တမူးက ကျွန်တော်ပြောင်းလာပြီးတဲ့နောက် ဆယ်စုနှစ်တစ်ခုလောက် တမူးကတပည့်များ တက္ကသိုလ်တက်ရင်း၊ ဘုရားဖူးလည်ရင်း ကျွန်တော့်ဆီကို အမှတ်တရ ဝင်လာဖြစ်ကြတယ်။ တချို့ဆို အမေက နာမည်တွေတောင် အလွတ်ရလို့။ မော်ကြည်တို့ မောင်နှမတစ်သိုက်၊ လေးဝင်း၊ စိန်သောင်း၊ မြင့်ဝင်းနဲ့ လှမြင့်။ ရောက်လာကြတဲ့ သူတွေက တဆင့် မတွေ့ရတဲ့ သူတွေ အကြောင်း ကြားရသိရလို့ အဲသည် ဆယ်စုနှစ်ဟာ တမူးမှာ နေရသလိုပါပဲ။ အဲသည် နောက်တော့ အလုပ်အကိုင်တွေနဲ့မို့ သိပ်မလာဖြစ်ကြတော့ဘူး။
“မြင့်နောင်လား၊ ခဏစောင့်ဟေ့”
စာသင်ခန်းပေါက်မှာ မြင့်နောင်လေး မတ်တတ်မတ်တတ် လုပ်နေလို့ ခဏစောင့်ဖို့ လှမ်းပြောလိုက်တယ်။ ဒီကောင် ဘယ်သူစလို့ လာတိုင်တာလဲ ပေါ့။ စာသင်ခန်းအပြင် ထွက်ပြီး တွေ့လိုက်တော့မှပဲ တမူးမှာ မဟုတ်ဘဲ၊ မန္တလေး အ.ထ.က(၇)မှာ ဖြစ်နေမှန်း သိလိုက်တယ်။
သြော်…ဟုတ်ပေသား၊ အပေါက်ဝမှာ ရပ်နေတာ တမူးက‘မြင့်နောင်’ မှန်ပေမယ့် ကျောင်းသားလေး မဟုတ်တော့ဘူးလေ။ တမူးက ပြောင်းလာပြီး ကျောက်ဆည်မှာ(၇)နှစ်၊ မန္တလေးမှာ(၅)နှစ်လောက်တော့ ရှိပြီပဲ။ ဒါပေမယ့် သူ့ကို မြင်သခိုက် ခါတိုင်းလို လာတိုင်တယ်ပဲ အောင့်မေ့လိုက်မိတာ။
တစ်ကြိမ်မှာ မန္တလေးတက္ကသိုလ်ထဲ စက်ဘီးနဲ့အဖြတ်၊ မြောက်ဘက် ကျောင်းပေါက်အရောက် စပို့ရှပ်အင်္ကျီကျား၊ ဘောင်းဘီရှည်နဲ့ စမတ်ကျကျ ကျောင်းသားတစ်ယောက်ကို တွေ့တော့ သူက ခပ်ပြုံးပြုံးနဲ့-
“ဆရာ…ကျွန်တော့်ကို မှတ်မိလား”
“မှတ်မိပါ့…မှတ်မိပါ့၊ မောင်မောင်လတ်လေ”
မြို့တော်သိန်းအောင်အုပ်စုက လူပုစိတ်ဆတ် မောင်မောင်လတ်ပါ။ တချို့ကို လူနဲ့အမည် တွဲမိပေမယ့်၊ နှစ်တွေကြာတော့ နာမည်ကို သတိရပြီး လူပုံမပေါ်၊ လူပုံပေါ်တော့ အမည်မေ့ အဖြစ်များလည်း ကြုံရပါတယ်။
ခု…သူတို့ချင်း ခေါ်တဲ့ အန်တီမော်ကြီးပေါ့၊ မန္တလေးမှာတွေ့တော့ သူ့ကို 'မြင့်မြင့်မော်ဟေ့'လို့ အပ်ကနဲ မပြောနိုင်ဘူး။
တမူးကျောင်းနောက်က ချောင်းကလေးမှာ အဖေ၊ အမေ၊ မောင်ငယ် နှမငယ်တွေရဲ့ တစ်အိမ်လုံး ရှိသမျှအဝတ်တွေကို ပလတ်စတစ်ဇလုံပြာကြီးနဲ့ ထည့်လာပြီး လျှော်ဖွပ်ပေးရတဲ့ ‘ကလေးမ’ပါ။
‘သိန်းသိန်းမြင့်’ကလည်း သူ့ကို ‘မြင့်မြင့်သိန်း’လို့ ခဏခဏ လွဲလွဲပြီး ခေါ်မိလို့ စိတ်ဆိုးချင်တာ။ ဟိုး…တုန်းက လက်ကလေးပိုက် စာလာပြန်ရင်း မေ့သွားတဲ့အခါ “ခုနတုန်းက ရတယ်ဆရာ”ဆိုပြီး မျက်နှာပျက်ပျက်နဲ့ ခဏ ခဏ လှည့်ထွက်သွားရတဲ့ တပည့်မ။ အခုတော့ သူကိုယ်တိုင် ဆရာမကြီး ဖြစ်ပြီး တနေ့မနေ့က သင်လိုက်တဲ့ သူ့တပည့်တွေကို လူနဲ့အမည် မတွဲမိဘဲ ဖြစ်နေသတဲ့။ ဝဋ်လည်တာလေ။
‘စပယ်ဦး’ကြီးကတော့ ပါးတယ်။ သူ့အမည်ကို တစ်ခါတည်းပြောပြီး ဝင်ချလာတာ။
“ဆရာ…၊ ကျမ တမူးက စပယ်ဦး။ ရတနာပုံတက္ကသိုလ်မှာ ဆရာမ လုပ်နေတာ၊ ပြောင်းရတော့မှာမို့ ဆရာ့ကို လာကန်တော့တာ”
အဲသည်လို ပြောလိုက်တော့လည်း အခု မဲမဲတုတ်တုတ်ကြီးပေမယ့် ဟိုး…တုန်းက အသားညိုညို၊ လူကောင် ခပ်ညှက်ညှက်၊ သွားပေါ်ကလေးနဲ့ မြို့မရပ်ထဲက ‘ကလေးမ’ပုံလေး တခါတည်း ပေါ်လာတော့တာပေါ့။
တစ်နေ့မှာ နှမလုပ်သူက ဧည့်သည်လာကြောင်း၊ နောက်တစ်ခေါက် ပြန်လာမည့်အကြောင်း ပြောတော့ တမူးကမှန်း ရိပ်မိပါရဲ့။ ထင်တဲ့အတိုင်း ကားတစ်စီးနဲ့ စုံတွဲတစ်တွဲ၊ ကလေးတစ်ယောက် ဆင်းလာကြတယ်။
ယောက်ျားလေးမျက်နှာကို တစ်ခါမှ မမြင်ဘူးပါ။ မိန်းကလေးကိုတော့ တပည့်ဖြစ်မှန်း သိလျက် အမည်ပေါ်မလာ။
“ဆရာ… ကျမ ဘယ်သူလဲ”
အပြေးအလွှား စဉ်းစားနေတုန်း ဗြုန်းကနဲ ရုတ်တရက် မေးလိုက်တဲ့ မေးခွန်းကြောင့် ဘယ်သူဘယ်ဝါ အစဖော်ရ ပိုခက်သွားပါတယ်။
“အေးပါဟ… တမူးကပါ၊ စဉ်းစားပါရစေဦး”
“အို…မရဘူးဆရာ၊ အခုပြော…အခုပြော”
ခက်ပြီ။ ဝမ်းသာအဲလဲ အစဖော်မရတဲ့အထဲ ဇွတ်တရွတ်မေးနေတော့ ဝေးသည်ထက် ဝေးပြီ။ ဘေးမှာ ယောက်ျားက ပါသေး၊ ကလေးက ပါသေး။ ဘယ်လိုမှ ပုံဖော်မရတဲ့အဆုံး…
“ကဲ…နင်စိတ်ဆိုးလည်း ခံရမှာပဲ၊ နင်ဘယ်သူလဲ။ ပြောတော့ဟာ၊ ငါလည်း သိချင်လှပြီ”
“ခင်သိန်းရီလေ၊ အပြေး…အပြေး…”
သည်လိုပြောလိုက်မှ မိန်းကလေးဘေးက အမျိုးသားနဲ့ ကလေးကို ဖယ်ပြီး ဖအေကြီးကိုယ်တိုင် လိုက်လိုက်ပြီးအားပေးတဲ့ ‘တာတိုအပြေးမယ်’ ကျောင်းသူလေးပုံက ပေါ်လာပါရော့လား။
ဒါကြောင့်…တမူးကို အလွမ်းပြေ လာချင်ပေမယ့်-
“ဆရာ…ကျွန်တော်ဘယ်သူလဲ၊ ကျွန်မဘယ်သူလဲ”ဆိုတဲ့
မင်မိုရီတက်(စ်)ကို ကြောက်နေမိတာလည်း အမှန်ပါပဲ။
ဟော…အခု နှစ်သုံးဆယ်ကြာပြီး တမူးရောက်တော့၊ ကြည့်လေ-
“ဆရာ…ကျမကို မမှတ်မိဘူးထင်တယ်၊ ခင်ဝင်းတင်လေ”
“ဪ…အေး…အေး…ပုံပေါ်ပြီ”
ဆရာက တချို့ကို အတွဲလိုက် မှတ်ထားတာပါ။
“ခင်ဝင်းရင်၊ ခင်ဝင်းတင်” ဖြူ၊ ညို။
“မလုံး၊ မပြုံး” လုံးလုံးနဲ့ ပြုံးပြုံး။
“စမ်းစမ်းရီ၊ စမ်းစမ်းညို” လူနဲ့ အမည်ကို လွဲမှည့်ထားတဲ့ ညီအမ။
စမ်းစမ်းရီက အသားညို၊ စမ်းစမ်းညိုက အမြဲရီ။
“အော်မီး၊ ဇွာလေး” မယ်ဒေါ်နဲ့ မော်ဒယ်။
တချို့ကို အုပ်စုလိုက်ကြီး မှတ်ထားတာပါ။
‘ဦးလောကြူ’အုပ်စု၊ ‘ဦးကြံဖေ’အုပ်စု၊ ‘ဦးချစ်မောင်’အုပ်စု။
မြင့်ဖေတို့ မောင်နှမအုပ်စု၊ ‘မြင့်သန်း’နဲ့ ‘မြင့်စန်း’ လွဲခေါ်ရမလား တဲ့လေ။
အောက်ကျင်းက ‘မြနှစ်’နဲ့ သူ့ပါတနာ၊ ဘောလီဘောလက်ရွေးစင် တွေ။ မြနှစ်ကို အမည်ဖော်ရပြီး တစ်ယောက်ကို အမည်မဖော်နိုင်ဖြစ်နေလို့ မြနှစ်က လက်ကိုမြှောက်ပြီး တစ်စုံတစ်ရာ တင်ထားဟန်နဲ့ အချက်ပြတော့-
“ထားထားမြင့်” ဟင့်အင်။
“မြင့်မြင့်ထား” ဟုတ်သေးဘူး။
“မြင့်တင်လေ…မြင့်တင်”
တစ်ရှဉ်းလုံးမြင်ရပါလျှက် တစ်ကောင်ကို အမည်မဖော်နိုင်ခဲ့ပါ။
မြင့်ဖေတို့အိမ်မှာ တပည့်မနှစ်ဦး စောင့်နေကြတယ်။ ကိုယ့်ဆရာဖြင့် ဒီတစ်ခါတော့ အခက်တွေ့ပြီဆိုပြီး မြင့်ဖေက ပြုံးဖြီးဖြီးနဲ့ အရိပ်အကဲ ကြည့်နေ တယ်။
“ကျွန်မဘယ်သူလဲ၊ ပြော…”
မဖြေနိုင်လျှင် အသိပဲဆိုတဲ့ ဂျစ်ကပ်ကပ်မျက်နှာပေးကို ဘေးတိုက် အမြင်မှာပဲ ဟိုး…လွန်ခဲ့တဲ့ နှစ်(၃၀)ပုံရိပ်က ဖြတ်ကနဲ ပေါ်လာတာပါပဲ။
မိန်းကလေးတွေထဲက ပထမဆုံး ဂျစ်ကပ်ကပ်လုပ်ပြီး ကျွန်တော့်ကို ဒေါသထွက်အောင် လုပ်ခဲ့တဲ့ ‘မြင့်မြင့်မော်’။
အဲဒီတုန်းက ဆရာနားနေခန်း ပြန်ရောက်တော့-
“ဘယ့်နှယ်ကောင်မလည်း မသိပါဘူး၊ စာမေးတာ ချော့မေးလည်း မဖြေ၊ ငေါက်မေးလည်း မရ၊ ဂျစ်တီးဂျစ်ကပ်နဲ့။ ဘေးက ကောင်မကလည်း ‘ဘယ်လိုဆရာလဲဟ’ ဆိုတဲ့ မျက်နှာပေးနဲ့ မျက်ခုံးတစ်စုံလုံးကို ရှုံ့လို့”
ဆရာမကြီးတွေက ဘယ်သူတွေနဲ့ ဘာဖြစ်လာသလဲလို့ မေးတော့၊ အတန်း၊ ထိုင်ခုံနေရာရယ်၊ လူပုံသဏ္ဍာန်ရယ် ပြောပြရတာပေါ့။
“လတ်လတ်ပိန်ပိန် ကောင်မနဲ့ ညိုညိုဝိုင်းဝိုင်း ကောင်မပေါ့”
“မြင့်မြင့်မော်နဲ့ ကြည်ဌေးပါဟယ်။ (၁၀)တန်းက မောင်မောင်အေးရဲ့ နှမ။ မောင်မောင်အေးက ပြုံးပြုံး ပြုံးပြုံး၊ ကြည်ဌေးကတော့ ဂျစ်ကပ်ကပ်ပုံ။ ခင်ဗျားကို တမင်လုပ်တာ မဟုတ်ပါဘူး။ ကျမတို့ဆီက ကလေးတွေ အဲလို မဟုတ်ကြပါဘူး။ သည်နှစ်ကောင်ရဲ့ အော်ရဂျင်နယ် မျက်နှာပေးကိုက ဂျစ်တီး ဂျစ်ကပ်ပုံ ပေါက်နေတာပါ။ ကလေးတွေဆိုတော့ မျက်နှာပေး မတတ်သေးဘူး ပေါ့”
“ဟာဗျာ၊ ကျွန်တော်ကတော့ ကြိမ်လုံးနဲ့ကို ရွှီးကနဲရွှမ်းကနဲ တွယ်ထည့် လိုက်ချင်တာ”
“ဟဲ့…ဆရာလေးရဲ့၊ မိန်းကလေးတွေကို အတန်းရှေ့မှာ အော်တာ ငေါက်တာ၊ ရိုက်တာနှက်တာ မလုပ်ရဘူး။ သတိထား”
ဆရာအတတ်တွေကလည်း သင်ယူလို့ကို မကုန်နိုင်ခဲ့ပါလား။
လာပြန်ပါပြီ နောက်တစ်ယောက်။ မြသောင်းရဲ့ ညီလေးဖွင့်ထားတဲ့ ပရီးမီးယား လ္ဘက်ရည်ဆိုင်မှာ ‘ကျွန်တော် ဘယ်သူပါလဲ’လို့ မျက်နှာကို ရှေ့တူရူ ဘေးဘယ်ညာ လှည့်ပတ်ပြပြီး မေးလာပြန်ပါပြီ။
“မြင့်ကျော်…ဟေ့”
(၁၀)တန်းထိ လူကောင်သေးလို့ ကလေးစာရင်းထဲမှာပဲ နေရတဲ့ သူက အခု ကလေး(၅)ယောက်ရပြီး ကလေးတွေကို ဦးစားပေးရတဲ့ ကလေး အဖေ ဖြစ်နေပြီတဲ့လေ။ အဲသည်လို မှတ်ဉာဏ်စမ်းသပ်မှုတွေကို ကြောက် လွန်းလို့ တမူးကို တော်တော်နဲ့ မလာဖြစ်တာပေါ့။
မန္တလေးပြန်ရောက်တော့လည်း အရှိန်က မသေသေးဘူး။ တမူးမှာ တွေ့ခဲ့ပြီးသား သိန်းသိန်းမြင့်က မန္တလေးအခြေကျ နှစ်ယောက်ကို ခေါ်လာပြီး စမ်းသေးတာ။
တစ်ယောက်ကတော့ ‘ဆရာ့ အဝတ်တွေကလည်း တန်းပေါ်ရော၊ ကြမ်းပေါ်ရော ပွနေတာပဲ၊ လျှော်ရအောင် ယူသွားလိုက်မယ်’ ဆိုပြီး ယူသွား ရော၊ ပြီး…တော်တော်နဲ့ ပြန်ရောက်မလာဘူး။ ‘ငါ့လဲဝတ်စရာ မရှိတော့ဘူးဟ’ ပြောမှ ပြန်ပို့ဖို့ သတိရတဲ့ ‘မော်မော်သိန်း’လေ။
နောက်တစ်ဦးကတော့ အသားဖြူဖြူဖွေးဖွေး၊ တရုတ်မ ‘အာ့ကွယ်’ မဟုတ်မှန်းလည်း သိရဲ့၊ အမည်လည်း ဖော်မရ။
“မူမူဌေးပါ…ဆရာ”
သည်လို ဆိုလိုက်တော့လည်း ‘မဝင်းဌေး’၊ ‘ကိုမြင့်မောင်’နဲ့ သူတို့ရဲ့ လယ်တဲ၊ တသီကြီးပေါ်လာတော့တာပါပဲ။ ကောက်သစ်ပေါ်ချိန်မှာ သူတို့ရဲ့ လယ်တောကို ဆရာဦးဌေးလွင်နဲ့ သွားနေကျလေ။
နှစ်(၃၀)ဆိုတာ နဲနဲနောနောလား။
နောင်များ ဆုံကြရင်ဖြင့် ဘယ်သူဘယ်ဝါဆိုတာ ပြောကြမှဖြစ်မယ် ထင်ပါတယ်။ မှတ်ဉာဏ်အားက တစ်နှစ်ထက် တစ်နှစ် လျော့လျော့လာပြီ မဟုတ်ပါလား။
No comments:
Post a Comment