F E I G
KKKKKKKKKKKKKKKKKKKKKKKKKKKKK
တမူးက ပွဲလမ်းသဘင် နည်းပါတယ်။ ဒေါက်တာတင်အောင်ဆွေ တင်သွင်းလာတဲ့ လက်ဝှေ့ပွဲတွေကြောင့်သာ
'ဒိန်းဂျမ်း၊ ဒိန်းဂျမ်း'ညံရတာပါ။ မြို့မ၊ အောက်ကျင်းသားတွေက
စုစုရုံးရုံး၊ စီစီညံညံမှ ကြိုက်တာ။ မြင့်ဦး ပြီးတော့ လာပြန်ပြီ ဌေးမြင့်နဲ့
မြင့်နိုင်။ ဘာပွဲလမ်းမှ မရှိလို့ ပျင်းသတဲ့။ ကျောင်း အနေနဲ့ ပွဲတော် တစ်ခုခု လုပ်ကြပါဦးစို့တဲ့။
ဟိုး…အရင်ကဆို တန်ဆောင်တိုင် မီးလှည့်ပွဲ ရှိတယ်။ ညနေပိုင်းမှာ မီးတိုင်လေးတွေ
ကိုင်ပြီး၊ ကျောင်း စုရပ်ကနေ စထွက်၊ မြို့ကို တစ်ပတ်လှည့် ကြတာ။ မိန်းကလေးတွေက မှုံနံ့သာ
ချယ်ကာသ၊ အလှကြီး လှ။ ယောက်ျား လေးတွေက ဘေးကနေ မီးတိုင်လေးတွေ လိုက်ပေးကြတာ၊ သိပ် ပျော်စရာ
ကောင်းတာပဲ ဆရာ…တဲ့။
မြို့ပတ်ပြီး ထိန်းရမှာတော့ တာဝန်ကြီးလှတယ်။ နောက်ပြီး ဒီကောင် တွေအဖွဲ့ ဒီနှစ်ထဲမှာ
အတန်းထဲက သာလိကာမတွေအကြောင်း ပြောသံ ကြား…ကြား နေရတာ သူတို့ကိုယ်တိုင် ဇရက်တွေ ဖြစ်မှန်းမသိ
ဖြစ်နေကြပြီ။ ဒီတော့ ထိန်းရသိမ်းရ လွယ်အောင် ကျောင်းဝင်းထဲမှာပဲ မီးထွန်းပွဲ လုပ်ကြစို့။
ဌေးမြင့်နဲ့ မြင့်နိုင်တို့ကို မီးတိုင်ချိုးဖို့ ဝါးရှာခိုင်းတယ်။ စာကြည့်တိုက်
ဘီဒိုထဲက စက္ကူတွေ၊ ရောင်စုံမြေဆေးမှုံ့တွေ ထုတ်သုံးကြ။ ဖယောင်းတိုင် ကိုတော့ အတန်းတွေထဲ
လှည့်အလှူခံကြမယ်။
ကျောင်းရှေ့ မျက်ခင်းပြင်မှာ ပင်ပေါင်ခုံကြီးချပြီး ဝါးတွေ၊ စက္ကူတွေ၊ ရောင်စုံမြေဆေးခွက်တွေ၊
အဝတ်ပတ်တီးစတွေ၊ ကော်ခွက်တွေ၊ ကတ်ကြေး၊ ဓါးတွေကို ကျောင်းသားအားနဲ့ ပေါင်းလိုက်တော့
ကြာမီးတိုင် နီနီဝါဝါ၊ ပြာပြာ စိမ်းစိမ်း၊ တိုတိုရှည်ရှည်၊ စုစုကားကား လက်ရာမျိုးစုံ
ရာကျော်လောက်ကို သုံးရက်လောက်နဲ့ လုပ်နိုင်ခဲ့ကြပါတယ်။
တန်းခွဲအလိုက် ကလေးတွေ လှူထားတဲ့ ဖယောင်းတိုင်တွေကတော့ တောင်ပုံရာပုံပါ။ ဒါတွေအားလုံးအတွက်
မီးအိမ်၊မီးတိုင် မလုပ်နိုင်တော့ဘူး။ ကျောင်းနောက်၊ ချောင်းဘေးက ရွှံ့စေးမြေတွေ တူးယူလာပြီး
လောက်စာလုံး အရွယ်…လုံး၊ အောက်ခံခုံပေါ် ဗောက်ကနဲ ပစ်ပေါက်ပြီး အောက်ခြေကို…ပြား၊ အပေါ်ကနေ
ဖယောင်းတိုင်…စိုက်။ ငါးတန်း၊ ခြောက်တန်းက ကလေးတွေ ပျော်ပျော်ရွှင်ရွှင် လုပ်ပေးကြတာ။
မီးပူဇော်ပွဲနေ့ရောက်တော့ ကျောင်းအဝင်လမ်းမကြီး ဝဲယာတလျှောက် မီးကြာတိုင်တွေ စိုက်ကြတယ်။ ပိုနေသေးတဲ့ မီးတိုင်တွေကို
ကျောင်းပေါက်က နေ စာတိုက်လမ်းဆုံထိ ရောက်အောင် တစ်တန်းကြီး ဖြန့်လိုက်ကြတယ်။
ရွှံ့လုံးခံ ဖယောင်းတိုင်တွေကိုတော့ ကဘော်၊ ချင်းတွင်း၊ ခမ်းပတ် အဆောင်တွေရဲ့
အုတ်ခုံတန်းပေါ်၊ လက်ရန်းတန်းပေါ်၊ လှေကားထစ်တွေပေါ် စိတ်ကူးရသလို ဖြန့်ချထားကြတယ်။ မီးတိုင်ပေါင်း
ထောင်ချီပေါ့။
အမယ်…ဒေါ်သန်းဆွေနဲ့ ကျောင်းသူတွေက ဒန်အိုးကြီးရယ်၊ တောင်း ပလုံးတွေ ကိုယ်စီသယ်လာပြီး
ဘာလုပ်ကြမလို့လဲ။
"ဟေ့…ဒို့ကတော့ လာစားပါအုံးလို့ ဘယ်သူ့ကိုမှ ခေါ်မှာ မဟုတ်ဘူး၊ မစားရလို့
စိတ်ဆိုးပြီး မခေါ်ချင်လည်း ရတယ်။ ဒို့လုပ်မှာက 'မခေါ်မုန့်လုံး'။ ဟောဒီမှာ မုန်းလုံးရေပေါ်
ငြုတ်သီးစပ်စပ်လေးနော်…၊ ဟား…ဟား…ဟား"
ပျော်ကြရွှင်ကြ၊ အော်ကြဟစ်ကြ။
မှောင်ရီပျိုးပြီ။
"မီးတိုင်တွေ ထွန်းကြစို့ဟေး…"
"ဟ…ဌေးမြင့်နဲ့ ဝက်ကြီး၊ မင့်ကောင်တွေ ဘယ်ရောက်ကုန်ပြီလဲ"
မောင်မင်းကြီးသားများ မီးတိုင်တွေ ပစ်ထားပြီး 'မုန့်လုံးရေပေါ်မ'တွေ နား ရစ်သီရစ်သီ
လုပ်နေကြပါလား။
"ဟကောင်တွေ…ခင်မောင်ကျော်၊ စိန်သောင်း၊ အောင်ကြီး၊ မျိုးမြင့်ဦး၊ မြင့်ဝင်း
လာကြတော့ဟ"
ဌေးမြင့်က စိတ်တိုတိုနဲ့ ရီဂျစ်စတာခေါ်သလို အော်ခေါ်ပြီး ကောင်မ လေးတွေနားက မနည်း
ခွာထုတ်ယူရတယ်။ စေးပါပေ့ ကောက်ညှင်းရယ်။
သူတို့ တစ်သိုက်ကပဲ အငယ်တန်းကလေးတွေကို စည်းရုံးပြီး မီးထွန်း လိုက်ကြတာ တစ်အောင့်ကြာတော့
မီးတိုင်အားလုံး လင်းလက်သွားပါပြီ။
'တစ်ယောက် တစ်လက်၊ ကျောင်းသားလက်'ဆို မဟုတ်လား။
ပင်မ ချင်းတွင်းဆောင်ကြီးကတော့ အလှဆုံးပေါ့။ လှေကားထစ် တွေက မီးတိုင်တွေက မီးစောင်းတန်းကြီး
တာဝတိံသာထိ တက်တော့မယ့်ပုံ။
"ဝေး…ဟေး…ဟေး…"
မုန်းလုံးအဖွဲ့ နောက်ဆုံးလက်ကျန် ဝိုင်းလုပြီး သိမ်းသွားကြပြီ။
ဒီပွဲတော်ကို ဦးစီးခဲ့ကြတဲ့ ကျောင်းသားကြီးများကတော့ လင်းလက် တောက်ပနေတဲ့ မိခင်တမူးကျောင်းတော်ကြီးကို
နောက်ခံထားပြီး ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ သူတို့ရဲ့ ဂုဏ်ယူဝင့်ကြွားတဲ့ အပြုံးများဟာ မီးရောင်အောက်မှာ ဖုံးမရ ဖိမရ ပေါ်လွင်လွန်းလှပါတယ်။
ငုတ်နေတဲ့ ဓလေ့ကို ပြန်လည်ဖော်ထုတ်ခဲ့ကြသူတွေ မဟုတ်လား။
ဂုဏ်ယူထိုက်ပါတယ်လေ…။
No comments:
Post a Comment