

မိုးရေးဈေးက ထွက်လာတော့ အောက်ကျင်းက မငွေကြည်နဲ့ တွေ့ပြီး မုန့်၊ လ္ဘက်ရည် ဧည့်ခံပါရစေ ဆိုလို့ ဈေးပေါက်က ဆိုင်မှာ
စားရင်း သောက်ရင်း ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောဖြစ်ကြတယ်။
"ကျမက ခု…ဂေါ်ရခါးကုန်းမှာ နေတာ ဆရာ။ ဆရာမ ဒေါ်စိမ်းတို့အိမ် ဝယ်လိုက်တာ။
ဆရာမတို့က တမူးမှာ မနေကြတော့ဘူး။ ပြောင်းသွားကြပြီ"
ကျွန်တော်တို့ တမူးမှာနေစဉ်က ဂေါ်ရခါးကုန်းက ဦးပိုတို့အိမ်
အပေါ် ထပ်မှာ အငှား နေခဲ့ကြပါသေးတယ်။
ဆရာလူပျိုတွေ တစ်ပြုံကြီး စုနေကြတဲ့ အိမ်ရဲ့ လမ်းတစ်ဘက် ဓါးလွယ်ခုတ်က အိမ်ကြီးက
တပည့်တို့ချစ်တဲ့ အသားဝင်းဝင်း၊ နှာတံစင်းစင်း၊ မျက်လုံးပြူးပြူး၊ မျက်တောင်ကော့ကော့၊
မျက်ခုံးကွေးကွေး၊ ကိုယ်ဟန်ကျော့ ကျော့နဲ့ 'နတ်ပြည် ခြောက်ရွာ၊ ဘုံက လာတဲ့' ဆရာမညီအမ
နှစ်ယောက်ရဲ့ အိမ်လေ။
ဂေါ်ရခါးကုန်းမှာ နေတုန်းက ကျွန်တော်တို့အုပ်စု
အတောင့်ဆုံးပါပဲ။ ကိုဇော်လင်း၊ ကိုထွန်းလင်း၊
ဦးချစ်သိန်း၊ ဦးမာစိန်၊ ဦးမာ၊ ဦးသန်း၊ ဦးတင်ဝင်း၊ ဦးအောင်စောဝေမြိုင်၊ ဦးမြင့်ဆွေနဲ့
ကျွန်တော် ပေါင်း ဆယ်ယောက်ပါ။
ရောက်ခါစက ကျွန်တော့် အိမ်ထောင်စုဇယားမှာ
တစ်ယောက်တည်း ပါ။ မိန်းမ'မရဘဲ လူဦးရေ တိုး…တိုးလာလိုက်တာ (လ.ဝ.က)တောင် မျက်လုံး ပြူးယူရတယ်။
အပေါ်ထပ် ကြမ်းခင်းပြည့် တန်းစီ အိပ်ကြရပါတယ်။ အောက်ထပ် မီးဖိုခန်း ကျဉ်းကျဉ်းမှာ
ချက်ပြုတ်၊ စားသောက်ကြပါတယ်။ ကိုဇော်လင်းနဲ့ ကျွန်တော်က
စားဖိုမှူးချုပ်၊ ဦးချစ်သိန်းနဲ့ ကိုထွန်းလင်းက လက်ထောက် စားဖိုမှူး၊ ကျန်တဲ့သူတွေကတော့
တောက်တိုမယ်ရကိစ္စတွေ လုပ်ရပါတယ်။
ဆရာမဒေါ်စိမ်းက ဦးမာစိန် မီးဖိုချောင်မှာ ချက်တာ တစ်ခါမှ
မတွေ့ဘူး ပြောလို့၊ မာစိန်က ထင်းခွဲ၊ ရေဆွဲတဲ့အခါမျိုးမှာ လမ်းတစ်ဘက်က ကြားအောင် အော်…အော်ပြီး အလုပ်လုပ်ပါတယ်။
"ဟောဒီက ထင်းခွဲတာ၊ မာစိန်ပါဗျိုး…"
"မာစိန်ကြီး ရေဆွဲနေပါပြီ ခင်ဗျား…"
မီးဖိုခန်းက ကျဉ်းတော့ ထမင်းစားရင် နှစ်သုတ်ခွဲမှ အဆင်ပြေပါတယ်။ ဒါပေမယ့် ဘယ်သူမှ နောက်မချန်ရဲဘူး။ နောက်ကျရင် စားစရာ
မကျန်ဘဲ ဆေး စရာတွေပဲ ကျန်မှာလေ။ စားပွဲပု ဝိုင်းဝိုင်းသေးသေးလေးကို လူနှစ်ထပ် ရံလိုက်
ပါတယ်။ လက်တံရှည် ဦးချစ်သိန်းနဲ့ ကိုသန်းက အပြင်ထပ်မှာ
အမြဲနေရတာပါ။ အတွင်းထပ်က စားဖိုမှူးချုပ် နှစ်ဦးနဲ့ ဦးရာလူ ရတယ်။ နောက်ကျတဲ့သူ
အပြင် ထပ်မှာပဲ နေရမှာပါ။ ချွေးတလုံးလုံးနဲ့ လုယက်မျှတပြီး စားရတာ ပျော်ဖို့ကောင်း
ပါတယ်။
ကိုမြင့်ဆွေ ရောက်စက သူ့အိမ်ကနေ ကြက်သားကြော် ပုလင်းလေး ပါလာပါတယ်။ အဲဒီနေ့က
ဝက်သားချက်တာ၊ ဘာနဲ့ရောသလဲ မမှတ်မိပါ။
"ကျွန်တော် ဝက်သားမစားဘူး"
ကိုမြင့်ဆွေက သူ့ကြက်ကြော်ပုလင်းလေး ချပြီးစားပါတယ်။ ပုလင်းက ခပ်သေးသေး၊ နောက်ရက်တွေလည်း
ကျန်သေး၊ စားကြပါအုံးလည်း မပြော တော့ ကျန်တဲ့သူတွေ နှိုက်ရခက်နေပါတယ်။ အုပ်စုဟင်းနဲ့
ဟန်မပျက် စားနေရ ပေမယ့် မာစိန်ကြီး ကြက်ကြော်ပုလင်းကို မကြာမကြာ မျက်စေ့ကစားနေတာ ဦးချစ်သိန်းက
ရိပ်မိတယ်။ မာစိန်က အကြံနဲ့ အချိန်ဆွဲ စားနေတာ။ ကိုမြင့်ဆွေ ထသွားမှ နှိုက်စားမယ်ပေါ့။
ဒါပေမယ့် ကိုမြင့်ဆွေက သူလည်း စားလို့ပြီးရော ပုလင်းလေး ကောက်သိမ်းသွားပါတယ်။
"မာစိန်…မင်းမျက်လုံး ဘယ်ရောက်နေတယ်ဆိုတာ ငါ သိတယ်နော" လို့ ဦးချစ်သိန်းက
တိုးတိုးလေး ကပ်ပြောလိုက်တော့၊ မာစိန်က ထမင်းပွဲကြီး ကိုင်ပြီး ခွက်ထိုးခွက်လန် ရယ်ရင်း-
"အေးကွာ… အမြင်နဲ့ပဲ အရသာခံလိုက်ရတာပဲ"တဲ့။
တစ်နေ့ ကျောင်းပိတ်ရက်မှာ ဈေးသွား၊ အပြန်မှာ ကျကျနန
ချက်ပြုတ်၊ နံက်စာစားဖို့ လူစုံ ဝိုင်းလိုက်ကြပါတယ်။
စားပွဲပေါ်မှာ မုံညင်းဟင်း ပူပူနွေးနွေး၊ ခရမ်းချဉ်သီးထောင်း၊ နှစ်ခွက်တည်းပါ။
"ဝက်သားဟင်း ရောဟ"
မာစိန်က မနက်ဈေးသွားပြီး သူကိုယ်တိုင် ဝယ်ခဲ့တဲ့ ဝက်သားဟင်း မမြင်လို့ မေးလိုက်တာပါ။
စားပွဲဝိုင်းဘေးက မီးဖိုခွင်ပေါ်မှာ ပွက်ပွက်ဆူနေတဲ့
ဝက်သားဟင်းအိုး။ အငွေ့ထောင်းထောင်း ထလို့။ ဂျင်း၊
ကြက်သွန်ဖြူနံ့လေးကလည်း သင်းလို့။
"အဲဒါ ညနေစာ။ နှိုက်စားတဲ့လက် ယောင်းမနဲ့ အနှက်ပဲ"
ကိုဇော်လင်းက ကြိမ်းလိုက်ပါတယ်။
"သူငယ်ချင်းရာ အသားစားခွင့် မပေးလည်း အငွေ့လေးလောက် တော့ ခွင့်ပြုပါကွာ"
မာစိန်က ပြောပြောဆိုဆို ဟင်းအိုးအဖုံး ဖွင့်ပြီး တထောင်းထောင်း ထွက်နေတဲ့ အငွေ့တွေထဲ
သူ့ ထမင်းပန်းကန်လေး ဖြတ်ချလိုက်တယ်။
"ဟေ့ကောင် လူလည်မလုပ်နဲ့ကွ၊ ငါတို့ ပန်းကန်တွေလည်း အငွေ့ထဲ ဖြတ်ပေးအုံး"
"ငါ့ပန်းကန်လေးတော့ အိုးနဲ့ နီးနီး၊ အချိန်လေး နဲနဲ ပိုကြာပေးပါကွာ"
သြော်…အမြင်နဲ့လည်း တင်းတိမ်ခဲ့ကြရ၊ အငွေ့နဲ့လည်း မြိန်ခဲ့ရတဲ့ ပျော်စရာ ကာလပေကိုး။
No comments:
Post a Comment