Sunday, June 9, 2013

ဆြာအဲလက်(စ်) မောင်မောင်မြင့်



ဆြာအဲလက်(စ်) ဖာဂူဆန်ဆိုတာ ကမ္ဘာကျော် မန်ယူအသင်းရဲ့ နည်းပြချုပ်ကြီး တစ်ဦးပါ။ ကျွန်တော့်ရဲ့ အချိန်တစ်ဝက်လောက်က အားကစား သမားတွေနဲ့ ပတ်သက်နေတာမို့ ကျွန်တော် ကျောင်းထဲမှာ နေစဉ်က ကျွန်တော့်အခန်းဟာ ကျောင်းအားကစားဌာနချုပ်ပါ။ ဘော့လုံး၊ ဘောလီဘော၊ ဘတ်စကက်၊ ပင်ပေါင်၊ သံလုံး၊ သံပြား၊ လှံတန် ကျောင်းအားကစားပစ္စည်းမျိုးစုံ ကျွန်တော့်အခန်းထဲမှာပဲ ထားတာ။
ကျောင်းပိုင် အားကစားပစ္စည်းတွေတင်မက ကျောင်းသားတချို့ရဲ့ အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ်၊ ဘောကန်ဖိနပ်တွေရော ထားကြတာမို့ အဝတ် တန်းမှာ တိုးလို့တွဲလောင်း၊ အခန်းထောင့် ဖိနပ်ပုံတွေကြောင့် ချွေးစိုအင်္ကျီနံ့၊ ခြေအိတ်နံ့တွေက ဆြာအဲလက်(စ်) မောင်မောင်မြင့်အခန်းရဲ့ ထူးခြားချက်ပါ။
ညနေ ကျောင်းဆင်းတော့ ကြိုက်တာ ယူကစားကြတာပေါ့။ ကျွန်တော် ကိုယ်တိုင် ကစားတော့ အရင်ထက် ကစားသမားအရေအတွက်နဲ့ ကစားရက်   ပိုများလာပါတယ်။
လျှံရှင်းပေါင်က ကျွန်တော်   ကန်ပေးတဲ့ ဘော့လုံးဖမ်းပြီး လေ့ကျင့်ရ တာ ကောင်းသတဲ့။ ဒိုက်ပစ်ကောင်းအောင် အလိုက်သင့် ကန်ပေးတာကိုး။
အာဗြဲဌေးလွင်၊ မြသောင်းတို့ အဲဒီတော့မှ ကွင်းထဲ စဝင်ရတာပါ။
ကျောင်းဆင်းတာနဲ့ ကျောင်းရှေ့ကွင်းထဲ ကစားကြတာပဲ။ မြင့်စိန်၊ တင်မောင်ဦးတို့က အိမ်မပြန်ပဲ ဆက်ကစားကြတယ်။ မောင်မောင်၊ သန်းဝင်း၊ သန်းထွန်း၊ ဌေးလွင်၊ မြသောင်းတို့က အိမ်ကနေ တစ်ကျော့ ပြန်လာကြတယ်။
 ကွင်းဆင်း အမှန်ဆုံးက သက်ဦးမောင်။ ဘယ်သူလာလာ၊ မလာလာ တစ်ယောက်တည်း ဖြစ်နေလည်း ကစားတာပဲ။ ဘော့လုံးကို ရှေ့ပစ်လိုက်၊ နောက်ကနေ ပြေးလိုက်ပြီး တားလိုက်၊ ပြန်ကွေ့ဆွဲလိုက်၊ ကန်ထည့်လိုက် မငြီးမငွေ့နဲ့ လေ့ကျင့်တဲ့ကောင်။ အင်္ကျီဝတ်စုံကိုလည်း ချေး(ဂျီး)အများဆုံး၊ အပူဆာဆုံး။ နောက်တော့ အကောက်ခွန်အသင်းကြီးထိ ရောက်သွားတယ်။
တိုးတက်မှု အရှိဆုံးက ဌေးလွင်။
ကစားဟန် အလှဆုံးက ခင်မောင်လွင်လေးနဲ့ ဝင်းနိုင်စိုး။
အပါးနပ်ဆုံးက မောင်မောင်နဲ့ တိုးတိုးဝင်း။
အားအကိုးရဆုံးက ရှေ့တန်း ဘယ်ကျော်ပြုံးကြည်ပါ။
နောင်နှစ်တွေမှာ ဦးတင်ထွန်း၊ ဦးမာစိန်တို့ ရောက်လာလို့ အသင်းက ပိုတောင့်လာပါတယ်။ ဒါပေမယ့် ကျွန်တော်က အသင်းရဲ့ နည်းပြချုပ်ရာထူး မပြုတ်သေးပါဘူး။
အားကာမှူး ဦးထွန်းကြည်၊ အကောက်ခွန် ဝ/ထကြီး ဦးညွန့်တင်နဲ့ စာတိုက်မှူး ကိုဖေထွန်းမြင့်တို့ကလည်း ကျောင်းအသင်းကို ပံ့ပိုးပေးကြတော့ တော်တော်ကြီး တိုးတက်လာလိုက်ကြတာ ဌေးလွင်၊ ပြုံးကြည်တို့တတွေ ကျောင်းသားဘဝမှာပဲ လူကြီးမြို့နယ်အဆင့် လက်ရွေးစဉ်တွေ ဖြစ်လာကြ တယ်။
တစ်နှစ်ထက် တစ်နှစ် အတွေ့အကြုံများပြီး တိုးတက်လာလိုက်တာ ကစားသမားနည်းပြချုပ် ဖြစ်ခဲ့တဲ့ ကျွန်တော်လည်း ကျောင်းသားတွေကို မယှဉ်နိုင်တော့ပဲ အရံအဆင့်ကို လျောကျသွားခဲ့ရတယ်လေ။
ကစားသမား များလာတော့ အေ၊ ဘီ နှစ်သင်းစာ ဖြစ်လာပြီ။ ကျွန်တော် ပေးတဲ့ ဘောလုံးတွေက တလိမ့်လိမ့်လေး လာနေတော့ အသန်ဆုံး၊အမြန်ဆုံးနဲ့ နည်းစံနစ်တွေ တဟုန်ထိုး တိုးတက်လာတဲ့ သူတို့တွေ အားမလိုအားမရ ဖြစ်လာကြပြီ။ ကျွန်တော်လည်း အရံအဆင့်ကို လျောကျသွားပြီ။ ဒါပေမယ့် ကျွန်တော်က သူတို့နဲ့ အတူ ကစားချင်တုန်းပဲ။
အားကစားမှာ ဆရာနဲ့တပည့်ဆိုတာ သိပ်ရင်းနှီးကြတာ မဟုတ်လား။ ဆရာတပည့်လိုထက် သူငယ်ချင်းလို ပေါင်းကြသင်းတာလေ။ တက်လူတွေ များလာတော့ အသင်းကြီးမှာ ကျွန်တော်ပါဖို့ မလွယ်တော့ဘူး။ အရံအဆင့် ကနေ ဆရာ့ကို ဖယ်ချင် ပယ်ချင်လာကြပြီ။
"ကျောင်းက 'စီ'အသင်းဖွဲ့ပြီး ကစားပါ ဆရာရယ်…"
အာဗြဲဌေးလွင် ရယ်ကျဲကျဲနဲ့ ကျွန်တော့်ကို ကျောင်းအသင်းကနေ ပယ်ခဲ့ တာလေ။
ကမ္ဘာပေါ်မှာ အသင်းအုပ်ချုပ်နည်းပြကို အသင်းသားက ပယ်ထုတ်ခဲ့ တဲ့ ဘော့လုံးသင်း လွန်ခဲ့တဲ့ (၂၅)နှစ်က တမူးမှာ တကယ်ရှိခဲ့ဘူးတယ်လေ။
မောင်မောင်လတ်တို့၊ မြင့်ကျော်တို့က လူကောင်သေးပြီး ဖိနပ်က လေးနေတော့ ဘယ်မှာ 'စီ'အသင်း ဖွဲ့နိုင်ခဲ့လို့လဲ။

No comments:

Post a Comment