ကျွန်တော်တို့ တမူးကျောင်းကြီးက ဆရာ၊ ဆရာမ အင်အား ပြည့်စုံ တယ်ရယ်လို့ မရှိလှပါဘူး။
ဒါကြောင့် မြို့ခံ တက္ကသိုလ်ကျောင်းဆင်းလေးတွေ နှစ်စဉ် လုပ်အားပေးပြီး အင်အားဖြည့်ပေးကြပါတယ်။
ခင်နုယဉ်၊ မတင်နှင်းနဲ့ မညွန့်မေတို့ လုပ်အားပေးကြတဲ့ နှစ်ကပေါ့။ နားနေခန်းထဲမှာ
ခင်နုယဉ်က သူဝယ်လာတဲ့ မိတ်ကပ်ဘူးလေးကို အပေါင်း အသင်း ဆရာမလေးတွေရှေ့ ထုတ်ကြွားနေတာ။
ဆရာမဒေါ်ခင်စန်းလင်းနဲ့ ဒေါ်ခင်ထွေးက မြင်ရတဲ့ ဘူးလေးနဲ့ ကြားရတဲ့ ဈေးနှုန်းကို တွဲပြီး-
"ဟဲ့…နင်တို့ဟာ ဈေးကြီးလိုက်တာဟယ်။ ဘာလို့ ဒီလောက်ကြီးတွေ ဝယ် လိမ်းရတာလဲ"
"ဆရာမ ဘာ သိလဲ။ အဲဒါ ပီယဆေးမိတ်ကပ်။ ကျွန်တော် သိတယ်။ ခင်နုယဉ်၊နင်နော်…လျှောက်စမ်းမနေနဲ့ဗျ။ တော်ကြာ ကောင်လေးတွေ တသီကြီး နောက်ကနေ ကပ်ပါလာလို့
ဟုတ်ပေ့ဖြစ်နေမယ်"
အဲဒီတုန်းက နားနေချိန်ဆိုတာ တကယ် နားနားနေနေ အပန်းဖြေခွင့် ရတဲ့ အချိန်မျိုးပါ။
တစ်ဦးနဲ့ တစ်ဦး စကြနောက်ကြ၊ ရယ်ကြမောကြမို့ အလွန် ပျော်စရာကောင်းပါတယ်။
"ပြစမ်း၊ ပြစမ်း။ အံမာ…ပရိုမီနာတဲ့။ သိပ် သေချာတာပေါ့။ ဟောဒီ နားမှာ ဒီလို
အမှတ်ကလေးနဲ့"
"ဆရာ…မဟုတ်ဘဲ လျှောက်လျှောက် ပြောနေ"
ရိုးရိုးအအတွေဆိုတော့ သူတို့မျက်နှာမှာ ဇဝေဇဝါ၊ ရှက်ကိုးရှက်ကန်း ဖြစ်နေကြတာ။
"နင်တို့ မယုံဘူးမဟုတ်လား။ အဲဒီမိတ်ကပ်လေး ဒီလို တစ်တို့ ပွတ်ပြီး တစ်ယောက်ယောက်ကို
ငါ့နောက်လိုက်ခဲ့လို့ စိတ်ထဲက အမိန့်ပေးလိုက်ရင် ကောက်ကောက် ပါလာတာပဲ။ မယုံ ကြည့်နေ။
ငါ သက်သေပြမယ်"
မိတ်ကပ်လေး တစ်တို့ တို့ပြီး နားနေခန်းကနေ ခမ်းပတ်ဆောင်ဘက် လျှောက်လာခဲ့ပါတယ်။
အလဲ့…ဒေါ်ကြည်ထွေးကြီးပါလား။ သူ့တော့ စမ်းလို့ မဖြစ်ဘူး။ မဲမဲဝဝ၊ ဗလကောင်းကောင်းမို့
သူ ထောင်းလိုက် ထုလိုက်ရင် သက် သာမှာ မဟုတ်ဘူး။
နောက် တစ်ခန်းမှာတော့ ဒေါ်မေရီကိုတွေ့တယ်။ ဖြူဖြူသွယ်သွယ်၊ ပိန်ပိန်ပါးပါးမို့
သူထုတာလောက်တော့ ခံနိုင်ပါတယ်။
"ဒေါ်မေရီ…ခဏ"
စာသင်နေတဲ့ ဒေါ်မေရီကို အပြင်ထွက်လာအောင် လှမ်းခေါ်လိုက် ပါတယ်။
"ဘာတုန်း"
နားနေခန်းက လှမ်းမြင်သာတဲ့ နေရာမှာရပ်ပြီး အချီအချ စကားပြော နေလိုက်ပါတယ်။
မိတ်ကပ်ပိုင်ရှင် ဆရာမလေးတွေလည်း တထိတ်ထိတ်နဲ့ လှမ်းကြည့် နေကြတာပေါ့။
"တကယ် ပြောတာလား"
"တကယ်ပါဆိုဗျာ။ မယုံလည်း နေပေါ့"
သိပ်စိတ်မရှည်တဲ့ ဟန်နဲ့ လှည့်ထွက်လာတဲ့အခါ ဒေါ်မေရီလည်း နောက်ကနေ တပါတည်း လိုက်လာပါတယ်။
သူပါလာမှန်းလည်း သိရော၊ ရှေ့ကနေ ရင်လေး ကော့တဲ့ပြီးတော့ ခပ်မော့မော့၊ ခပ်ကြွားကြွားနဲ့
မိတ်ကပ်ဆရာမလေးတွေ မြင်အောင် လျှောက်ပြ လိုက်တာပေါ့။
မယုံဘဲ လိုက်လာခဲ့တဲ့ ဒေါ်မေရီက နားနေခန်း ပြူတင်းပေါက်က ဆရာမလေးတွေရဲ့ အံ့သြနေတဲ့
စပ်ဖြဲဖြဲမျက်နှာတွေကိုလည်း မြင်ရော၊ တစ်ခုခု တော့ တစ်ခုခုပဲဆိုတာ ရိပ်မိပြီး၊ 'ထုမဟဲ့'ဆို
အမီလိုက်တော့ ကျွန်တော်လည်း သူ မီလောက်တဲ့ နှုန်းနဲ့ ပြေးတာပေါ့။ ရှေ့ကပြေးတဲ့လူက ပြေး၊
နောက်က လိုက်တဲ့ လူက လိုက်။ မိတ်ကပ်တို့ထားတဲ့သူကို ဇွတ်အတင်း လိုက်ဆွဲနေတဲ့ ပုံကို
မြင်တော့ ဆရာမကြီး၊ ဆရာမလေး အားလုံး တဝါးဝါး တဟားဟား ရယ်လိုက်ကြရတာလေ။
"ဆရာ ဘယ်လိုပြောလိုက်တာလဲ"
"ကျောင်းအုပ်ကြီး ခေါ်ခိုင်းလို့။ ခင်ဗျားဘာသာ လိုက်ချင်…လိုက်၊ မလိုက်ချင်…
နေလို့ ပြောလိုက်တာပဲဟ"
"ဘုန်း…ဘုန်း…ဝုန်း…ဝုန်း"
"ကဲ…ကဲ၊ နင့်မိတ်ကပ်ဘူးလည်း တစ်ခါသုံးပြီးရင် အစွမ်းပျယ်သွားပြီ မို့ စိတ်ချလက်ချသာ
သုံးပေရော့။ အစွမ်းထက်မှပဲ ကြိုက်တာဆိုရင်တော့ ဘူးသစ်သာ ဝယ်သုံးပေတော့"
ခင်နုယဉ်လည်း သူ့ မိတ်ကပ်ဘူးကို ရှက်ကိုးရှက်ကန်း သိမ်းသွားပါ တယ်။
နောက်ပိုင်းမှာ ဘူးဟောင်းသုံးသလား၊ ဘူးသစ်သုံးသလား ဆက်ပြီး မစုံစမ်းဖြစ်ပါဘူး။
မင်းတို့တွေ ကြုံရင် မေးကြည့်ကြပေါ့။
No comments:
Post a Comment