N
အောက်ကျင်းသား မြင့်ဦးတစ်ယောက် ကျောင်းမတက်ပဲ ပျောက်နေ တာ တော်တော်ကြာပြီ။ ကျောင်းလာလိုက်၊ ရက်တော်တော်ကြာ ပျောက်သွား လိုက်၊ ပေါ်လာလိုက်။ သူက ကျောင်းပြေးတာမျိုးလည်း မဟုတ်ဘူး။ မေးလိုက် ပြန်ရင်လည်း ခရီးထွက်နေလို့ပါတဲ့။ စကားပြော မပွင့်တပွင့်၊ မျက်နှာကတော့ အမြဲတမ်း ပြုံးနေတာပါ။ နိုဝင်ဘာလထဲရောက်တော့ ထုံးစံအတိုင်း ကျောင်း တက်နေပြန်ရော။
ဒါပေမယ့် ဒီတစ်ခေါက် သူ့မှာ ထုံးစံထက် ပိုပြီး ပြောစရာရှိနေပုံပဲ။
"ဆရာ"
"ဟေ"
"ပျင်းလိုက်တာ ဆရာရယ်၊ အငြိမ့်မကြည့်ရ၊ ပွဲမကြည့်ရ။ ဆရာက ဇာတ်အငြိမ့်တွေ ပေါတဲ့ဆီက လာတော့ ပိုပျင်းမှာပေါ့။ ပွဲလေးဘာလေး မကြည့် ချင်ဘူးလား ဆရာ"
"ဘယ်မှာရှိလို့လဲ"
"ခုတော့ မရှိဘူးဆရာရယ်…၊ ရှိအောင်လုပ်ရမှာပေါ့"
"အောင်မာ…လွယ်မှတ်လို့"
" ဆရာ၊ ဒီတစ်ခေါက် ကျွန်တော် ခရီးထွက်တော့ မင်းသမီးရွာမှာ ပွဲ ကြည့်ခဲ့ရတယ်။ အဲဒီက ဇာတ်ခုံနဲ့ ကားလိပ်တွေ တော်တော်နဲ့ ပြန်မသယ်သေး ဘူးတဲ့။ အဲဒီဇာတ်ခုံနဲ့ ကားလိပ်တွေ ငှားဖို့ ပြောလိုက်ပြီဆရာ"
"ဟ…အငြိမ့်ငှားတာ မဟုတ်ဘဲ၊ ဇာတ်ခုံ ကားလိပ်ငှားတော့ ဘယ့် နှယ် ပွဲကြည့်မှာလဲကွ"
"ဟာ…ဆရာကလည်း ကျောင်းကပွဲ လုပ်ရအောင်လို့ ပြောတာ။ ဆရာကြီး ဦးအုန်းမြင့်ကို ပြောပေးပါ။ ဇာတ်ခုံခလည်း မကုန်စေရပါဘူး။ ဆရာ ကန်တော့ပွဲတုန်းက ဆရာသီချင်းဆိုတာ တော်တော်ကောင်းတာပဲ။ ဆရာ့ မန္တလေးသား ဇာတိပြပြီး ကပွဲလေးဖြစ်အောင် လုပ်စမ်းပါဆရာရယ်။ ကျွန်တော် တို့ ပျော်ချင်လို့ပါ။ ဆရာကြီးကို ပြောပေးပါနော်…ဆရာ၊နော်…"
မြင့်ဦးကတော့ လုပ်ချလိုက်ပြန်ပြီ။ ငှားခဲ့ပြီတဲ့။ မကလို့ မရဘူးတဲ့။ ဆရာက အဆိုကောင်းတဲ့။ မြှောက်လုံးလေးကလည်း ပါလိုက်သေး။ ဒါနဲ့ ဆရာကြီး ဦးအုန်းမြင့်ကို ပြောပြ၊ ခွင့်တောင်းတော့ 'လုပ်ကြလေ'တဲ့။
အဲဒီတော့မှ မမတင်က အခန်းထဲဝင်ပြီး သေတ္တာထဲက ဝတ်စုံလေး တစ်စုံ ထုတ်လာပြီး ပြပါတယ်။ မူလတန်းအရွယ်ဝတ် မင်းသမီးဝတ်စုံလေးပါ။ ရန်ကုန်မှာ ကျောင်းကပွဲတုန်းက သုံးတဲ့ဝတ်စုံတဲ့။ ဒီမှာလိုအပ်ရင် သုံးဖို့ ထည့်ယူ လာတာတဲ့။ ကျောင်းအုပ်ကြီးရော၊ ဆရာကြီးကတော်ရော နှစ်ဦးလုံး အနုပညာ ဝါသနာထုံကြသူတွေမို့ သူတို့ဆီက ပွဲမိန့်ရတာ မဆန်းပါဘူး။
ကျန်တဲ့ မြို့နယ်အဆင့် အာဏာပိုင်တွေဆီက ခွင့်ပြုချက် လိုမလို ကျွန်တော် မသိပါဘူး။ တပည့်တွေက ပွဲကြည့်ချင်တယ်၊ ကျောင်းအုပ်ကြီးက ခွင့်ပေးတယ်၊ ဒါဆို ကပွဲအတွက် ပြည့်စုံပြီလို့ ယူဆတာပါ။
"ကဲ…မြင့်ဦးရေ၊ ပွဲမိန့်တော့ ကျပြီကွ။ မင်း က'မှာလား"
"ဟာ…ဆရာကလည်း၊ ကျွန်တော် မကတတ်ပါဘူးခင်ဗျာ။ ပွဲကရပြီး ကျောင်းသား၊ ကျောင်းသူတွေ ပျော်…ပြီးတာပဲ။ ကျောင်းကပွဲလေး ဖြစ်စေချင် တာပါ"
ကပွဲ လုပ်ဖြစ်မယ့်အကြောင်း ပြောတော့၊ သူ တော်တော်ပျော်သွား ပါတယ်။ ပြုံးတဲ့ရီတဲ့အခါ ပါးချိုင့်လေးပါတဲ့ သူ့ဟန်ပန်က တကယ့် ဇာတ်မင်းသား ရုပ်ပါ။ ပွဲ တကယ်က'တဲ့ရက်မှာ ခရီးထွက်နေလို့ သူမရှိပါဘူး။ ကပွဲပြီးမှ ပြန် ရောက်လာပါတယ်။
"ဇာတ်ဆရာရယ် ဘယ့်နှယ် လုပ်လိုက်တာလဲ။ ဇာတ်ခုံကြီး ပို့ပေးပြီး အခုမှ ပြန်လာရတယ်လို့"
"သူငယ်ချင်းတွေ၊ ညီငယ်၊ ညီမငယ်တွေ ပျော်ကြရရင် ကျွန်တော် ပျော်ရတာပါပဲ ဆရာရယ်"တဲ့။
အထက်တန်း စိတ်ဓါတ်ပိုင်ရှင် အထက်တန်း ကျောင်းသားပေပဲ။
တကယ်တော်တဲ့ ဇာတ်ဆရာမြင့်ဦးပါ။
No comments:
Post a Comment