ကျောင်းသားအားကစားပွဲတွေကို
မော်လိုက်၊ ကလေး၊ ကလေးဝနဲ့ တမူးမှာ အလှည့်ကျ ကျင်းပပေးတာပါ။ မြို့နယ်အဆင့် လက်ရွေးစဉ်တွေ
ရွေးပြီး ကျင်းပတဲ့မြို့ကို ဘတ်(စ်)ကား နှစ်စီးစာလောက် လူရော၊ ကုန်ရော တင်ပြီး သွားပြိုင်ကြရတာ
သိပ်ပျော်စရာကောင်းပါတယ်။
အားကစားပြိုင်ရင်း၊ ပျော်ပွဲစားလည်းထွက်ရင်း၊
ကုန်လည်းသွယ်ရင်း သွားကြတာဆိုတော့ သိပ်လိုက်ချင်ကြတာပေါ့။
ကျောင်းသားတွေ အလိုက်ချင်ဆုံးက
ဘော့လုံးလက်ရွေးစဉ် အဖြစ်နဲ့ ပါ။ အပြေးသန်၊ အပစ်သန်သမားကလည်း ဘော့လုံးသမားအဖြစ်နဲ့
လိုက်ချင် ကြတာ။ ပြောခဲ့တဲ့အတိုင်း ဘောလုံးသမားဦးရေက ဆရာတောင် အရံဖြစ်ရ လောက်အောင်
များလာတော့ တစ်သင်းစာကို အေးအေးရတာ ဆိုပေမယ့် ချန် ထားခဲ့ရမယ့် သူတွေအတွက် စိတ်မသက်သာမိတာ
အမှန်ပါ။
ခြေစွမ်းတွေကလည်း အရည်တူ၊
ခွန်အားလည်း မျှနေကြတဲ့ အရွယ် ပယ်ရမယ့် လူစာရင်းက တော်တော်ခေါင်းခဲပါတယ်။
နောက်ပိုင်းမှာ ဦးမာစိန်၊ ဦးထွန်းကြည်၊ ကိုဖေထွန်းမြင့်တို့ ကြီးကြပ်မှု့ ကြောင့်
အသင်းရွေးချယ်မှုက ပိုမို အင်အားတောင့်တင်းလာပါတယ်။
မပါမဖြစ် လက်ရွေးစဉ်က ဌေးလွင်နဲ့ မောင်မောင်ပေါ့။
စိန်ဝင်းမောင်က သူတို့ရဲ့သူငယ်ချင်း အရင်းခေါက်ခေါက်။ သူက အပြေးသန်လို့ အပြေးလက်ရွေးစဉ်
ဖြစ်ပြီးသား။ ဒါကို ဘော့လုံးအသင်းမှာ ပါချင်တော့ လူရွေးပွဲမှာ မပါနဲ့လို့ တားထားတဲ့
ကြားထဲက ဇွတ်ဝင်ပြိုင်တယ်။ သူငယ်ချင်းတွေနဲ့ ပင်းပြီး လူရွေးအဖွဲ့ကို မျက်စေ့လှည့်ကြမှာလေ။
မောင်မောင်က ပို့ဘောတွေကို စိန်ဝင်းမောင်ဘက် များများပို့ပေး တယ်။ သူ ဆွဲပြေးရမယ့်
ဘော့လုံးကိုတောင် ဆက်မဆွဲဘဲ ပို့ပေးတာ။
စိန်ဝင်းမောင်က ရလာတဲ့ ဘော့လုံးကို သူ့အမြန်နှုံးနဲ့ ပြေးပြီးဆွဲလာ၊ ဌေးလွင်ကြီး
မမီလိုက်ဘဲ ပိုက်ကြီးကို ထွေးကနဲဖြစ်သွားအောင် ကန်သွင်း။ 'ဟက်ထရစ်'ရ တော့ လက်ရွေးစဉ်
ဖြစ်ကရော။ ဒါ…သူတို့ စီမံကိန်း။
"မောင်မောင် ပို့လိုက်တယ်။ စိန်ဝင်းမောင် ရတယ်ခင်ဗျ။ တစ်ဘက် က ဌေးလွင် အသေအလဲ
ကာကွယ်ဖျက်ထုတ်ဖို့ နောက်ဆုတ်နောက်ဆုတ်နဲ့ စိန်ဝင်းမောင်ကို သူ့ဂိုးဘက် မျှားခေါ်သွားတယ်။
ဂိုးမြသောင်း နေရာမှားယူပြီး 'အင်ဂယ်'များများ ဖွင့်ပေးထားတယ်။ စိန်ဝင်းမောင်…ကန်တယ်။
ဂိုးပေါက်နဲ့ လွဲပါတယ် ခင်ဗျား…"
"နောက်တစ်ကြိမ် စိန်ဝင်းမောင် ဆွဲလာပြန်ပါပြီ ခင်ဗျ။ ဌေးလွင်ကြီး အနားကပ်ပြီး
'မြန်မြန် ဆွဲပြေး၊ ဆွဲပြေး'လို့ တိုးတိုးပြောပြီး ပြန်ခွာသွားတယ်။ စိန်ဝင်းမောင် ညာခြေလေးနဲ့
သယ်လာတဲ့ ဘော့လုံး၊ သူ့ဘယ်ခြေထောက်က ဖျက်လို့ ပျက်သွားပါတယ်ခင်ဗျား…"
"နောက်တစ်လုံး ရပြန်ပြီ ခင်ဗျ။ ဌေးလွင်ကြီး တက်မဖျက်ဘဲ အား ပျော့တဲ့ ညွန့်လွင်နဲ့
မသိမသာ နေရာ လဲယူထားတယ်ခင်ဗျ"
ဟေ့ကောင်တွေ…ဌေးလွင်နဲ့ မောင်မောင်၊ မင်းတို့ပါ လက်ရွေးစဉ်က ပြုတ်သွားချင်လားဆိုတဲ့
ကျွန်တော့်အသံကြားမှ
ဌေးလွင်ကြီး ပြေးဖျက်လိုက် တာ 'ဝုန်း'ဆို ဘော့လုံးလည်းပျက်၊ စိန်ဝင်းမောင်လည်း မှောက်လျက်လဲသွား
တော့တာပဲ။
စိန်ဝင်းမောင် မျက်နှာငယ်လေးနဲ့ ဖြစ်သွားပြီး ဌေးလွင်နဲ့ မောင်မောင် ခါးကြီးတွေထောက်၊
ခေါင်းကြီးတွေ ငုံ့ကာ သူတို့လူကို စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ မှန်းတာက'ဟက်ထရစ်'၊
ခုတော့ 'ဘဲဥ'မကွဲ။
"ခွီး…အသုံးကို မကျဘူး"
စိတ်ဆိုးမာန်ဆိုး ဌေးလွင်ကြိမ်းလိုက်တာ ညွန့်လွင်ကို မဟုတ်တာ တော့ သေချာတယ်။
စိန်ဝင်းမောင်က အပြေးလက်ရွေးစဉ်ပါ၊ ဘော့လုံးမှာ သူဖယ်ပေး တော့ နောက်တစ်ဦးနေရာရ၊
လူပိုများပြီး ပို…ပျော်စရာ မကောင်းပေဘူးလား။
ကျွန်တော်က အဲလိုတွေးတာပါ။
No comments:
Post a Comment