အားကစားအဖွဲ့နဲ့ သွားရတာက အုပ်စုတောင့်လို့ ပျော်စရာလည်း ကောင်းပါရဲ့။ အားကစားသမားတွေရဲ့ထုံးစံ
စည်းကမ်းလိုက်နာမှု့ အားနည်း တတ်တာကြောင့် တစ်ခါတစ်လေ စိတ်ညစ်ရပါတယ်။
အားကစားအဖွဲ့နဲ့ ပင်တိုင် လိုက်ပါရတဲ့ ဆရာကြီးတွေကတော့ ဆရာကြည်၊ ဦးစံဖေ၊ ဦးဝင်းဖေတို့ပါ။
အုပ်ချုပ်ရေးကိစ္စ၊ ချက်ပြုတ်ရေးကိစ္စ အဝဝ တာဝန်ယူရတာ။ အိုးတွေ၊ ခွက်တွေ၊ တောင်းတွေ၊
ပလုံးတွေ၊ တပြုံတမ ကြီး တင်သွားပြီး ကိုယ်တိုင်ချက်ပြုတ် စားကြရတာ။
ဆရာကြီးတွေက ချက်ပြုတ်ရေးကို စီမံပေး၊ ကျောင်းသားကျောင်းသူ တွေက ကူညီပံ့ပိုးမှ
လူ လေးငါးဆယ် အချိန်မီ စားကြ သောက်ကြရတာ။
ထင်းခွဲ၊ ရေခပ်ကို တာဝန်ဇယားနဲ့ အလှည့်ကျ ပေးထားပေမယ့် ရေ သုံးချင် ရေမရှိ၊ မီးသုံးချင်
ထင်းမရှိ၊ အော်ဟစ်ကြိမ်းမောင်းနေရတာပဲ။
ဈေးခြင်းဆွဲတော့ လိုက်ချင်ကြတယ်။ ဈေးထဲ လည်ခွင့်လည်းရတယ်၊ မုန့်လည်း စားရတယ်လေ။
ကလေးတွေဘက်က ကြည့်တော့လည်း အားကစားလာပြိုင်တာဟာ ပျော်ပွဲစား အပန်းဖြေထွက်လာတာပဲ။
အဲဒီခေတ်က အလယ်တန်း၊ အထက် တန်း ကျောင်းသားအရွယ်မှာ'ကလေး၊ ကလေးဝ' ရောက်ဖူးဘို့ လွယ်တာမှ
မဟုတ်တာ။ အိမ်မှာတောင် ဘာမှမလုပ်ရဘဲ ဒီမှာကျမှ ရေဆွဲ၊ ထင်းခွဲ လုပ်ရမှာ လေ။ အများနဲ့နေတာ
အိမ်မှာလို နေလို့မရဘူး။ တာဝန်ယူရမယ်။ တာဝန် ကျေရမယ်။ အားကစားပြိုင်တာပေမယ့် အများနဲ့
လိုက်လျောညီထွေ နေတတ် တဲ့ အလေ့အထကို လေ့ကျင့်ပေးဖို့ကလည်း ဆရာတို့မှာ တာဝန်ရှိပါတယ်။
ချမှတ်ထားတဲ့ စည်းကမ်းကိုတော့ အဖွဲ့ဝင်တိုင်း လိုက်နာရမှာပါ။
ကလေးမြို့မှာ ပြိုင်တဲ့ တစ်နှစ်က စရောက်တဲ့နေ့မှာ ညနေစာ စားပြီး ခဏလည်ခွင့် ပေးလိုက်ပါတယ်။
''ကိုယ့်အဖွဲ့လေးနဲ့ ကိုယ် လည်ကြ။ လူမကွဲစေနဲ့၊ ကိုယ်သွားတဲ့ လမ်းကြောင်းကိုလည်း
မှတ်မှတ်သားသား လုပ်ထား။ ယောင်တောင်တောင် ကောင်တွေ သတိထား။ လူလည်တွေကို မျက်ခြေမပျက်
ကြည့်ထား။ အချင်း ချင်း ရန်မဖြစ်ပါနဲ့။ မိုးမချုပ်ခင် ပြန်လာကြပါ။ ယောက်ျားလေးခန်း၊
မိန်းကလေး ခန်း အကူးအသန်း မလုပ်ရ''
မှာစရာရှိတာတွေ မှာပြီး လည်ခွင့်ပေးလိုက်တယ်။
မြို့ကလည်း သိပ်မကျယ်၊ အချိန်ကလည်း ညနေစောင်းဆိုတော့ မကြာခင်ပဲ ကလေးတွေ အုပ်စုလိုက် အလျှိုလျှိုနဲ့
စခန်း ပြန်ဝင်လာကြပါတယ်။
လူစုံပြီထင်လို့ စစ်လိုက်တော့ မောင်မောင်တစ်ယောက် ပြန်မရောက် သေးဘူး။
''ဟေ့ ဘယ်သူနဲ့သွားတာလဲ၊ ဘယ်သူမြင်လိုက်လဲ''
ဘယ်သူမှ ပြန်မဖြေနိုင်ဘူး။
''ဒီကောင် လူလည်ပါ။ မစိုးရိမ်ပါနဲ့''
ဆရာကြည်နဲ့ ဆရာဦးစံဖေတို့က ပြောပေမယ့် စိတ်ပူရပါတယ်။ ပြန် ရောက်လာရင်လည်း အဖွဲ့စည်းကမ်း
ထိန်းသိမ်းရေးက ကောင်းမှာ မဟုတ်ဘူး။
''အဲ… ပြန်ရောက်ရင်တော့ အိပ်ယာလိပ်ခိုင်းပြီး ခြောက်ရမှာပေါ့
ဆရာ၊ ဒါမှ ကျန်တဲ့ကောင်တွေ ထိန်းလို့ရမှာ''
တော်တော်လေးမိုးချုပ်တော့ ကုပ်ကုပ်ကုပ်ကုပ်နဲ့ ဝင်လာပါရော။ အချိန် တော်တော်လင့်နေတာ
သိတော့ အသံမပေးဘဲ အသာလေး ဝင်အိပ် မှာပေါ့။ ဒါပေမယ့် ဒီမှာက မအိပ်ဘဲ ထိုင်စောင့်နေကြရတာ
မဟုတ်လား။
''မောင်မောင် .. လာအုံး''
ကြိုတင်ဇာတ်တိုက်ထားတဲ့အတိုင်း အိပ်ယာလိပ်ပြင်ဖို့ ကြိမ်းရတာပေါ့။
''အေး…ဒီညတော့ မိုးချုပ်လို့ ကားမရှိတော့ဘူး။ ဒီမှာအိပ်။ နောက်နေ့ ကားရှိရင်
တခါတည်း တင်ပေးလိုက်မယ်။ မင်းမပါရင် မဖြစ်ဘူး ထင်မနေနဲ့။ ရှုံးလည်း ဂရုမစိုက်ဘူး'' ဘာညာနဲ့
ဆူရတာပေါ့။
မောင်မောင်ဆိုတဲ့ကောင်ကလည်း ခေါင်းမာတာလား၊ သူ့အမှားကို ဘယ်လိုတောင်းပန်ရမလဲ
မသိတာလား၊ ဘာတစ်ခွန်းမှ မဟဘဲ ခေါင်းငုံ့ခံပြီး မျက်နှာသေလေးနှင့် အိပ်ယာဝင်သွားပါတယ်။
နောက်ရက် ကားမရှိလို့ ပြန်မပို့ ပါဘူး။ ကလေးဝ၊ ကလေး၊ တမူးကားတွေက နေ့တိုင်းရှိတာမှ
မဟုတ်တာ။
''အရေးကြီးတယ် ဆရာရယ်၊ ခွင့်လွှတ်ပါ၊ နောင်မဖြစ်စေရပါဘူး'' ဆိုတဲ့ ဆရာကြည်၊ ဆရာဦးစံဖေတို့
တောင်းပန်လို့ ခွင့်လွှတ်ရတဲ့ ဇာတ်ညွှန်း ဆွဲပြီး ကစားခွင့် ပေးလိုက်တယ်။ ကျန်တဲ့ ကစားသမားတွေအားလုံး
အားတက် ပျော်ရွှင်သွားကြပါတယ်။ ကျွန်တော့်မှာတော့ ဒီကောင် စိတ်မပါ၊ လက်မပါ ကစားနေရင် ''ဒုက္ခ''လို့တွေးပြီး
စိတ်ထဲ တထင့်ထင့်နဲ့ပေါ့။
ဒါပေမယ့် ဘောလုံးသမားဆိုတာ သိပ်ကစားချင်ကြတာ မဟုတ်လား။ အရွယ်ကလည်း ငယ်သေးတော့ ဘာကိုမှ စိတ်ထဲမှာ ကြာကြာထားပြီး
ခံစား တတ်တာ မဟုတ်ဘူးလေ။ အဲဒီနေ့ပွဲမှာတော့ ''မန်းအော့သမက်ခ်ျ'' သတ်မှတ်ရ လောက်အောင်
မောင်မောင်တစ်ယောက် မွှေနှောက်ကစားပြီး အနိုင်ပွဲကို အရယူပေးခဲ့ပုံကတော့ ဆြာအဲလက်မောင်မောင်မြင့်တစ်ယောက်
စိတ်ဆိုးမှု တွေအားလုံး လွင့်ပျောက် သွားခဲ့ရပါရောလား။
No comments:
Post a Comment