အပေါ်ထပ် တက်မယ်အလုပ်
ဝင်းမေ အနားရောက်လာတော့-
"ဝင်းမေ…ကိုယ့်ဖိနပ်ကိုယ်
မှတ်မှတ်သားသားချွတ်နော်။ ပြီးမှ ဖိနပ် ပျောက်လို့ဆိုပြီး ငါ့ လာ အလျှော်မခိုင်းနဲ့"
ဖိနပ် အလျှော်ခိုင်းတဲ့အကြောင်း
ပြောတော့၊ ဝင်းမေက အမှတ်ရပြီး ရယ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ် ကျောင်းပိတ်ရက် တစ်နေ့မှာပေါ့…
"ဒုန်း…ဒုန်း…ဒုန်း…ဝုန်း…ဝုန်း"
"ကျောင်းပြိုမယ်ဟေ့"
လှေကားပေါ် အစုလိုက်အပြုံလိုက်
ဝုန်းဒိုင်းကျဲပြီး တက်လာကြတဲ့ အသံကြောင့် လှမ်းအော်လိုက်ရပါတယ်။ ဂရုမစိုက်ကြပါဘူး။
"ရော့…ဟောဒီမှာ
ဆရာကြိုက်တဲ့ ကန်စွန်းရွက်တွေ"
"ဟုတ်သားပဲ။ ဆရာ့
ဈေးခြင်းထဲ ကြည့်လိုက်ရင် ကန်စွန်းရွက်နဲ့ မုန်ညင်း၊ မုန်လာ ချည်းပဲ"
"ဟေ့…ကြက်သားနဲ့
ဝက်သား နင်တို့ နှိုက်စားမှာ စိုးလို့၊ ဈေးခြင်း အောက် မမြင်အောင် ထည့်လာတာ"
တဟားဟား ရယ်ကြတယ်။ သန်းနွယ်တို့
အုပ်စုပါ။ လယ်ကန်စွန်း တွေခူးပြီး လာပို့ရင်း ဆရာကို အော်ဟစ်ကျီစယ်နေကြတာ။ ခင်ညွန့်ရဲ့
အသံ စူးစူး၊ သန်းနွယ်ရဲ့ အသံစွာစွာ၊ ရီရီမြင့်ရဲ့ အသံကွဲကွဲ သူ့ထက်ငါ အလုအယက် ပြောကြအော်ကြ
ပွက်လောညံနေပါတော့တယ်။ ဒါလောက် ပွက်လောဆန် ညံနေတဲ့ကြားက တအိအိ ငိုသံကြားလို့ ဘယ်ကလဲ၊
ဘယ်သူများလဲလို့ လှမ်း ကြည့်လိုက်တော့ လှေကားအောက်ခြေမှာ ဝင်းမေ တစ်ယောက် ငိုနေလေရဲ့။
"ဟဲ့…ဝင်းမေလား။
ဘာလို့ ငိုနေတာလဲ"
ဝင်းမေ ပြန်မဖြေပါ။
"သူ့ ဖိနပ်ပျောက်လို့။ အဲဒါ ဆရာ့ကြောင့် ပျောက်တာ။ ပြန်လျှော်ပေး" သန်းနွယ်က အလျှော်တောင်းနေပါတယ်။
"ငါနဲ့ ဘာဆိုင်လဲ"
"ဟုတ်တယ်လေ၊ ဒီ ကန်စွန်းရွက်တွေက ဆရာ့ဘို့ဆိုပြီး သွားခူးရင်း
ပျောက်တာမို့ ဆရာ လျှော်ပေးရမှာပေါ့"
"ဟုတ်တယ်…ဟုတ်တယ်၊
လျှော်ပေး…လျှော်ပေး"
ဝင်းမေကလွဲလို့ ကျန်တဲ့သူအားလုံးက
ပွက်ပွက်ညံအောင် အလျှော် ပေးဖို့ အရေးဆိုကြပါတယ်။
"ကဲ…ကဲ၊ ငို မနေနဲ့။
ငါ့ ရာဘာ ဖိနပ်စုတ်ကြီး ငှားစီးသွား"
ကျွန်တော့် ဖိနပ်က အကြီးကြီး၊
သူ့ ခြေထောက်က သေးသေးလေးပါ။ ပုံပန်းမကျ ဖိနပ်စုတ်ကြီးတောင် ငှားတာဆိုတော့ ဝင်းမေလည်း
ဝမ်းနည်းပြီး တအဲအဲ ငိုတော့တာပဲ။
သန်းနွယ်က ကျွန်တော့်ဖိနပ်ကြီးကို
မရွံမရှာကိုင်၊ ဝင်းမေခြေထောက် ကို ဆွဲပြီး ဇွတ်စွပ်၊ ဇွတ်စီးခိုင်းတာ။ ဖိနပ်စုတ်ကြီးနဲ့
စတိုင်(လ်)ကျနေတဲ့ ဝင်းမေကို ကြည့်ပြီး ဝိုင်းဟားကြတာပေါ့။ တံမြက်စည်း လှည်းလေ့မရှိတဲ့
ကြမ်းပေါ်မှာ ဖင်ချထိုင်ထားတဲ့ မယ်သန်းနွယ်ကတော့ ခွက်ထိုးခွက်လန် ပက်လက်များကို လန်အောင်
တဟားဟားရယ်တာ။
ဝင်းမေ ငိုလို့ တော်တော်လေးအားရတော့မှ-
"သူ့ကြောင့်လည်း
ပျောက်သေး၊ အလျှော်လည်း မပေးချင်ဘူး။ လာ ကြဟေ့၊ နောက်တစ်ခေါက် ပြန်ရှာရအောင်"ဆိုပြီး
သန်းနွယ်က သူ့အုပ်စုကို ပြန်ခေါ်သွားပါတယ်။
ကျောင်းအုပ်ကြီးဦးအုန်းမြင့်နဲ့
ဆရာကြီးကတော် မမတင်တို့က တစ်ဘက်ခန်းကနေ ခေါင်းတဆတ်ဆတ် ငြိမ့်ပြီး အစအဆုံး ပြုံးပြုံးကြီး
လှမ်းကြည့် နားစွင့်နေကြတာပါ။ သူတို့တွေ လာရင် ဆရာကြီးဦးအုန်းမြင့် တို့လည်း အပျင်းပြေရတယ်လေ။
ဝင်းမေရဲ့ ဖိနပ်ကိုတော့
နောက်တစ်ခေါက် ပြန်အရှာမှာ သန်းနွယ် 'ဝှက်'ထားခဲ့တဲ့ နေရာမှာပဲ ပြန်တွေ့ပါသတဲ့။ သန်းနွယ်ဆိုတာ
အဲဒီလို တပည့် မျိုးပါ။ ပါးစပ်ကတော့ ဆရာ…ဆရာနဲ့ ခေါ်ကြတယ်။ ကဇွန်းရွက် ပို့တာကိုတော့
အကိုကြီးတစ်ယောက်အိမ်ကို စားဖွယ်ပို့သလိုမျိုး။ ဖိနပ် အလျှော်တောင်းတာက တော့ ဆရာကို သူငယ်ချင်းများ အောက်မေ့လေသလားကွယ်။
No comments:
Post a Comment