တစ်နေ့သ၌...ကျွန်ုပ်သည် မန္တလေးမှ အဖေပို့လိုက်သော ငွေတစ်ရာကျပ်တိတိကို ကြည့်မြင်တိုင် ဗားကရာလမ်း ဦးလေးအိမ်သို့ သွားယူရလေ၏။ အပြန်တွင် ကားခဆယ်ပြားကို နှမြောသောကြောင့် မြေနီကုန်းဘက်သို့ ခြေကျင်လျှောက် လာခဲ့လေ၏။ ထိုစဉ်က တပင်ရွှေထီးရုပ်ရှင်ရုံတွင် 'ချစ်သူရွေးမယ်ချစ်ဝဲလည်' ဟူသော ရုပ်ရှင်ကားကြီးကို ရုံတင်ပြသနေသော အချိန်ဖြစ်လေ၏။ နာမည်ကျော် ရုပ်ရှင်မင်းသား ဝင်းဦး ခုနှစ်ကိုယ်ခွဲ၍ နာမည်ကျော်မင်းသမီး ခုနှစ်လက်ဖြင့် တွဲဖက်သရုပ်ဆောင် ထားသဖြင့် အလွန်ထင်ရှားသော ရုပ်ရှင်ကားကြီးဖြစ်လေ၏။ လက်မှတ်မရောင်းသေးသော်လည်း လက်မှတ်ရုံ တွင် တန်းစီနေသော လူတန်းကြီးမှာ လွန်စွာမှပင် ရှည်လျားလေ၏။ကျွန်ုပ်လည်း ဇာတ်ဝင်ခန်းပါ ကြော်ငြာဓါတ်ပုံများကို အလကား ကြည့်အံ့ဟူသော စိတ်ကူးဖြင့် ရုပ်ရှင်ရုံဘက်သို့ မော့မော့မော့မော့ဖြင့် ကူးလာ ခဲ့ရာ လက်မှတ်ဝယ်ရန် တန်းစီနေကြသော လူတန်းရှည်ကြီးထဲမှ ကျွန်ုပ်၏ နာမည်ကို ခေါ်သံကြား၍ လှည့်ကြည့်မိလေ၏။ ကျွန်ုပ်တို့အတန်း ဝိဇ္ဇာတွဲမှ ဝိဇ္ဇာဓိုရ်မများတည်း။ ရေတွက်၍ ကြည့်ရာ ခုနှစ်ယောက်ရှိသတည်း။"နင်ရော ကြည့်မှာ မဟုတ်လား။ လာ…ဒီနား လာတန်းလှည့်"ကျွန်ုပ်လည်း ယောင်တိယောင်ကန်း ဝင်တန်းမိလေ၏။ ကျွန်ုပ်အား နေရာပေးပြီးသောအခါ ဝိဇ္ဖာမယ်တစ်သိုက်သည် သူတို့အတွက် လက်မှတ်ဖိုး ငွေကို ကျွန်ုပ်လက်ထဲ ထည့်ကြပြန်ကာ လူတန်းအပြင်သို့ ထွက်သွားကြလေ သတည်း။ စင်စစ် ကျွန်ုပ်အား လက်မှတ်တိုးခိုင်းခြင်းပေတကား။ကျွန်ုပ်လည်း လက်မှတ်ရှစ်စောင် ဖြတ်ပြီးသောအခါ အလယ်ကျသော လက်မှတ်တစ်စောင် ယူထားလိုက်၏။ ကျန်ခုနှစ်စောင်ကို မမြင့်ဝေ လက်ထဲ အမြန်ထိုးထည့်ပြီး "ခင်ဗျားတို့ ဝင်နှင့်ကြ၊ ကျွန်တော် ပြီးမှလိုက်ခဲ့မယ်" ဟုပြောကာ လ္ဘက်ရည်ဆိုင်သို့ လစ်ခဲ့လေ၏။ မမတစ်သိုက်ကိုကား မခေါ်ဝံ့ ပါချေ။ရုပ်ရှင်စပြမှ ကျွန်ုပ်လည်း ရုံတွင်းသို့ ဝင်ရဲလေ၏။ ရုံပေါက်စောင့်သည် ကျွန်ုပ်အား ယောက်ျားလေးဖြစ်သောကြောင့် ထိုင်ခုံနေရာထိ လိုက်မပို့ပေ။"ဒီခုံတန်းအတိုင်း ဝင်သွား။ အလယ်စင်္ကြံ ဟိုဘက်မှာ"ဟု နောက်ကျ ဝင်ရောက်လာသည်ကို စိတ်မရှည်ဟန်ဖြင့် ညွှန်ပြသည်ကို အပြစ်မဆိုသာပါ။ကျွန်ုပ်လည်း မှောင်နေသော လမ်းကို စမ်းတဝါးဝါး လျှောက်နေရရာ အရွေ့နှေးသဖြင့် မြင်ကွင်းအကွယ်ခံရသော ပွဲကြည့်ပရိသတ်များ၏ ငြူစူခြင်းကို ခံရလေ၏။အလယ်စင်္ကြံကို ကျော်ပြီးနောက် လေးငါးခြောက်ခုံခန့် လွန်ပြီးသော အခါ ကျွန်ုပ်၏ ထိုင်ခုံနေရာ ရောက်လောက်ပြီအထင်ဖြင့် ခုံနေရာကို လက်ဖြင့် စမ်းလေ၏။ ဦးခေါင်းတစ်လုံးကို စမ်းမိလေ၏။ 'အ'ဟူသော အသံကြောင့် ရုတ်တရက် လက်ကို ရုပ်လိုက်ရလေ၏။နောက်တစ်ခုံ စမ်းပြန်၏။ နဖူးတစ်ခုကို စမ်းမိလေ၏။ 'အာ'ဟူသော အသံကြောင့် ရုတ်တရက် လက်ကို နှုတ်လိုက်ရပြန်၏။နောက်တစ်ခုံ စမ်းပြန်၏။ မျက်လုံးကို စမ်းမိလေ၏။ 'အား'ဟူသော အသံကြောင့် ရုတ်တရက် လက်ကို သိမ်းလိုက်ရပြန်၏။နောက်တစ်ခုံ စမ်းပြန်၏။ နှာခေါင်းတစ်ခုကို စမ်းမိလေ၏။ 'အိ' ဟူသော အသံကြောင့် ရုတ်တရက် လက်ကို တိမ်းလိုက်ရပြန်၏။နောက်တစ်ခုံ စမ်းပြန်၏။ ပါးစပ်တစ်ခုကို စမ်းမိလေ၏။ 'အီ'ဟူသော အသံကြောင့် ရုတ်တရက် လက်ကို ယိမ်းလိုက်ရပြန်၏။နောက်တစ်ခုံ စမ်းပြန်၏။ နားရွက်တစ်ဖက်ကို ဆွဲမိလေ၏။ 'အီး'ဟူသော အသံကြောင့် ရုတ်တရက် လက်ကို မြှောက်လိုက်ရပြန်၏။နောက်တစ်ခုံ စမ်းပြန်၏။ ပခုံးတစ်ခုကို ပုတ်မိလေ၏။ 'အု'ဟူသော အသံကြောင့် ရုတ်တရက် လက်ကို ခေါက်လိုက်ရပြန်၏။နောက်တစ်ခုံ စမ်းမည်အပြု…"ဟိုဘက်က ခုံ"ဟူသော အသံနှင့်အတူ လူကို တွန်းထုတ်လိုက်သောကြောင့် 'အ၊အာ၊အိ၊အီ၊အု၊အူ' သင်ပုန်းကြီးမကုန်မီ တစ်ဘက်ခုံပေါ် ငုတ်တုတ်ရောက်သွားလေ၏။ ထိုင်မိသော ခုံ၏ ညာဘက် တစ်နေရာကို စမ်းကြည့်ရာ မည်သည့်ခုံမှ မရှိတော့ပေ။ ကျွန်ုပ်သည် အလယ်ကျသော လက်မှတ်တစ်စောင်ကို ယူထားခဲ့ပါလျက် ဘေးအစွန်၌ ရောက်နေပေပြီ။ ကျွန်ုပ်၏ ခုံကား ညာဘက်အစွန်းခုံပါပေ။ဘယ်ဘက်ကပ်လျှက်ခုံမှ မမသည် မည်သူများနည်း။ ကျွန်ုပ်၏ ဝိဇ္ဇာမမများ မဟုတ်သည်ကား သေချာ၏။ သူမ၏ ကိုယ်လုံးကိုယ်ဟန်နှင့် ရယ်မောသံက တက္ကသိုလ်ကျောင်းသူတစ်ဦး မဟုတ်မှန်း လွန်စွာသိသာလှ ပေ၏။ ကျွန်ုပ်၏ ဝိဇ္ဇာမမများသည် ပေးလိုက်သော ခုံနံပါတ်အတိုင်း မထိုင်ဘဲ ကျွန်ုပ်အတွက် ဘေးစွန်းခုံ တစ်ခုံချန်လျှက် တစ်ဆက်တည်း နေရာယူလိုက် ကြဟန်တူ၏။ ကျွန်ုပ်အတွက် ချန်ထားသော ထိုင်ခုံနေရာကိုပင် ဘေးခုံမှ မိန်းမကြီးအား အခွင့်ပေး လဲလှယ်ပြီး၊ ကျွန်ုပ်အား ဘေးအစွန်သို့ ကြိုတင် တွန်းထုတ်ထားကြလေ၏။ ကျွန်ုပ်ကား သူတို့ တွန်းပို့လိုက်သော ခုံပေါ်တွင် ထိုင်ကာ ဟာသရုပ်ရှင်ကားကို မရယ်ဝံ့ဘဲ ကုပ်ကုပ်လေး ကြည့်နေရလေ၏။ပန်းသတင်းကို လေညှင်းဆောင်၏။ လူသတင်းကား လူချင်းဆောင် လေ၏။ နဝဒေးဆောင်သို့ ကျွန်ုပ်ပြန်ရောက်သောအခါ ကျွန်ုပ်၏ သတင်းကား ဦးစွာရောက်နှင့်လေပြီ ဖြစ်၏။ အဘယ်သူသည်၊ အဘယ်အချိန်မှာ၊ အဘယ် နေရာက၊ အဘယ်သို့ မြင်တွေ့သွားသည် မသိ၊ 'ချစ်သူရွေးမယ် ချစ်ဝဲလည်' ဇာတ်ကားကြီးကို film show, live show နှစ်မျိုး ကြည့်ခဲ့ရသူက အဆောင်မှာ သတင်းဖြန့်ထားပြီးလေပြီ။ကျွန်ုပ်၏အခန်းသို့ ဂုဏ်ပြုသတင်းမေး လာရောက်သူတို့ ပြည့်ကျပ်၍ နေတော့၏။တင်မောင်ဝင်းက လ္ဘက်ရည်ဖြင့် ဂုဏ်ပြုခွင့် ပေးပါရန်တောင်းခံ၏။ ထွန်းမြင့်က ပဲခူးဘုရားပွဲတွင် အမျိုးသမီးဆယ်ယောက်နှင့် သူတစ်ယောက် တည်း ဇာတ်ပွဲကြည့်ခဲ့ဘူးကြောင်း ဇွတ်ဝင်ပြော၏။( သူငယ်စဉ်က အမေ၊ အမ၊ အဒေါ်များနှင့်အတူ ပဲခူးဇာတ်ပွဲတွင် ဖျာတစ်ချပ်တည်း ကြည့်ခဲ့ရဟန် တူပါသည်)ကိုအောင်သိန်းဟန်က နောက်တစ်ခါ သူ့ကိုပါခေါ်ရန် ပြောသောအခါ ကျွန်ုပ်လည်း ကျွန်ုပ်လွန်စွာမှ မတည့်သော တဖက်က ခုတင်ပေါ်မှ သရော်ပြုံး ပြုံးနေသော အခန်းဖော် မောင်စန်းမောင်အား မမြင်ယောင်ဆောင်လျှက်၊ စားပွဲပေါ်တွင် ပျံ့ကျဲနေသော Thought and practice, Statistics, Cocur, Adm မှတ်စုစာအုပ်များကို ပြန်စီရင်း အရေးမပါသော လေသံဖြင့် "အိန်း…"ဟု ပြောလိုက်ရပါလေသတည်း။
ကျောင်းသားဘဝ၊ ဆရာဘဝ ပျော်စရာ အမှတ်တရလေးများနဲ့ တွေးမိတွေးရာ ရေးမိရေးရာ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း...
Friday, March 22, 2013
Film Show နှင့် Live Show
Subscribe to:
Post Comments (Atom)
No comments:
Post a Comment