Sunday, June 9, 2013

တာဝန်ကျေသော ကျောင်းသူလေး


Cartoon_school_girl : Cartoon of Girl Student Studying & Reading Book
ကျောင်းသားကျောင်းသူတွေ စာကျက်ကြပုံက အမျိုးမျိုးပါ။ တချို့က ဘာပေးပေး မကျက်ပါဘူး။ တချို့က ကျက်ချင်ပေမယ့် ဘာကျက်ရမှန်း မသိ တာ။ တချို့ကတော့ ပေးသမျှကို ဘာမှ စဉ်းစားမနေတော့ဘဲ အကုန်ကျက်ချ လိုက်တာ။ တချို့တလေပဲ ဒါက မှတ်ရတာ၊ ဒါက ကျက်ရမှာလို့ ခွဲသိပြီး မှတ်သင့်တာ မှတ်၊ ကျက်သင့်တာ ကျက်ကြတာပါ။
ကျောင်းသားကျောင်းသူရဲ့ အဓိကတာဝန်က စာကျက်ဖို့မဟုတ်လား။ ဘာမှ မကျက်တဲ့သူဟာ ကျောင်းသားတာဝန် မကျေပါဘူး။ ပေးသမျှစာကို ဘာမှ မရွေးဘဲ အကုန်ကျက်တတ်သူကိုတော့ နည်းလမ်း မမှန်ပေမယ့် ချီးကျူး သင့်တာပေါ့။
သီသီဝင်းဆိုတာ ဆရာကြီးဦးအေးကိုရဲ့ တူမပါ။ ဆရာကတော် မမရီ ဘက်က တူမပေါ့။ ရွာကနေ အဒေါ့်အိမ် လာနေပြီး ကျောင်းတက်တာ။ ရိုးရိုး အေးအေး၊ စာကြောက်လူကြောက် အမျိုးအစားထဲ ပါတယ်။
"နားလည်ရဲ့လား"
မဖြေပါ။
"ဟ… ငါပြောတာ ကြားလား"
မလှုပ်ပါ။
"ဟဲ့…ဆရာမေးရင် ပြန်ဖြေရတယ်ဟ"
စိတ်တိုတိုနဲ့ ခေါင်းခေါက်ဖို့ လက်ရွယ်မှ မပွင့်တပွင့် ပြုံးပြီး၊ မျက်လုံး ပုတ်ကလပ် ပုတ်ကလပ်နဲ့ ခေါင်းငြိမ့်တတ်တာပါ။
သူ့ ခေါင်းငြိမ့်အဖြေက 'နားလည်ရဲ့လား'၊ 'ကြားလား'၊ 'မေးရင် ပြန် ဖြေရတယ်'ဆိုတာတွေ အားလုံးအတွက် တပေါင်းတည်း ရောဖြေလိုက်တာ မျိုးပါ။
ဒါကြောင့် သူ့ကို စာမေးတဲ့အခါမျိုးမှာ အဖြေတစ်မျိုးမျိုး ရဖို့အတွက် အကြိမ်များများ မေးရပါတယ်။
ဆရာဦးဌေးလွင်ရဲ့ ပယောဂနဲ့ လက်တစ်ကမ်းက မှီငြမ်းစာအုပ်လေး တွေ သုံးဖြစ်လာပါတယ်။ ဆရာဦးသော်ဇင်၊ ဆရာဓနုဖြူ ခင်မောင်မင်တို့ရဲ့ စာအုပ်အချို့ ကိုးကားပြီး ကဗျာ၊စကားပြေ ခံစားတဲ့နေရာ၊ စာစီစာကုံး ရေးတဲ့ နေရာ အထောက်အကူ ဖြစ်စေဖို့ ရှင်းလည်းပြ၊ မှတ်စုလည်းပေး၊ အရေးလည်း ခိုင်းပါတယ်။
စကားလုံး၊ ဝါကျ၊ စာပိုဒ် အဆင့်ဆင့် ဖွဲ့စည်းပုံကို သာဓကလေးတွေနဲ့ မှတ်စုပေးပါတယ်။ ဒေါသအပြစ်ကို ရှောင်နိုင်အောင် ဒေါသသင့်တဲ့ အရေးအဖွဲ့ မျိုးကို ဆရာဦးသော်ဇင်ရဲ့ စာအုပ်ထဲက ညွှန်းဆိုပြတဲ့အတိုင်း လက်ဆင့်ကမ်း ပေးပါတယ်။
တောင်ထိပ်ကြာပေါက်၊ အနောက်နေထွက်ဆိုရင်၊ အဲဒါ အပြစ်သင့် ပါတယ်။
ဆိုလိုချင်တဲ့ အဓိပ္ပါယ်မရောက်ဘဲ၊ အခြားအဓိပ္ပါယ် ရောက်သွား ရင်လည်း အပြစ်ဖြစ်တယ်။ အကျိုးမဲ့ ရိုင်းပျတဲ့ စကားလုံး၊ စာသားတွေသုံးရင် အပြစ်ဖြစ်တယ်။ သင့်ရာသင့်ရာ ကောက်နုတ်ပြီး မှတ်စုပေး၊ လက်ဆင့်ကမ်းခဲ့ တာပါ။ သိဖို့ မှတ်ဖို့ပါ။ ကျက်ဖို့ မဟုတ်ပါဘူး။
တနေ့- ဆရာဦးအေးကိုက…
 "ဦးမောင်မောင်မြင့်ကြီးဗျား…"
"ဘာများလဲ"
မနက်ပိုင်းက သီသီဝင်းနဲ့ သူ့အဒေါ်တို့ အပြန်အလှန်ပြောနေကြသံ ကို ဒီလို ပြောပြပါတယ်။
"ဟဲ့…ကောင်မလေး၊ မနက်စောစောစီးစီး ခုနစ်အိမ် ကြား၊ ရှစ်အိမ် ကြား ဘာစာတွေ အော်ကျက်နေတာလဲ"
"ဦးမောင်မောင်မြင့် သင်လိုက်တဲ့ မြန်မာစာပါ"
"ဒါလောက်ကြီး အော်ကျက်နေ၊ ငါများ နားကြားလွဲလား၊ ပြစမ်း"
မမရီက မှတ်စုစာအုပ်ကို ယူကြည့်ပြီး ​-
"ဟဲ့.. ဒါက မှတ်ရမယ့်စာ၊ အော်ကျက်ရမယ့်စာ မဟုတ်ဘူး၊ ဒီဆရာ့ နှယ် ပေါက်တီးပေါက်ရှ"
ရိုင်းပျတဲ့ ရေးဖွဲ့မှုအပြစ်အတွက် ဗန်းမော်ဆရာတော်ရဲ့ ကဗျာလေး ကို သာဓကအဖြစ် မှတ်စုပေးထားတာပါ။
အဲဒါကို မယ်သီက "အတွင်ယားပါဘိ၊ ဖင်ကြားက ပွေးတွေ၊ စုံကုတ် ကာ မှိုင်တွေငြီး..." ဆိုပြီး နံနက်စောစောစီးစီး အော်…အော်ပြီး ကျက်တာတဲ့ လေ။
ကဲ…စာကျက်တာတောင် အပြစ်သင့်ပါပေါ့လား။ မှတ်ကရော။

No comments:

Post a Comment