စောတင်ဝင်း၊ မြင့်စိန်၊ တင်မောင်ဦးတို့ သုံးဦးနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက
အတန်းထဲမှာ ဆရာတပည့်၊ အပြင်မှာ ရံဖန် ညီအကို၊ ရံဖန် သူငယ်ချင်း၊ အဲလို ဆက်ဆံရေးမျိုးပါ။
စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်မကျန် စားချိန်၊ အိပ်ချိန်ကလွဲလို့ သူတို့နဲ့ ကျွန်တော်နဲ့
တပူးတွဲတွဲ နေဖြစ်ခဲ့ကြတာပါ။ ကျွန်တော်သာ ကျွေးနိုင်၊မွေးနိုင်လို့ကတော့
အိမ်တောင် ပြန်ကြမယ့်ပုံ မပေါ်ဘူး။ တခါတရံ ညပိုင်း ကျွန်တော်က အိပ်ချင်လှပြီ၊
သူတို့က မပြန်ကြသေးဘူး။ စကားပြောလို့ ကောင်းကြတုန်း။
"ပြန်ကြတော့ကွာ၊ ငါအိပ်ချင်ပြီ"
"အဲပါ.. အဲပါ.. ဒီကတော့ သူပျင်းမှာစိုးလို့လည်း လာရသေး၊ ဟေ့ကောင်တွေ လာကြဟေ့၊
ပြန်မယ်။ နောက်…မလာဘူး"
စောတင်ဝင်းက ခေါင်းကြီးတဆတ်ဆတ်ငြိမ့်၊ သွားကြီးတွေစေ့၊ ပါးစပ် ကြီးဖြဲပြီး၊ နှင်ထုတ်လို့
ခံရခက်နေပုံက သိပ်ရယ်စရာ ကောင်းပါတယ်။
နောက်ညကျတော့လည်း ရောက်လာကြပြန်ရော။
ဘက်စကတ်ဘော ကစားကြမယ်ဆိုရင်တော့ သူတို့တွေက ပင်တိုင်ပဲ။ ကျောင်းကွင်းမှာ လေ့ကျင့်ကစားကြတဲ့အခါ ကျွန်တော် ဂိုးသွင်းလို့
ဝင်သွားရင် "အဲလိုလေး ပစ်ရတယ်ကွ၊ မှတ်ထား"
ဂိုးမဝင်တဲ့အခါ "အဲလိုမပစ်ရဘူး၊
မှတ်ထား"နဲ့ပြောရင် တော်တော် ခံရခက်ကြရှာတာ။ စလို့ အလွန်ကောင်းတဲ့ တပည့်ကြီးပါ။
"ဆရာတို့နဲ့ပေါင်းလို့မှ လူရည်မလည်ရင် ဘယ်တော့မှ လူရည်လည် ဖြစ်မှာ မဟုတ်တော့ဘူးလို့"
မကြာမကြာ ပြောတတ်ပါတယ်။ စောတင်ဝင်းက ကျွန်တော်နဲ့ ဦးဌေးလွင် ရှေ့မှာ စကားမမှားအောင်၊
အမူအယာမမှားအောင် အတော် သတိထားတာ။
ကစားတဲ့အခါမှာလည်း အရမ်းနိုင်ချင်တာ။ ရှုံးလိုက်ပြန်ရင် ဘောလုံး တင်မကဘူး၊ စကားပါ
ရှုံးတာကိုး။ သူ့ခမျာ တော်တော် ခံရခက်တယ်လေ။
"ဒီနေ့ပွဲတော့ အရှုံးပေးရရင် ကောင်းမလားလို့၊ ငါစိတ်ကူးနေတာ" လို့ ပြောရင်
မပြိုင်တော့ဘူး။ မကစားခင်ကတည်းက ရှုံးနေပြီလေ။ အဲဒီလို ကျွန်တော်တို့နဲ့ ဘတ်စကတ်ဘော
ကစားတဲ့အခါ ရှုံးရမှာ အလွန်ကြောက်တဲ့ သူငယ်ချင်းသုံးယောက်၊ တစ်နှစ်မှာတော့ သူတို့ အကြောက်ဆုံး
အဖြစ်နဲ့ ကြုံရ ပုံလေး ဖောက်သည်ချလိုက်မယ်။
မြို့နယ်အားကစားကွင်းမှာ အားကစားပေါင်းစုံ ပြိုင်ပွဲတွေ ကျင်းပပေး တဲ့နှစ်၊ ဘတ်စကတ်ဘောပြိုင်ပွဲမှာ တမြို့လုံး နှစ်သင်းတည်းရှိတဲ့
ဆရာအသင်း နဲ့ ကျောင်းသားသင်း ထိပ်တိုက်တွေ့ကြပါရော။
ဆရာအဖွဲ့မှာ ဦးခင်မောင်ရွှေ(ဦးပေါ်ကာ)၊ ကိုကျော်ဆင့်၊ ဦးစံဖေ၊ ကိုဌေးလွင်၊ ကိုမောင်မောင်နဲ့
ကျွန်တော်။ ကျောင်းသားအသင်းမှာ မြင့်စိန်၊ စောတင်ဝင်း၊ တင်မောင်ဦး၊ မောင်တာ၊ မျိုးမြင့်နဲ့
ဝင်းမြင့်ပေါ့။ ဒီပွဲမှာ သူတို့တွေ ကြောက်တာ နှစ်ချက်ရှိတယ်။ အသင်းရှုံးမှာရယ်၊ ကျွန်တော်နဲ့
ဦးဌေးလွင် ဂိုးသွင်းမှာရယ်။ ရှုံးမှာထက် ကျွန်တော်တို့ ဂိုးသွင်းမှာကို ပိုကြောက်ကြတာ။
ကျွန်တော်က ဘောလုံးကို ပုတ်တဲ့ပုတ်တဲ့ပြီး ဂိုးသွင်းဖို့ ဆွဲလာရင် မြင့်စိန်က
နောက်ကနေ လိုက်ဖျက်တယ်။ ရှေ့ကနေ စောတင်ဝင်းက သူ့အရပ် ရှည်ကြီးနဲ့ လက်တဆန့်ကြီး ကားပြီး
ပိတ်ဆို့ဖျက်ကြတာ။
ကျွန်တော်ဂိုးမသွင်းနိုင်ရင် 'ဘယ့်နှယ့်ရှိစ'ဆိုတဲ့ မျက်နှာပေးနဲ့ သူတို့ မျက်နှာမှာ
ပီတိတွေပေါ်ပြီး ပျော်နေကြတာ။
တစ်ကြိမ်မှာ ကျွန်တော်က တဟုန်ထိုး ပြေးဆွဲအလာ၊ တင်မောင်ဦးနဲ့ မြင့်စိန်က ကမူးရှူးထိုး
ဖျက်။ စောတင်ဝင်းက ထိတ်ထိတ်ပြာပြာ ကိုးယိုးကား ယား ပိတ်။ ကျွန်တော်ကလည်း 'ဒီတစ်ခါတော့
ပြတော့မှ'ဆိုပြီး အသာလေး ဆတ်ကနဲ ဘရိတ်အုပ်၊ ကိုယ်ကို ၁၈၀ ဒီဂရီလှည့်ပြီး ဂိုးတိုင်ကို
နောက်ကျော ပေး အနေအထားရောက်အောင် ပြောင်းလိုက်တယ်။ ပြီးတော့မှ လက်နှစ်ဖက် ကို ရှေ့ဆန့်ထုတ်၊
ကိုင်ထားတဲ့ ဘောလုံးလေးကို သက်တောင့်သက်သာ ဆတ်ကနဲမြှောက်ပြီး နောက်ပြန်ပစ်လိုက်တာ ကျွမ်းကျင်မှု၊
လိမ္မာပါးနပ်မှုတွေ ပေါင်းစပ်ထားတဲ့ ဘော့လုံးလေးဟာ သံကွင်းကိုတောင် မထိရဲဘဲ ပိုက်ကလေး
ကို အသာပုတ်တဲ့ပြီး 'စွပ်'ကနဲ ဝင်သွားတော့ စောတင်ဝင်းခင်ဗျာ ပါးစပ်ကြီး အဟောင်းသားနဲ့
ပန်လန်လက်၊ ပက်လက်လန်ပြီး ကားယားကြီး ကျန်ခဲ့ပါတော့ တယ်။
အဲဒီတုန်းက ကျွန်တော့်အပြုံးကို သူတိတ်တခိုး ကြည့်ခဲ့တာ ဖြစ်ပေမဲ့ တစ်သက် မေ့မှာမဟုတ်သလို၊
အလန့်တကြား အော်လိုက်မိတဲ့ ရင်ခေါင်းသံ ကြီး ထွက်မလာအောင် အံကြိတ်ပြီး 'ဂလု'ကနဲ သူမြိုချလိုက်တာကိုလည်း
ကျွန်တော်ပဲ မြင်မိခဲ့တာပေါ့။
No comments:
Post a Comment