'စောစောအိပ်လို့__စောစောထလို့__စောစောလမ်းလျှောက်ကြပါစို့ __ဒင်ဒေါင်__ဒင်ဒေါင်'
ဒီဇင်ဘာ လမ်းလျှောက်ပွဲအတွက် နှိုးဆော်တဲ့ သီချင်းသံ ကြားနေရ ပြီ။ ဟဲဇင်းရွာကို
လျှောက်မှာတဲ့။ သိန်းလွင်နဲ့ အောင်မြင့်ရီက ဟဲဇင်းရွာသား တုတ်ကြည်ကို ပေါင်းတင်းကျွေးရမယ်လို့
မှာထားသတဲ့။
အိပ်ချင်မူးတူး မထချင်ထချင် ထလိုက်ရပါတယ်။ စုရပ်ကျောင်းဝင်းထဲ လမ်းလျှောက်လိုက်မယ့်သူတွေ
တော်တော်ရောက်နေကြပြီပဲ။ အောင်မြင့်ရီနဲ့ သိန်းလွင်လည်း ရောက်နေကြပြီ။ ဒီနှစ်ကောင်
ရွာမရောက်ခင်ကတည်းက ပေါင်းတင်းစားဖို့ ပါးစပ်တပြင်ပြင်။
"ဆရာ…ကျမတို့လည်း လိုက်မှာ"
"ဟဲ့…ဒီသွားကျိုးမက ဟိုထိ လျှောက်နိုင်မှာလား"
"ချောက်နိုင်တယ်"
မာမာဦးက တုတ်ကြည်ကို နှိပ်စက်မယ်ဆိုလို့ မူလတန်းကျောင်း တောင် မထားရသေးတဲ့ သူ့ညီမပေါက်စကို
ခေါ်လာပါတယ်။
တစ်ခေါက်မှ မရောက်ဘူးသေးတဲ့ ခရီးပါ။ တုတ်ကြည်တို့ကတော့ နေ့တိုင်း အသွားအပြန်
ကျောင်းတက်နေကြရတာ။ လှည်းလမ်းကြောင်းကြီး အတိုင်း လျှောက်ကြရပါတယ်။ ရာသီက အေးမြမြ၊
လမ်းဘေးဝဲယာ တောပန်း ရနံ့က သင်းပျံ့ပျံ့။ ကျွန်တော်က တောရိပ်တောင်ရိပ်ကို နှစ်သက်သူမို့
ညောင်းဖို့ သတိမရပါဘူး။ မောရမှန်း မသိပါဘူး။ အနက်ရောင် သံဘောင် တံတားကြီး နှစ်ခု၊ သုံးခုလောက်လည်း
ဖြတ်ရပါတယ်။ သွားနေ၊ လာနေကျ မဟုတ်တော့ တော်တော် ဝေးသားပဲ။ စကားတပြောပြောနဲ့ လျှောက်လိုက်
ကြတာ ရွာဝကို မြင်တော့ သိန်းလွင် လျှာထွက်နေပြီ။ သွားကျိုးမလေးကတော့ မြို့အထွက်က စပြီး
သူတကာရဲ့ ခါးတစ်ခွင်နဲ့ ကျောကုန်းပေါ် တလှည့်စီ ပြောင်းပြီးတော့ လျှောက်လိုက်တာ ရွာပေါက်ထိ
ရောက်တာတောင် တချက် ကလေးမှ မောပုံ မပြပါဘူး။
တုတ်ကြည် ရွာထိပ်က ထွက်ကြိုနေပါတယ်။
"တုတ်ကြည်…သူငယ်ချင်းရဲ့၊မင့်အိမ်ကို မြန်မြန်ခေါ်သွားပါတော့ဟ"
သိန်းလွင်နဲ့ အောင်မြင့်ရီ တောင်းဆိုလို့ ရွာထဲ လှည့်မကြည့်တော့ဘဲ တုတ်ကြည်တို့အိမ်
လိုက်သွားကြပါတယ်။
ပေါင်းတင်း ပူပူနွေးနွေး၊ ငါးသေတ္တာနဲ့ တွဲစားဖို့ ပြင်ထားပါတယ်။
"ကဲ…မောလည်း မော၊ ဆာလည်း ဆာ၊ တွယ်လိုက်ကြစို့"
"အို…အို၊ တုတ်ကြည်တို့ ဆရာ၊ ဘယ်နှယ်လုပ်တာလဲ"
"ဗျာ…စားမယ်လို့ အခွံခွာတာလေ"
"ဟား…ဟား…ဟား၊ သည်မှာဖြင့် ဝါးမှေးလေးတွေ ကပ်နေအောင် မနည်း ဖုတ်ထားရတာ။
ဝါးမှေးလေးနဲ့မှ လက်လည်း မကပ်၊ စားလိုက်တော့ လည်း မွှေးတာလေ"
ကျွန်တော် စားဖူးတာ မန္တလေးပွဲဈေးတန်းမှာ ရောင်းတဲ့ 'ခဲလံချောင်း' ပါ။ ဝါးဖတ်ကို
ခွာလိုက်တာနဲ့ပဲ ကောက်ညှင်းတွေက ဖွာလန်ကျဲပြီး ဟိုကပ် ဒီကပ် ဟာမျိုး။ ခုမှပဲ အရသာမှန်၊
စားနည်းမှန်ကို သိရတာ။ ဟဲဇင်းပေါင်းတင်း က တော်တော် စားကောင်းခဲ့တာပဲ။
နောက် တစ်ပတ်ကြာတော့ မြင့်စိန်ကို ဟဲဇင်းပေါင်းတင်းရဲ့ အရသာ ပြောပြပြီး၊ ငါ့မှာ ကောက်ညှင်းရှိတယ်၊ ပေါင်းတင်း ဖုတ်ရအောင်လို့
တိုင်ပင် ပါတယ်။
"ရတယ် ဆရာ။ ကျွန်တော် ပေါင်းတင်းဝါး ရှာခဲ့မယ်"
မြင့်စိန်က ပေါင်းတင်းဝါး ရှာခဲ့ပြီး ညကတည်းက
ကျွန်တော့်ဆီမှာ အိပ်၊ နံက်စောစောထ၊ ဆရာတပည့် နှစ်ယောက်သား ပေါင်းတင်းဖုတ်ကြပါတယ်။
"ကောက်ညှင်းဆန် ဆေးပြီး၊ အိုးအစား ဝါးကျည်တောက်နဲ့ ချက်တာ ပါပဲ ဆရာရယ်…
မခက်ပါဘူး"
"အေး…မင်းကြိုက်သလိုသာ လုပ်။ ဒီအချိန်တော့ မင်းက ဆရာပဲ"
ထိပ်ဝက လျှံကျလာတဲ့ ရေကြောင့် မီးသေသွားလို့ တစ်အောင့်နားပြီး မီး ပြန်ပျိုးရပါတယ်။
အငွေ့တရှူးရှူး ထွက်လာတော့ ထိပ်ဝကနှိုက်ပြီး မြည်းကြည့်ကြတာ။
"မာသေးတယ် ဆရာ၊ ရေစွက်ကြအုံးစို့"
"စွက်"
"ဒီနားကနေ ဓါးနဲ့ ဖောက်ပေးရသေးတယ်"
"ဖောက်"
မီး အသေမခံတော့ဘဲ မီးပြင်းပြင်းမှာ ပေါင်းတင်းဝါးကို လှည့်ပတ် ပေးလိုက်တာ အပေါ်ယံ ကျွမ်းတဲ့အပြင် တစ်နေရာမှာ ကောက်ညှင်းသားထဲ
မီးစွဲနေပါပြီ။
"ကဲ…ရပြီ ဆရာ"
ပုံသဏ္ဍာန် ဖွဲ့စည်းမှု၊ အရသာ ညံ့ဖျင်းမှုမှာ မန္တလေး ခဲလံချောင်းက အရှုံးပေးလိုက်ရပါပြီ။
ကြိုးစားခဲ့ရတဲ့ လုပ်အားကို နှမြောလို့ ဆရာတပည့် နှစ်ဦးသား လျှာ အလိုကို မလိုက်ဘဲ၊
အာဟာရ ပြည့်ဝ၍ ခန္ဓာကိုယ် တောင့်တင်းစေရန်ဟူသော တရားသဘောဖြင့် စားလိုက်ကြပါတယ်။
အဲဒီနေ့က မြင့်စိန် အိမ်ပြန်သွားပြီး ကျောင်းမတက်ပါ။ ညနေပိုင်း ဘော့လုံး လာကစားမှ
ပေါ်လာပါတယ်။
"ရင်ထဲမှာ တောင့်ပြီး မအီမလယ်ကြီး ဖြစ်နေလို့ ဆရာ"
သြော်…သူနဲ့ ကျွန်တော်နဲ့ ဝေဒနာ အမှတ်ချင်း တူခဲ့ကြသည်ပဲ။
No comments:
Post a Comment