Wednesday, April 3, 2013

ဟုမ်းကျူရှင်


ကျွန်တော် တမူးကျောင်းကို စရောက်တဲ့နှစ်မှာ မကြာခင် ပင်စင် ယူမည့် ဆရာကြီး တစ်ယောက်နဲ့ ကြုံရပါသေးတယ်။ ဆရာကြီး ဦးဘသော်ပါ။ ကျန်ဆရာ၊ ဆရာမတွေ အားလုံးက 'ဘကြီးသော်'လို့ ချစ်စနိုး ခေါ်ကြပါတယ်။
ဆရာကြီးဦးဘသော်က ကျောင်းအပေါ်၊ ဆရာဆရာတွေအပေါ်၊ ကျောင်းသားကျောင်းသူ ကလေးတွေအပေါ်၊ အတော် သံယောဇဉ်ကြီးပြီး ချစ်ခဲ့ လေတော့ သူ့ကိုလည်း အားလုံးက ဝိုင်းပြီး ချစ်ကြတာပေါ့။
ပင်စင်ယူပြီးတော့လည်း ကျောင်းကို မကြာမကြာ လာလည်ပါတယ်။ ဆရာ၊ ဆရာမတွေအတွက် လ္ဘက်သုပ်တို့၊ မုန့်တို့ ပါလာတတ်ပါတယ်။ ရယ်စရာ အပြောင်အပြက်လည်း ပြောတတ်တော့ အားလုံးရဲ့ ချစ်ခြင်းကို ရယူနိုင်ခဲ့တာ မဆန်းပါဘူး။
ကျွန်တော် ရောက်စနှစ်မှာ အချိန်တွေ အရမ်းပိုပြီး ပျင်းနေမှာစိုးရှာလို့ သူ့ သမီးတွေကို ဟုမ်းကျူရှင် သင်္ချာပြပေးစမ်းပါလို့ ပြောပါတယ်။
"မယ်သီလ၊ အဲ…ဟုတ်ပေါင်၊ ဆရာလေး အားတဲ့အချိန်ပေါ့ဗျာ။ ဒီကောင်မတွေက သူတို့ဘာသာ စာလုပ်ကြတဲ့ဟာတွေ မဟုတ်ဘူး"
"ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျွန်တော် အချိန်ပေးနိုင်ရင် လာပေးပါမယ်"
ဒီလိုနဲ့ အချိန်အားကြောင့် ပျင်းမနေရအောင် 'ဟုမ်းကျူရှင်'လေးတစ်ခု စလိုက်ပါတယ်။
သင်တန်းသူ သုံးယောက်ပါ။
အတန်းမတူဘူး။ ဉာဏ်ရည်မတူဘူး။ စိတ်နေမတူဘူး။
ခင်မာရီက သဘောပေါက်ခဲတယ်။ ဒီနေ့သိ၊ နောက်နေ့မေ့ပဲ။
အလတ်မ ခင်မာကြည်ကတော့ ဉာဏ်ကောင်းတယ်၊ ပျင်းတယ်။ ကျောင်းမှာတွက်ပြီးသား နောက်တစ်ကြိမ် ထပ်မလုပ်ချင်ဘူး။
အငယ်ဆုံးလေး ခင်မာချိုက အိမ်မှာသင်ရတဲ့ 'ဟုမ်းကျူရှင်'ကို သိပ် သဘောကျတယ်။ အမေးအမြန်းထူတယ်။
အကြီးမခင်မာရီကို နောက်တစ်ခေါက် ထပ်ရှင်းပြနေတုန်း ဒရွတ်ဆွဲ ထိုင်နေတဲ့ အလတ်မခင်မာကြည်ကို 'ခုချက်ချင်းတွက်'လို့ ငေါက်နေရတယ်။ အငယ်ဆုံးခင်မာချိုက "ဒါက ဘယ်လိုလဲ၊ ဒါပြီးရင် ဟိုဟာ တွက်ရမှာလား" ဆိုပြီး တချိန်တည်းမှာ ကြားဖြတ် မေးပြန်ရော။
စန္ဒယားပညာရှင်ကြီးဟာ များပြားလှတဲ့ စန္ဒယားခလုတ်တွေကို အပြေးအလွှား တို့ထိကစားပြီး လှပတဲ့ သံစဉ်တွေကို ဖန်တီးသွားကြတာ အံ့သြ စရာပါပဲ။ ကျွန်တော့်မှာတော့ တပည့်လေး(၃)ယောက်ကိုတောင် လိပ်ပတ် လည်အောင် ရှင်းမပြနိုင်ခဲ့ပါဘူး။
မကျွမ်းကျင်သေးပဲ တီးခတ်တဲ့ စန္ဒယားသံဟာ အသံထွက်ပေမယ့် သာယာနာပျော်ဖွယ် မဖြစ်နိုင်ပါဘူး။
ကျွန်တော့်မှာလည်း သင်ကြားရေး အတွေ့အကြုံ မရှိသေးတာကြောင့် ဂီတသံဖြစ်အောင် မစွမ်းနိုင်သေးတဲ့ စန္ဒယားဆရာငယ်ရဲ့ အားလျော့မှုမျိုးနဲ့ ဘကြီးသော်ကို တောင်းပန်လိုက်ရပါတယ်။
ခေတ်ဟောင်းဆရာကြီးရဲ့ ခေတ်ရှေ့ပြေး 'ဟုမ်းကျူရှင်'အစီအစဉ် ကလေးဟာ ခေတ်သစ်ဆရာပေါက်စလေးရဲ့ ခေတ်ဟောင်းအတွေးကြောင့် တစ်ပတ်ကျော် ကာလအတွင်းမှာ ပျက်ပျယ်သွားခဲ့ရပါတယ်။
အကြောင်းမသိတဲ့ သူတွေကိုတော့ ကျွန်တော်က ဒီလိုကြွားလိုက်ချင် သေးတယ် …
"အဲဒီဆရာမလေးတွေ ကျုပ် ကျူရှင်ကနေ အောင်သွားကြတာပေါ့"
UE N

1 comment:

  1. သူတို.တွေကိုပြလိုက်ဦးမယ်

    ReplyDelete