စန်းလှိုင်က 'လူပူ'စာရင်းမှာ မပါတော့ နှစ်သုံးဆယ်ကြာမှ ပြန်တွေ့တဲ့ အခါ ရုတ်တရက်
ဘယ်သူဘယ်ဝါ အစဖော်မရဘူး။ လူရည်ချွန်ရွေးပွဲနေ့က အိမ်မှာ ကစားချိန်လွန်ပြီး စာမေးပွဲချိန်နောက်ကျလို့
ဖြေခွင့်မရတာ ကျွန်တော် ပါလို့ နောက်ကြောင်းလေး ဖော်လိုက်ခါမှပဲ ကိုမြင့်လွင်တို့ မောင်နှမအုပ်စုကို အမှတ်ရလာပါတယ်။ စန်းလှိုင်
အစဖော်တော့ လူရည်ချွန်အုပ်စု၊ လူရည်ချွန် ခရီးသွားအဖွဲ့ကိုလည်း အမှတ်ရမိပြန်ပေါ့။
နှစ်စဉ် ကျောင်းလူရည်ချွန်အဖွဲ့နဲ့ ကလေးမြို့ အပန်းဖြေခရီး ထွက်ရင် ကျွန်တော်လည်း ပါ'ပါတယ်။ ဆရာဦးတင်ဦးနဲ့ သွားခဲ့ရတဲ့နှစ်လည်း
ရှိတယ်။ ဆရာ ဦးဉာဏ်ထွန်းနဲ့လည်း သွားခဲ့ဖူးတယ်။ ကျောင်းသားလူရည်ချွန်အုပ်စုကို နှစ်အလိုက်
မမှတ်မိပေမယ့် ကျွန်တော် မှတ်မိသမျှ လျံရှင်းပေါင်၊
အေးဝင်း၊ တင်မောင်ဆွေ၊ အောင်မင်းလှိုင်၊ ကိုကိုလှိုင်၊ မျိုးသန့်နဲ့ လင်းထိန်လေး။ မိန်း
ကလေးတွေထဲမှာ အဲတူး၊ ခင်ဝင်းရင်၊ ရီရီစိုး၊ ရီရီထွန်းနဲ့ ချိုချိုဦးတို့ပါ။
မြို့နယ်လက်ရွေးစင်ဖြစ်ပြီဆိုတော့ လက်လှမ်းမှီသမျှ ဗဟုသုတတွေ ရှာကြ ဖွေကြ၊ မေးကြ
မြန်းကြ၊ မှတ်ကြ သားကြပေါ့။
"ဆရာ… စစ်ကိုင်းတိုင်းပညာရေးမှူးက ဘယ်သူလဲ ဆရာ"
ဒီအသံကို ကျောင်းအုပ်ကြီး ဦးအုန်းမြင့်ကြားတော့
"မင်းတို့ဆရာကို သူ့ကျောင်းအုပ်အမည် သိရဲ့လားလို့ မေးကြည့်စမ်း ပါအုံး"
ကျွန်တော်က သူတို့နားမကပ်ဘဲ အပြင်ထွက်…ထွက် လည်နေလို့
ကြုံ တုန်း တွယ်ထည့်လိုက်တာပါ။
ကာယကြံ့ခိုင်ရေးအတွက် အပြေး၊ အိပ်ထမတ်တင်၊ လက်ထောက် တွန်းတင် လေ့ကျင့်ကြတယ်။
အောင်မင်းလှိုင်က "ဆရာ… ကျွန်တော်မပြေးတတ်ဘူး ဆရာ"
"သတ်မှတ်ချိန် မီရင် ပြီးတာပဲ။ လာ…ပြေးကို ပြေးရမယ်"
တကယ်ပြေးတဲ့အခါမှာတော့ သူနဲ့အတူပြေးတဲ့သူတွေ
ပန်းတိုင် ရောက်ကုန်ပြီ။ သူက တာလွှတ်တဲ့ နေရာမှာပဲ ရှိသေးတယ်။ မပြေးလို့ မဟုတ် ပါဘူး။
ပြေးလိုက်သမှ ခေါင်းရော၊ ကိုယ်ရော၊ လက်ရော၊ ခြေရောကို အားပါး တရ ပြေးတာပါ။ ဒါပေမယ့်
သူ့ခြေလှမ်းက ရှေ့ကို ဆန့်မထုတ်ဘဲ အပေါ်ကြီး မြှောက်ပြီး နဂိုနေရာ ပြန်ကျတော့ ရှေ့ကို
မရောက်တော့ဘူးပေါ့။ အငြိမ့် လူရွှင်တော်တွေ ဇာတ်ခုံပေါ်မှာ နေရာမရွေ့ ပြေးနေတဲ့ ပုံစံမျိုးပါ။
ကြည့်နေတဲ့ သူအားလုံး ရယ်လိုက်ရတာလေ။
"အောင်မင်းလှိုင် မပြေးနဲ့၊ လမ်းလျှောက်လိုက် လမ်းလျှောက်လိုက်" ဆိုမှ
ရွေ့သွားတယ်။ မပြေးတတ်တဲ့ လူသားလည်း အမှန် ရှိသေးသကိုး။
လက်ထောက်တွန်းတင်ကိုတော့ ဘယ်သူမှ ကျကျနန မလုပ်နိုင်ပါဘူး။ တောင့်တင်းပါတယ်ဆိုတဲ့ မောင်တင်မောင်ဆွေ၊ အေးဝင်းတို့တောင်
ဖင်ဘူး တောင်း ထောင်ပြီး၊ ရင်က မကြွ။ ရင်ကို မ'တော့ ခါးက ကော့၊ ခေါင်းက မော့။ ဆိတ်တို့ကောင်
လမ်းလျှောက်သလို နှစ်ကြိမ် သုံးကြိမ်လုပ်ပြီးရင် လက်တွေက တုန်လာပြီ။ မျက်နှာက အမူအယာတွေ
လုပ်လာပြီ။ ရယ်တော့မလို မျက်နှာ ပေးကို အားတင်းလိုက်တော့ ရှုံ့မဲ့မဲ့ကြီး ဖြစ်သွားပြန်ရော။
ကြံ့ခိုင်မှုပြိုင်တာ မဟုတ်ဘဲ လူရွှင်တော်သင်တန်း တက်နေသလိုပါပဲ။
ဒီကလေးတွေ အင်းလေး၊ ငပလီ လူရည်ချွန်စခန်းအထိ ပါမှာမဟုတ် မှန်း သိပါတယ်။ သူတို့
ညံ့လို့မဟုတ်ပါဘူး။ ကျွန်တော်တို့က ပြည့်စုံအောင်
ဖြည့်စွမ်း မပေးနိုင်လို့ပါ။ ကလေးမြို့လောက်ကိုတော့ ဂုဏ်ပြု အပန်းဖြေ ပို့ပေး သင့်တယ်လေ။
လူနည်းတော့ ကားတစ်စီး သီးသန့်မစီစဉ်နိုင်ပါဘူး။ ခရီးသည် တင် ကားမှာပဲ တင်ပေးလိုက်တာပါ။
ဆရာဦးဉာဏ်ထွန်းနဲ့ သွားတဲ့နှစ်မှာ လမ်းတဝက်မှာ ကားပျက်ပါလေ ရော။ နောက်ကား ပြောင်းစီးတာ
လူမဆန့်တော့ ဦးဉာဏ်ထွန်းနဲ့ မိန်းကလေး အဖွဲ့က အရင်လိုက်သွားကြတယ်။ အဲဒီခေတ်က ကားရှားတော့
နောက်ကား ပေါ်မလာတော့ဘူး။ မိုးကလည်း တဖွဲဖွဲရွာ၊ တောကြီးထဲမှာ ကလေးတွေနဲ့ ညနေစာမှ စားရပါ့မလား။
ကလေးမြို့ကို အချိန်မီ ရောက်ပါ့မလား။ ဒီလို စိတ်ပူ ဗျာများ နေချိန်မှာ တင်မောင်ဆွေက
ဘယ်ဘက်လက်မ၊ လက်ညှိုးကွင်း ကလေးထိပ်ကို ညာဘက် လက်ခလည်ချောင်း ဖိချလိုက်တော့ လက်ချောင်းနဲ့
လက်ခုံ ရိုက်မိပြီး 'ဖောက်'ကနဲ အသံမြည်တဲ့ ကစားနည်းကို မျက်စေ့နောက် နားငြီးအောင် တဖောက်ဖောက်လုပ်တာ။
ငေါက်ရမယ့် အကြောင်းမဟုတ်ပါဘဲ ငေါက်လိုက်ရသေးတယ်။
မိန်းကလေးအဖွဲ့ ချန်ပေးထားခဲ့တဲ့ ငှက်ပျောသီး၊ မုန့်နဲ့၊ ရေကို ညစာ အဖြစ် မျှစားပြီး
မရွေ့တော့တဲ့ ကားကြီးပေါ်မှာ မပျော်ဘဲ အိပ်လိုက်ကြပါတယ်။
နောက်နံက်မှာ ကံကောင်းစွာ ရောက်လာတဲ့ကားကြောင့် ကလေးမြို့ ကို နံနက် ၁၀ နာရီလောက်
ရောက်သွားတယ်။
ကားဂိတ်မှာ ဦးဉာဏ်ထွန်းတို့က အစောကြီးကတည်းက လာကြိုနေ ကြတာ။ နှစ်ဘက်လုံး စိတ်မော
လူမောပါ။
မိန်းကလေးတွေက ဆာလို့ဆိုပြီး ထမင်းစား သွားနှင့်ကြပြီ။ ညစာကို ငှက်ပျောသီးနဲ့
ပြီးခဲ့ရတဲ့ ယောက်ျားလေးအဖွဲ့ကလည်း အဲဒီနေ့ မနက်စာကို 'နှင်းပုလဲ' ဆိုင်မှာ တရုတ်ဟင်းတွေနဲ့
အဝအတင်းကို တွယ်လိုက်ကြတာပဲ။
လူရည်ချွန်ခရီး အဖွဲ့မှာက လူနည်းလို့ ချက်ခန်းပြုတ်ခန်း မပါပါဘူး။ နံက်စာ၊ ညစာ
ဆိုင်မှာပဲ ဝယ်စားကြတာ။ စာတော်တဲ့ ကလေးတွေအတွက် ဂုဏ်ပြု ပျော်ပွဲစားထွက်တာလို့ ကျွန်တော်က သတ်မှတ်ထားတာပါ။
ပြိုင်ပွဲကြောင့် စိတ်ဖိစီးမှုမျိုး မဖြစ်စေပါဘူး။ ဖြေနိုင်သလောက်သာ ဖြေကြ။ ကြံ့ခိုင်မှုလည်း
စွမ်းသလောက်သာ လုပ်ကြ။ ဘယ်အနေအထားပဲ ဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင် စိတ်လက်ပေါ့ပါး ရှိစေချင်ပါတယ်။
ညနေစာ စားပြီးတော့ "ဟိုဟိုဒီဒီ လျှောက်ကြည့်ကြလို့" အားကစား အဖွဲ့ကို
မပေးရဲတဲ့ အခွင့်အရေးမျိုး သူတို့ကို ပေးပါတယ်။
ကတ္တရာလမ်းမကြီးတွေ၊ တိုက်ကြီး တာကြီးတွေနဲ့ လေယာဉ်ကွင်း ရှိတဲ့ ကလေးမြို့ကြီးက
သူတို့အတွက် တခမ်းတနားပါ။ ရှိုးစမိုးတွေ ထုတ်ပြီး ထွက်သွားလိုက်ကြတာ တစ်အောင့်နေတော့
ပြန်ရောက်လာကြပါတယ်။
"ဟဲ့… မြန်လှချည်လား၊ အစောကြီး ပြန်လာကြတယ်"
"ဟီး…ဟီး…ဟီး"
"ပြန်လာကြပြီလားမေးတာ၊ ရယ်စရာလား"
"ရီရီစိုးရယ်… စလင်းဘက်နဲ့ ရှိုးထုတ်လွန်ပြီး မော့မော့ မော့မော့နဲ့ လျှောက်လိုက်တာ
ဗွက်ထဲကျလာလို့ ဆရာ"
"တောသူလည်းဆိုရဲ့ ခြေထောက်မှာလည်း ရွှံ့တွေပေလို့"
တဝါးဝါး တဟားဟား ဝိုင်းစကြပေမယ့် ရီရီစိုးဆိုတာ စိတ်ဆိုးတတ် သူမှ မဟုတ်တာ၊ သူကိုယ်တိုင်
တဟီးဟီးတဟဲဟဲနဲ့ ကိုယ့်အဖြစ်ကိုယ် သဘောကျပြီး ရယ်ပါတယ်။
ကလေးမြို့မှာ ၂ ရက်လောက် ပျော်ပျော်ပါးပါး အနားယူ အပန်းဖြေခဲ့ ကြတဲ့ တို့ရဲ့
လူချွန်လူကောင်းခရီး အမှတ်တရလေးများပါပဲ။
No comments:
Post a Comment