးက မသောက်ဖူးလို့ သောက်ကြည့်ပြီး တစ်ခါတည်းနဲ့ 'လန့်'သွားတာပဲ ဆိုတဲ့လူ ရှိသလား။
"ကျွန်တော်ကတော့ အလုပ်သဘောနဲ့ တစ်ခါတစ်ခါ မလွှဲသာလို့ နွှဲရ ပါတယ်"ဆိုရင်လည်း ခွင့်လွှတ်ပါတယ်။
"ဆရာပြောင်းမယ်ဆိုတုံးက မြည်းကြည့်လိုက်တာ တော်တော်ကြိုက် သွားလို့၊ ခုတော့ 'ယစ်ထုပ်ကြီး' ဖြစ်နေပါပြီ"ဆိုလျှင်တော့…
ကျွန်တော် တော်တော် စိတ်မကောင်း ဖြစ်မိပါမယ်။ 

No comments:

Post a Comment