တစ်နေ့သော ကျောင်းပိတ်ရက် နံက်ပိုင်း ချက်ပြုတ်လုပ်ငန်း လက်စ သိမ်းချိန်မှာ ရီရီမြင့်နဲ့ ရီရီစိုးတို့ နှစ်ဦးသား ကျွန်တော့်ဆီ ရောက်လာကြတယ်။
"ဆရာ…ဘာလုပ်နေလဲ"
"ဝက်သားဆီပြန်ချက်ပြီး၊ ကြက်သားလေး ပြုတ်ကျော်လုပ်ထားမလို့"
ဈေးခြင်းထဲက ဟင်းရွက်တွေ
ကြည့်ပြီး ရယ်ကြပါတယ်။ ဒီနှစ်မှ တွေ့ကြပေမယ့် ကျွန်တော့် ပြက်လုံးတွေကို နားရည်ဝနေကြပြီလေ။
"သန်းနွယ်တို့ လယ်တောကို သွားမလို့။ ဆရာ လိုက်ပို့ပေးစမ်းပါ"
"ဟေ…ဘာရှိလို့လဲ"
စပါးယပ်၊ ကောက်သင်းကောက်
ဘာအလုပ်ရှိလဲ။ ဘာကျွေးမှာလဲ။ ခုချက်ထားတဲ့ နံက်ထမင်း ညနေမှ စားရမယ်ဆိုရင် ညနေစာ ချက်စရာမလို
ဘူးပေါ့။ ဒါက ကျွန်တော့် အတွေး။
"သန်းနွယ် ရှိတယ်
ဆရာ"
ကောင်းကြရော။ 'အထာ' မပေါက်လိုက်ပုံများဖြင့်။
ရီရီစိုးက မရောက်ဖူးလို့၊
သန်းနွယ်က ငါရှိတယ် လာခဲ့ကြ ခေါ်လို့၊ ကျမတို့ နှစ်ယောက်တည်းလည်း မသွားရဲလို့၊ ဆရာလည်း
ရောက်ဖူးအောင်လို့ ဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့ လိုက်ပို့ပေးဖို့ ပူဆာကြပါတယ်။
"နင်တို့ အိမ်တွေ
ပြောခဲ့ကြလား"
"ပြောခဲ့တယ်"
ဆရာကြီးဦးအုန်းမြင့်အား
ဆရာဦးဌေးလွင်လာလျှင် သန်းနွယ်တို့ လယ်တောသို့ သွားကြောင်း မှာထားခဲ့ပြီး သုံးဦးသား
ချီတက်ခဲ့ကြပါတယ်။
အောက်ကျင်းဘက် ဆင်းပြီး
ကျွန်းပင်ကြီးတွေကို ကျော်တော့ လယ်ကွင်းပြင်ကို မြင်ရပါပြီ။ ရိတ်သိမ်းချိန် ပြီးကြပြီမို့
ရိုးပြတ်တောကြီးတွေပါ။ စိမ်းလဲ့တဲ့ ကောက်ပင်ပျိုတောပဲ ဖြစ်ဖြစ်၊ ရွှေအိုရောင် ရိုးပြတ်တောပဲ
ဖြစ်ဖြစ်၊ ဆိတ်ငြိမ်ကျယ်ပြန့်ခြင်းရဲ့ အရသာက ရင်ထဲကို တိုးဝှေ့ပြီး ဝင်လာတာပါ။ ဆရာတပည့်
သုံးဦးသား လက်ကလေးတွေ ဘေးဖြန့်၊ ခေါင်းကလေးတွေ မော့ကာ ရိုးပြတ်နံ့သင်းနေတဲ့ လေကို
တဝကြီးရှူပြီး အရသာခံနေမိကြတယ်။ တချက်တချက်မှာ ခလောက်သံလေးတွေလည်း လေနဲ့အတူ ပါလာကြတယ်။
ရီရီမြင့်က သူရောက်ဖူးတယ် ပြောလို့၊ သူ့နောက်က ကပ်လိုက်ခဲ့ကြတာ။ တကယ်တော့ သူလည်း ကောင်းကောင်း
မှတ်မိဟန် မတူပါဘူး။
သူတို့ တောနံဘေးမှာ ချောင်းရှိတယ်ဆိုပြီး
လျှောက်လိုက်ကြတာ ခြေကို ညောင်းရောပဲ။ ရီရီစိုး ရယ်သံမှာ ဟောဟဲခတ်နေပေမယ့် သူ မငြီးရဲဘူး။
သူ ရောက်ဖူးချင်တာလေ။
"မရောက်သေးဘူးလားဟ"
"ဒီနား ထင်တာပဲ
ဆရာ"
"ဟေး…"
သေချာမသိဘဲ လမ်းပြလုပ်လာတဲ့
ရီရီမြင့်ကို အပြစ်တင်နေတုန်း သန်းနွယ်ရဲ့ အော်သံလည်းကြားရော
အားရဝမ်းသာ ပြေးသွားလိုက်ကြတာ။
သန်းနွယ်လက်ထဲမှာ ဆန်ခါခုံးလေး
ကိုင်လျှက်သား တွေ့ရတယ်။ ကျောင်းအားတဲ့ အခါမျိုးမှာ သူတို့ နိုင်သလောက် မိဘတွေကို ကူကြရတာပါ။
"ခုနက နင့် မမြင်ပါဘူး"လို့
ရီရီမြင့်က ပြောတော့-
"ငါ နင်တို့ မြင်သားပဲ။ ဟိုဘက်လျှောက်လိုက်၊ ဒီဘက်လျှောက်
လိုက်နဲ့။ ငါ…ခြုံကွယ်ကနေ ပုန်းကြည့်နေတာ"
"နင်တို့ လယ်တောကို
ဘာလုပ်လို့ ဖိတ်တာလဲ"
"ဘာမှ မလုပ်ပါဘူး
ဆရာ။ ရီရီစိုးက မရောက်ဖူးဘူးဆိုလို့"
ကဲ…ကောင်းရော။ ဘာမှ မလုပ်တော့
ဘာမှ ကူရန်မလို။ ဘာမှလည်း စားရန်မလို။ မရောက်ဖူးသူလည်း ရောက်ဖူးပြီ။ နေ မရင့်မီ ပြန်ကြစို့။
သန်းနွယ်ကို ကျောခိုင်းပြီး
ခြေလှမ်း အစိတ်သုံးဆယ် အရောက် မြက်စားနေတဲ့ ကျွဲတစ်ကောင်တွေ့ပါတယ်။
ကျွဲက လူလာလို့ မော့အကြည့်၊ ယားလို့ ခေါင်းကို ဆတ်ကနဲအလွှဲ၊ ခလောက်သံလေးက 'ဂလုံ
ဂလုံ'နဲ့ အမြည် ဆရာတပည့် သုံးဦးသား ကြောက်အားလန့်အား ပြေးလိုက်ကြရတာလေ။
"ပြေး…ပြေး…ပြေး။
အဲဒီ ကျွဲက သိပ်ဆိုးတာ။ ဟဲ့…ဟဲ့ မလိုက်ပါနဲ့။ ဟား…ဟား…ဟား…ဟား။ ငါ့ ဆရာပါဟ၊ မလိုက်ပါနဲ့
ဟား…ဟား"
သန်းနွယ်ဆိုတာ တော်ရုံ
ဆိုးတဲ့ ကောင်မ မဟုတ်ပါ။
ဆရာပါတာတောင် ကျွဲရှူးတိုက်သလေ။
အရေးထဲ ရီရီစိုးက ဖိနပ်ကျွတ်ကျန်ခဲ့တာ၊ တစ်ခါတည်း မကောက်ခဲ့ ဘူး။ ရှေ့ ကန်သင်းရိုးရောက်မှ ကျွဲမမြင်အောင် ဝပ်ပြီး-
"ဆရာ၊ ကျမဖိနပ်
တစ်ဖက် ကျွတ်ကျန်ခဲ့ပြီ"
"သွားကောက်ချေလေ"
"ကျမ မကောက်ရဲဘူးဆရာ"
"အံမယ်…လက်စသပ်တော့
ငါ့ကောက်ခိုင်းနေတာပဲ။ ရီရီမြင့် သွား၊ နင်ကောက်ပေးလိုက်"
လယ်တောသူမို့ မကြောက်တတ်ဘူး
အောက်မေ့လို့ ကောက်ခိုင်းပါ တယ်၊ ကျွဲနဲ့ ဝေးနိုင်သမျှ ဝေးအောင် သစ်ကိုင်းခြောက်ရှည်ကြီး
တစ်ခု ချိုးပြီး၊ ဖိနပ်ကို ချိတ်ယူပေးပါတယ်။
တကယ်တော့ ကျွဲကြီးက မျက်မွှေးထော်
မော်လို့တောင် မကြည့် ပါဘူး။ သူ့ အစာ သူ ငုံ့စားမြဲ စားနေတာပါ။
ကျောင်းပြန်ရောက်တော့ ဆာဆာမောမောနဲ့ ဝက်ဆီပြန်၊ ကြက်သား ကြော်ကို နောက်ရက်အတွက် ချန်ထားပြီး ကန်စွန်းရွက်ကြော်နဲ့ပဲ
လွေးလိုက် ရပါတော့တယ်။
No comments:
Post a Comment