
"မောင်မောင်မြင့်ဆိုတဲ့ကောင် တော်တော်ညစ်တဲ့ကောင်"
ဒေါ်ခင်စန်းလင်းတစ်ယောက် အော်ကြီးဟစ်ကျယ်ပြောပြီး ဆရာများ နားနေခန်းထဲကို ဝင်လာပါတယ်။
"ဘာဖြစ်လို့လဲ"
"ငါတို့က စကားရည်လုပွဲအတွက် အချက်အလက်တွေ စုဆောင်းပြီး တိုင်ပင်နေကြတာ။ ဦးအောင်ရှိန့် အိမ်ထဲမှာ ဘယ်သူမှ မသိအောင် ညှိနေကြ တာ၊ ဒင်းက..တပည့်တွေနဲ့ ခိုးနားထောင်ခိုင်းတယ်လေ။ မိန်းမကျင့် မိန်းမကြံ၊ သူခိုးကျင့် သူခိုးကြံ"
"ဟာ…မိန်းမကျင့် မိန်းမကြံ၊ သူခိုးကျင့် သူခိုးကြံ အတူတူပဲဆိုတော့ ခင်ဗျားတို့ မိန်းမတွေရဲ့ အကျင့်က မကောင်းဘူးပေါ့"လို့ ပြန်ပက်လိုက်တော့ သူ့စကားနဲ့သူ မိပြီး "ဒီကောင်နဲ့ မလွယ်ဘူး"ဆိုကာ တဟားဟား ရယ်ပါတယ်။
အသံကျယ်ကျယ်နဲ့ ငြင်းကြခုံကြတာဆိုပေမယ့် ဒေါသသံ မပါပါဘူး။ ရယ်သံက ကဲနေတာပါ။ မျက်နှာမှာ အပြုံးကိုယ်စီနဲ့ ငြင်းကြတာပါ။ သူတို့တွေ ဘာများပြောမှာလဲဆိုတာ သိဖို့ ဘယ်သူ့ကိုမှ မစုံစမ်းခိုင်းပါဘူး။ မြင့်ဖေတို့အုပ်စု ပုဏ္ဏားရိပ်စည်းရိုးဘေးက ခိုးနားထောင်တာ မိပြီး၊ ကျွန်တော့်ကို စွပ်စွဲနေတာ ပေါ့။ စင်ပေါ် မတက်ခင်ကတည်းက အလွတ်သဘော စကားနိုင်လု ပြောနေ ကြတာ ပျော်စရာကြီးပါ။
'နိုင်ငံအကျိုးကို အမျိုးသမီးများက အမျိုးသားများထက် ပိုမိုစွမ်း ဆောင်နိုင်သည်'ဆိုတဲ့ ခေါင်းစဉ်နဲ့ ငြင်းကြခုံကြမှာပါ။
အဆိုရှင် အမျိုးသမီးအဖွဲ့မှာ ဒေါ်ခင်စန်းလင်း၊ ဒေါ်စန်းနဲ့ ဒေါ်ခင်ဌေး တို့ ပါပြီး၊ အချေဘက်မှာ ဒုရဲအုပ်ဦးသိန်းထွန်း၊ ကုန်သွယ်လယ်ယာ ဦးကျော်မြင့် နဲ့ အ.ထ.ကကျောင်းက ကျွန်တော် ဆရာမောင်မောင်မြင့် ပါတဲ့ အဖွဲ့ပါ။
ကြော်ငြာအတွက် မျိုးမြင့်က ဆွဲပေးပါတယ်။ စန္ဒာမဂ္ဂဇင်းထဲ ပါတဲ့ ကိုပွေလီ၊ မရှပ်တေး ပုံတူကို ကူးဆွဲတာ။ ကြောက်ပေမယ့် ဟန်ကိုယ့်ဖို့ စတိုင်လ်နဲ့ လက်ပိုက်ပြီး မထီတရီ ရပ်နေတဲ့ ကိုပွေလီကို ဘောင်းဘီဝတ်ပြီး ရဲဦးထုပ်ဆောင်း၊ ခါးမှာ ခြောက်လုံးပြူး ချိတ်ပေးလိုက်တော့ အမျိုးသားအဖွဲ့ ခေါင်းဆောင် ရဲအုပ်ကြီး ဦးသိန်းထွန်းပုံကို အထင်းသား မြင်ယောင်လာကြတာ ပေါ့။
စူးရှတဲ့ မျက်လုံးနဲ့ နောက်ပြန်လှည့်ပြီး ကိုပွေလီကို ခပ်ထန်ထန် ကြည့်နေတဲ့ မရှပ်တေးရဲ့ ပုံကိုတော့ ဆရာမဒေါ်စန်းမှ ဒေါ်စန်းပါပဲ…လို့ အတပ် ပြောရလောက်အောင် မျိုးမြင့်ရဲ့ ပန်းချီလက်ရာက အတော်ကောင်းခဲ့တာပါ။
ကြော်ငြာကလည်း 'ကောင်း'၊ နေရာကလည်း 'ကျောင်း'၊ အဆိုအချေ ရှင်တွေကလည်း 'ခပ်မိုက်မိုက်'၊ ပရိသတ်ကလည်း 'ကျောင်းသားကျောင်းသူ' ဆိုတော့ ပွဲက စည်သလားမမေးနဲ့၊ ကဘော်ခန်းမကြီး အပြည့်ပေါ့။
အမျိုးသမီးအဖွဲ့က အမျိုးသားတွေ တုတ်တုတ်မှ မလှုပ်နိုင်အောင် ချည်တုပ်ပြော၊ ကျွန်တော်တို့ အမျိုးသားအဖွဲ့ကလည်း သူတို့ ချည်ခဲ့တုပ်ခဲ့သမျှ ရုန်းကန်ပြီး ဖြည်ထွက်ကြရတာကိုး။
ဆရာနားနေခန်းမှာ ငြင်းကြခုံကြတာက ကိုယ့်အချင်းချင်းမို့ ပြောချင် သမျှ လျှောကနဲ၊ လျှောကနဲ ထွက်လာတာပါ။ ဒီမှာ ပရိသတ်နဲ့ စင်မြင့် အရှိန်က တော်တော်လေး ဟန့်တယ်။ စင်ပေါ်တက်ပြီး မိုက်ခွက် လှမ်းအယူ၊ ကြမ်းပေါ် ချထားတဲ့ ဝါယာကြိုးစနဲ့ ငြိပြီး ဟပ်ထိုးဖြစ်တာကိုလည်း တရွှီးရွှီး တဖြောင်း ဖြောင်းနဲ့ အားပေးကြတာပဲ။ စောတင်ဝင်းတို့အဖွဲ့က ကျွန်တော် ဘာပြောပြော လက်ခုပ်သံကျယ်ကျယ်နဲ့ အားပေးထောက်ခံဖို့ ညှိထားကြတာလေ။
"ရှေ့က အဆိုရှင် အမျိုးသမီးကြီးက အမျိုးသားများရဲ့ စွမ်းရည်ကို သရော်လှောင်ပြောင်ပြီး အချက်ကျကျ ဖိနှိပ်သွားတော့ အကြောက်လွန်ပြီး ခလုတ်များတောင် တိုက်မိပါရဲ့ဗျာ"လို့ ချော်လဲ၊ရောထိုင် ပြောလိုက်တော့ တဟားဟားနဲ့ ပွဲကျသွားပါတယ်။
မှတ်မိသမျှတော့ 'အားသန်တဲ့သူက အလုပ် ပိုလုပ်နိုင်တယ်။ အလုပ် များများ လုပ်နိုင်တဲ့သူက နိုင်ငံ့အကျိုး ပိုမို သည်ပိုးနိုင်မယ်။ အမျိုးသမီးနဲ့ အမျိုး သား ဘယ်သူက ပိုအားသန်ပြီး ပိုအလုပ်လုပ်နိုင်မလဲ သိရအောင် တစ်ဘက်က အဆိုရှင် အမျိုးသမီးတွေထဲက ကျွန်တော်နဲ့ လက်မောင်းလှဲပြီး အားစမ်းဖို့ ရဲရင် ကြွလာစမ်းပါ'ဆိုပြီး လှန့်လုံးလေးနဲ့ ဖိတ်ခေါ်လိုက်ပါတယ်။
အမျိုးသားလက်မောင်းကို ဆွဲပြီးတော့မှ လမ်းဖြတ်ကူးရဲတဲ့ အမျိုး သမီးတွေဟာ ဘယ်လိုနည်းနဲ့မှ အမျိုးသားထုထက် သာလွန်စွမ်းဆောင် နိုင်မှာ မဟုတ်ကြောင်း၊ ပုခက်လွှဲတဲ့လက်ဟာ ကမ္ဘာကို စိုးမိုးနိုင်တယ်ဆိုလို့ ရွာသစ် သူကြီးကတော် ကလေးတွေ တသီကြီးမွေးပြီး လက်မောင်းပြုတ်မတတ် ပုခက် လွှဲခဲ့ပေမယ့် မီးဖိုချောင်လုပ်ငန်းပဲ စီမံခန့်ခွဲရတဲ့အကြောင်း၊ ထိတ်ထိတ်လန့်လန့် နဲ့ ပြောမိပြောရာ ပြောချလာခဲ့ပါတယ်။
ဆရာမဒေါ်ခင်စန်းလင်းကလည်း အမျိုးသားများအဖွဲ့ကို အာဝဇ္ဇန်း ရွှင်ရွှင်နဲ့ တော်တော်တွယ်သွားတာပါ။ အိုးနင်းခွက်နင်း အားမရလို့ မိုက်ခွက်ပါ တက်နင်းတဲ့ လူပျိုကြီးက သူ့တပည့်တွေနဲ့ ပင်းပြီး ဒိုင်လူကြီးများ မျက်စေ့လည် အောင် လုပ်နေပါကြောင်း၊ အမျိုးသမီးများ လမ်းဖြတ်ကူးတဲ့အခါ အမျိုးသားကို အကာအကွယ်ယူရတာဟာ အမျိုးသမီးများက နိုင်ငံတော်အတွက် တန်ဘိုးကြီး တဲ့သူမို့ အန္တရာယ် မကျရောက်အောင် တန်ဘိုးနည်းပစ္စည်းနဲ့ အကာအကွယ် ယူရတာဖြစ်ကြောင်း၊ အမှတ်ပေး ဒိုင်လူကြီးများအနေနဲ့ အိမ်က ပဲ့ကိုင် အမျိုး သမီးများက မည်သို့မည်ပုံ အမှတ်ပေးရမည်ဟု မှာကြားလိုက်ကြသည်ကို သတိရကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အမျိုးသားဒိုင်တွေကို ချည်တုပ်ပြီး ပြောသွားပါတယ်။
ဒိုင်အဖွဲ့ဝင် ဦးလေးကြီးများခင်မျာ အဲဒီတော့မှ ဖြတ်ကနဲ သတိရပြီး ကောက်ခါငင်ခါ အမှတ်တွေ ပေးချလိုက်ပါတော့တယ်။
အဆိုရှင်၊ အချေရှင် အရည်တူပေမယ့် လက်ခုပ်သံ များများပေးပြီး လက်ခေါက် တရွှီးရွှီး မှုတ်ခဲ့ကြတဲ့ ကျောင်းသားအားကြောင့် အမျိုးသားအဖွဲ့ အနိုင်ရခဲ့ပါတယ်။ တကယ်တော့ နိုင်ငံအကျိုး သည်ပိုးရာမှာ 'ကျား၊မ' ကွဲလို့ ဘယ်သူ အလေးသာတယ်ဆိုတာ မရှိပါဘူး။ စေတနာထားတဲ့သူ၊ ကိုယ်ကျိုး မဖက်သူ၊ ကျန်းမာသန်စွမ်းသူ မှန်သမျှ နိုင်ငံ့အကျိုး သည်ပိုးနိုင် ကြမှာပါ။
ကျွန်တော့်တပည့်တွေ အားလုံး နိုင်ငံတော်ရဲ့အကျိုးကို ဆထက် တိုးပြီး ကြိုးပန်းဆောင်ရွက်နိုင်ကြပါစေ။
No comments:
Post a Comment