Sunday, March 24, 2013

အံဆုံးပေါက်သူ




ဦးသောင်းဖေတို့တတွေ မြို့မကျောင်းဝင်းထဲမှာ အလှူပွဲအတွက် ချက်ပြုတ်နေကြတယ်ဆိုလို့ လိုက်သွားတော့ မမောမပန်း နိဗ္ဗာန်လမ်း ခင်းနေ ကြတာ မြင်ရတော့ ဝမ်းသာမိပါတယ်။ အသင်းအပင်း အုပ်စုလိုက်ကြီး ဆိုတော့ တပည့်တချို့ကိုလည်း မြင်တွေ့နှုတ်ဆက်ခဲ့ရပါတယ်။
"ဆရာ…ကျမကို မှတ်မိလား"
လေသံက အောက်ကျင်းလေသံပဲ။ သူ့မျက်နှာကို သေသေချာချာ ကြည့်ပြီး နှစ်၃၀လောက် နောက်ကြောင်းပြန်တော့ 'တုတ်တုတ်ခိုင်ခိုင်' ပုံကနေ တဖြည်းဖြည်း တရေးရေးနဲ့ ပိန်ပိန်သွယ်သွယ်၊ တရှောင်ရှောင် ဖျားနေတတ်တဲ့ 'မိဆန်း'ငယ်ရုပ် ပေါ်လာပါတယ်။ ခုတော့ ကျန်းကျန်းမာမာ၊ ဝဝဖြိုးဖြိုးမို့ တွေ့ရ တာ ဝမ်းသာမိပါရဲ့။
အောက်ကျင်းရပ်က ဦးထုံးရဲ့သမီးကြီး မဆန်းဟာ ဆရာကြီးဦးအုံးမြင့် စစ်ကိုင်းတိုင်းရုံးကို အစည်းအဝေး သွားတဲ့အခါ ဆရာကြီးကတော် 'မမတင်' အဖော်ရအောင်လို့ ဆရာမဒေါ်တင်စိန်၊ မသဲရီတို့နဲ့အတူ လာအိပ်ပေးပါတယ်။
ကျောင်းအုပ်ကြီးကတော် မမတင်က ရန်ကုန်သူဖြစ်ပေမယ့် ဟိတ်နဲ့ ဟန်နဲ့ မနေတတ်ပါဘူး။ ဆရာတွေ၊ ဆရာမတွေနဲ့လည်း ရင်းရင်းနှီးနှီးပါပဲ။ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း အမည်ကအစ ညီအကိုမောင်နှမ အုပ်စု လိုက်ကို 'က'စာရင်း မကိုင်ဘဲ သိနေတာ။
ကျောင်းသား၊ ကျောင်းသူတွေ လှုပ်ရှားသွားလာနေကြတဲ့ မြင်ကွင်းကို ပြဇာတ်ရှည်ကြီးအမှတ်နဲ့ သူ့အခန်းပြတင်းကနေ တစ်နေကုန်  ထိုင်ကြည့်ပြီး အပျင်းဖြေ ရတာလေ။
တစ်ည…၊ ညည့်ဦးပိုင်း ဝိုင်းဖွဲ့စကားဝိုင်းမှာ သွားရောဂါအကြောင်း ရောက်သွားတယ်။
"သွားကိုက်တာ တော်တော် ခံရခက်တာပဲ"
"နေ့တုန်းက ဘာမှမဖြစ်၊ ညဘက် ဘာမှ…မတတ်နိုင်တဲ့ အချိန်ကျမှ တစစ်စစ် ကိုက်တာ"
"သွားကိုက်ရောဂါထက် ဆိုးတဲ့ရောဂါ မရှိဘူးထင်ပါရဲ့အေ"
"အမယ်လေး…ငါ အံဆုံးပေါက်တုန်းကဆို ပါးကြီးကို ယောင်ကိုင်းပြီး မခံမရပ်နိုင်ပါပဲအေ။ နနွင်းတွေသိပ်၊ ဆားတွေသိပ်၊ ဒါလဲ မရပါဘူး"
"တချို့ကျ အံဆုံးပေါက်တာ သိတောင် မသိလိုက်ဘူးတဲ့"
"ဘာလဲ…အံဆုံးပေါက်တာ"
အငယ်ဆုံး မိဆန်းက မေးပါတယ်။
မမတင်က ရယ်ပြီး "ဒီကောင်မလေးသိတာ ဘာမှမရှိပါလားဟေ့၊ သွားထဲက ဟိုး…နောက်ဆုံးနေရာမှာ အံသွား ပေါက်လာတာကို ပြောတာ။ သွားဖုံးက သိပ်ထူနေရင် တအားတိုးတော့ နာတာပေါ့အေ။ လူဆိုတာ အံဆုံး ပေါက်ပြီးမှ အရွယ်ရောက်တာ။ ငါဆိုရင် အံဆုံးပေါက်ပြီးမှ ညည်းတို့ ဆရာကြီး ဦးအုံးမြင့်နဲ့ တွေ့တာ။ ဟဲ…ဟဲ"
မမတင် အပြောင်အပျက်ပြောလို့ ရယ်ကြရသေးတယ်။
မရယ်နိုင်တာ မဆန်း။ ဇဝေဇဝါ တအံ့တသြ ဖြစ်နေတဲ့ပုံနဲ့။
"ကျမက သူ့ဘာသာသူ အရွယ်ရောက်တယ် အောက်မေ့တာ၊ ဒီလို မျိုးကြီး အံဆုံးပေါက်မှ အရွယ်ရောက်တာလား"တဲ့။
"အေးပေါ့၊ နင်တို့ဆရာ ဦးမောင်မောင်မြင့်ဆို အံဆုံးမပေါက်သေးဘူး၊ ဒါ့ကြောင့် အရွယ်မရောက်သေးဘူး၊ ဒါ့ကြောင့် မိန်းမ မရသေးဘူး"
မဆန်းရဲ့ ပါးစပ်အဟောင်းသား အံ့သြနေတဲ့ပုံကို ဝိုင်းရယ်ရင်းနဲ့ပဲ ညည့်ဦးပိုင်းစကားဝိုင်း သိမ်းခဲ့ကြပါတယ်။
နံက်မိုးလင်းတော့ အခန်းရှေ့ ဝရံတာမှာ ရေပုံးလေးနဲ့ မျက်နှာသစ် သွားတိုက်နေတဲ့ မဆန်းကိုမြင်ရတယ်။ တချို့တွေ သွားတိုက်တာ မြန်တယ်။ သုံး၊လေးချက်လောက် ပွတ်ပြီး 'ပလွတ်၊ ပလွတ်'ဆို ပါးလုတ်ကျင်းပြီး… ပြီးသွားရော။ တချို့ကျတော့ ပါးစပ် တစ်ခုလုံး အမြှုပ်တွေ တစီစီထအောင် တိုက်တာ။ ဘယ်ညာ၊ ထက်အောက် အတွင်း၊ အပြင် မပြီးနိုင်ဘူး။ စကားများ တောင် ပြောလိုက်ကြသေး။
မဆန်း သွားတိုက်တာ အဲသလောက် မကြာပေမယ့် ကျွန်တော် သွားတိုက် မျက်နှာသစ် ပြီးချိန်ထိ သူမပြီးသေးဘူး။
"ဟေ့…မိဆန်း၊ သွားဖုံးတွေ ပါးပြီးတော့ အံဆုံးမြန်မြန်ပေါက်အောင် တအား ဖိတိုက်နေတာ မဟုတ်လား"လို့ လှမ်းစလိုက်တော့-
"အာ…ဆရာကလည်း၊ မဟုတ်ပါဘူး၊ ဟီး…ဟီး" ရှက်ကိုးရှက်ကန်း သွားတိုက်မျက်နှာသစ်လုပ်ငန်း အဆုံးသတ်သွားပါတယ်။
ကျွန်တော် တမူးကနေ မပြောင်းခင်မှာပဲ တပည့် တော်တော်များများ အိမ်ထောင်ကျခဲ့ကြပါတယ်။ မဆန်းက သွားတိုက်တာ ကောင်းလို့လားမသိ၊ အစောဆုံး အံဆုံးပေါက်သူပါ။
အံဆုံး မပေါက်သေးသူများ ယခင်'မဆန်း'၊ ယခု'ဒေါ်ကြီးဆန်း'ကို ကြုံကြိုက်လျှင်ဖြစ်စေ၊ ကြုံကြိုက်အောင် တမင်လုပ်ဖြစ်စေ၊ တိုးတိုးတိတ် တိတ် ကျိတ်မေးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
(မဆန်းရေ… ဆရာတော့ အံဆုံးပေါက်မလားဆိုပြီး တအားဖိတိုက် လိုက်တာ အံဆုံးပေါက်မဲ့ နေရာရဲ့ ရှေ့က အံသွားနှစ်ချောင်း ကျိုးသွားပြီဟေ့)

No comments:

Post a Comment