Friday, March 22, 2013

+၄၀ နှင့် -၄၀







၁၉၇၁-ခုနှစ်မှာ မြန်မာပြည် တောင်ပေါ်၊မြေပြန့် နေရာအနှံ့က ဆယ်ကျော်သက်လူငယ် ၄၀၀ကျော်လောက် ရန်ကုန်ပညာရေး တက္ကသိုလ်မှာ ပညာဆည်းပူးဖို့ ရောက်ရှိလာခဲ့ကြပါတယ်။

ပညာရေးဘွဲ့ကို အသီးသီး ရယူပြီးတဲ့နောက် တာဝန်ကျရာ ဒေသ အသီးသီးကို သွားရောက်ပြီး တာဝန် ထမ်းဆောင်ခဲ့ကြတာမို့ သူငယ်ချင်းချင်း မမြင်မတွေ့ကြရ နှစ်ပေါင်းကို ကြာလှပေါ့။

စတင်ရင်းနှီးခဲ့ကြတဲ့ ကာလကို နှစ်လေးဆယ်ခန့် ပေါင်းထည့်ပြီးချိန် ကျမှ ရန်ကုန်မြို့နေ သူငယ်ချင်းများရဲ့ ကြိုးပမ်းမှုနဲ့ ရန်ကုန်မြို့ ကန်တော်ကြီး ကရဝိတ်နန်းတော်မှာ ပြန်တွေ့ကြရအောင် စီစဉ်ကြတယ်။ အခြေအနေပေးသူ မှန်သမျှ အပြေး ရောက်လာကြပါတယ်။

နှစ်လေးဆယ်အတွင်း ရုပ်ပြောင်းလဲခြင်း၊ ဓါတ်ပြောင်းလဲခြင်း ဖြစ်စဉ် ကြောင့် အချို့ထုထည် နှစ်ဆတိုးလာကြတယ်။ အလေးချိန်နှစ်ဆ တက်လာ ကြတယ်။ ကျော့ကျော့မတ်မတ် ကိုယ်ဟန်တွေ လျော့လျော့ ကိုင်းကိုင်း ဖြစ်လာ ကြတယ်။ အမြင်၊ အကြား အာရုံခံကရိယာတွေ စွမ်းရည်ကျလာကြပြီ။ မအား တဲ့ကြားက မလိုချင်ပါဘဲ ဖြစ်လာတဲ့ အိုခြင်းဆိုတဲ့ ဇရာသဘောတွေပေါ့။

 ပြောကြဆိုကြတဲ့ အကြောင်းအရာတွေထဲမှာလည်း ငယ်စဉ် ကျောင်းသား ဘဝတုံးက လုံးဝ မပြောမဆိုခဲ့ကြတဲ့ အကြောင်းအရာတွေ ပါလာတယ်။ နေ ကောင်းရဲ့လား။ ကျန်းမာရေးဂရုစိုက်။ အနာနဲ့ဆေး တည့်အောင်ပေး ဆိုသလို ဆီးဆေး၊ ဝမ်းနှုတ်ဆေး၊ ဒူးနာခါးနာပျောက်ဆေးအပြင် ဆရာဝန်နဲ့ ဆေးခန်း ဆေးရုံ သိသမျှကို ညွှန်းကြ၊ပြကြ။ အနေအထိုင်၊ အစားအသောက် ဆင်ခြင်ဖို့ သတိပေးကြနဲ့ပေါ့။ မအားတဲ့ကြားက မလိုချင်ပါဘဲ ရလာတဲ့ နာခြင်းဆိုတဲ့ ဗျာဓိသဘောတွေပေါ့။

ဆက်သွယ်ရန် လိပ်စာစာအုပ်ရဲ့ နောက်ပိုင်းမှာ မအားတဲ့ကြားက မသေချင်ဘဲ သေသွားရှာကြတဲ့ သူငယ်ချင်းတွေရဲ့ အမည်တွေကို ဝမ်းနည်း ထိတ်လန့် ဖတ်မိရပြန်တယ်။ သင်လည်း သေရမည်၊ အချိန်ပိုင်းသာ လိုတော့ သည်လို့ သေခြင်းဆိုတဲ့ မရဏသဘောကို သတိပေးနေတဲ့ စာမျက်နှာလေး ပါပဲ။


ငယ်ရုပ်ကို နှစ်လေးဆယ်ပေါင်းပြီး ပြန်တွေ့ကြရလို့ ဇရာနဲ့ဗျာဓိ လက္ခဏာတွေ ပြလာပေမယ့် စိတ်ပြောင်းလဲခြင်းတော့ မဖြစ်ကြပေဘူး။ “နင်…ဘယ်သူမဟုတ်လား၊ ဘယ်ဝါမဟုတ်လား”နဲ့ အော်ဟယ်ဟစ်ဟယ်၊ ပွေ့ဟယ် ဖက်ဟယ်၊ ဆွဲဟယ်  ရမ်းဟယ်၊ ထောင်းဟယ်ထုဟယ်နဲ့ ပွက်ပွက်ညံ၊ စွေ့စွေ့ခုန်ပြီး မြူးတူးပျော်ရွှင် နေလိုက်ကြတာ လက်ရှိအရွယ်ကို မေ့နေကြတယ် မဟုတ်လား။

ဒူးနာ၊ ခါးနာ၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံး၊ ဆီးချို၊ ရှိရှိသမျှ ရောဂါ တွေလည်း လတ်တလော ပျောက်ကင်းသက်သာနေကြတယ်။

သားရေးသမီးရေး၊ အလုပ်တာဝန် ဝန်ထုပ်ဝန်ပိုး၊ သောက မှန်သမျှ လည်း အခိုက်အတန့် လျော့ပါးပြေပျောက်နေတယ်။

‘အို၊နာ၊သေ’ ဆိုတဲ့ သံဝေဂတရားတွေ မြင်တွေ့ ခံစားနေရပါလျက် ပုထုဇဉ်ဘာဝ မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး သူငယ်ချင်းတွေ အားလုံး လက်ရှိ ကာလကနေ အနှစ်လေးဆယ်လောက် နောက်ပြန်နှုတ်ပြီး ပျော်ရွှင်ဖွယ် အတိတ်ကို စီးမျောခံစား နေမိကြပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း အနှစ်လေးဆယ်လောက် ပြန်နှုတ်ပြီး ဟိုတစ်စ၊ ဒီတစ်စ အစီအစဉ်မကျတဲ့ ပုံရိပ်တွေကို… တရိပ်ရိပ်၊ တရေးရေး…

အနန္တကျေးဇူးရှင် ဆရာကောင်း၊သမားကောင်းတွေနဲ့ စာပေတွေ၊ ဘာသာရပ်တွေ၊ သင်ပြနည်းတွေ၊ ပညာရေး သဘောတရားတွေ လေ့လာ ဆည်းပူးပြီး လက်တွေ့တန်းပြဆင်း လေ့ကျင့်သင်ကြားခဲ့ကြတယ်။

ဂီတပွဲတွေ၊ ကပွဲတွေကျင်းပပြီးမှာ ငြိမ့်ညောင်းသာယာစွာ သီဆို တီးမှုတ် ကခုန်မြူးတူးခဲ့ကြတယ်။

လှေလှော်၊ ရေကူး၊ ဂျူဒို၊ ကြက်တောင်၊ ခြေလျှင်တောင်တက်၊ ဘော့လုံး၊ ဘောလီဘော၊ ဘတ်စကက်၊ ပြေးခုန်ပစ်စတဲ့ အားကစားနည်း မျိုးစုံကိုလည်း သန်ရာသန်ရာ ယှဉ်ပြိုင်လှုပ်ရှား ကစားခဲ့ကြတယ်။

မြို့နယ်အလိုက်၊ အတန်းအလိုက် အသင်းအဖွဲ့တွေနဲ့ ပျော်ပွဲစားခရီး ထွက်ပြီး ရင်းနှီးပျော်ရွှင် ခင်မင်မှုတွေ ရရှိခဲ့ကြတယ်။

ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် စတဲ့ နိုင်ငံ့အရေးတွေမှာလည်း ပါဝင်လှုပ်ရှားခဲ့ကြတယ်။

အရေးကြုံလျှင် နိုင်ငံတော်ကာကွယ်ရေးမှာ အရံအင်အားတွေဖြစ်ဖို့ စစ်သင်တန်းတွေလည်း လေ့ကျင့်သင်ကြားခဲ့ကြတယ်။

ကြုံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူဘဝ ကျေနပ်အားရ ပျော်ရွှင်ခဲ့မိပါတယ်။

အောင်ကျော်စိုးနဲ့ စိုးဝင်းသန်းဟာ ဟင်္သာတ တစ်မြို့တည်းက လာ ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး တက္ကသိုလ်မှာလည်း မခွဲပဲ တတွဲတွဲ နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ အိတ်ကပ်ထဲမှာ နှာရှူဘူးလေးတွေလည်း ဆောင် ထားတတ်တဲ့ သူတွေပါ။ သူတကာကို ကူညီတတ်လို့ လူချစ်လူခင် များပါ တယ်။ သူငယ်ချင်းတွေအပေါ်လည်း သိပ်ကောင်းကြတဲ့ သူတွေပါ။

တွံတေးတင်ဝင်းက အစမှာ တို့အဖွဲ့နဲ့ အနေများတယ်။ အုပ်စုထဲမှာ အငယ်ဆုံးလေးမို့ ချစ်ကြပါတယ်။ ဒုတိယနှစ် တစ်ဝက်လောက် ရောက်တော့ တင်ဝင်းက အောင်ကျော်စိုးတို့ အခန်းကို အကူးအသန်း အလည်အပတ် များလာတယ်။

"ဟေ့ကောင်…တင်ဝင်း၊ ငါတို့ဆီလည်း နေပါအုံးဟ" ဆိုတော့

"မင်းတို့ကောင်တွေက ငါ့အဖေလာရင် ပါလာတဲ့ မုန့်လည်း စားသေး၊ အဖေနဲု့ တိုင်ပြီး ချောက်တွန်းတယ်။ ပြီးတော့ ငါ့ခေါင်းလည်း ပွတ်ပွတ်ပြီး စတယ်။ အောင်ကျော်စိုးတို့က ငါ့ကို မုန့်လည်း ကျွေးတယ်၊ ချော့လည်း ချော့၊ မြှောက်လည်း မြှောက်ပေးတယ်။ မင်းတို့ဆီ မလာဘူးကွာ"လို့ ပြန်ပြောတော့ ရယ်လို့သာ နေလိုက်ရတော့တယ်။

အောင်ကျော်စိုးနဲ့ စိုးဝင်းသန်းဆိုတာ သူငယ်ချင်းတွေအပေါ် အဲဒီလို 'လက်သာ'တဲ့ သူတွေပါ။

ဒါပေမယ့် အောင်ကျော်စိုးက သူ့ရဲ့ အသိုက်အဝန်းအပေါ် တစ်ဘက် လူက ကျောတာမျိုးကိုတော့ ဆတ်ဆတ်ထိ မခံတတ်တဲ့သူမျိုး။

'ငစွေ'လို့ အပြောခံရလျှင် 'ဟဲ့…ငကန်း'လို့ ပြန်ပြောတတ်သူမျိုးပါ။

သူ အဲဒီလို တစ်ဘက်သားကို ပက်ပက်စက်စက် ပစ်ပစ်ခါခါ ပြောလိုက်တဲ့ အခါ မျိုးမှာ စိုးဝင်းသန်းက 'ဟယ်…အဲလိုကြီးတော့ ပြောပါနဲ့ဟယ်'ဆိုပြီး ဟန့်တတ် ပါတယ်။

ငါ့တက္ကသိုလ်၊ ငါ့အတန်း၊ ငါ့အသင်း၊ ငါ့သူငယ်ချင်း ဆိုတဲ့စိတ်နှင့် အင်မတန် ‘ငါစွဲ’ကြီးတဲ့ အောင်ကျော်စိုး၊ ပြိုင်ကြပြီဟေ့ဆိုရင် သူ့ဘက်ကပဲ နိုင်ချင်တဲ့အောင်ကျော်စိုး၊ သူ့အတန်းရဲ့ ဘော့လုံးသင်းကို အားပေးတဲ့ အခါမှာ ကသိကအောင့် ဖြစ်ရတော့တာပါပဲ။

သူ့အတန်း ဘော့လုံးသင်းကလည်း အဖြစ်မရှိတဲ့ အသင်းပါ။ ၅-နှစ် ကစားတာ တစ်ပွဲမှ အနိုင်မရခဲ့ဖူးဘူး။ ဘော့လုံးပွဲ မနိုင်ပေမယ့် နှစ်စဉ်နှစ်တိုင်း ကွင်းဖွင့်ပွဲမှာ တို့အတန်း ဆိုင်းဘုတ်ကိုင် မော်ဒယ်မတွေက အနိုင်ရနေကျ။ နဝဒေးနဲ့ မြဝတီဆောင်မှာ စစ်တမ်းကောက်လိုက်တိုင်း တို့ရဲ့မော်ဒယ်မတွေက မဲအပြတ် ဖြတ်နေကျ။

ဒီတော့ ဘော့လုံးပွဲ ရှုံးပြီးရင် မနိုင်'နိုင်ရာနဲ့ ကိုင်ရတာပေါ့။ သူက ဟောဒီလိုအော်ပြီး အနိုင်ယူပစ်လိုက်တာပါ။

“ဟေ့..ဆိုင်းဘုတ်ကိုင်မှာ ဒို့က နှစ်တိုင်း နိုင်ပြီးသားကွ”

“မင်းတို့အတန်းက ဆိုင်းဘုတ်ကိုင် သိပ်မိတယ်ကွာ၊ ဘယ်သူလဲ”လို့ တစ်ဘက်သင်းက မေးလာတဲ့ အခါမျိုး မှာ အောင်ကျော်စိုးက နှုတ်ခမ်းကြီး ထော်ပြီး “ပြောဘူး”နဲ့ အနိုင်ပိုင်းလေ့ ရှိပါတယ်။

ဘော့လုံးပွဲက ရှုံးမယ့်သာ ရှုံးရ၊ ကျကျနန ကစားတတ်သူ ဆိုလို့ ဗေဒကြီးဦးတင်မြင့်၊ တောင်ကြီးမောင်ဝင်း၊ လှရွှေနဲ့ ကိုကျော်ထင် လေးငါးယောက်ပဲ ပါတာ။ ကျန်လူတွေက အာကလန်ပါကလန်တွေ။ ဘော့လုံးတစ်ချက် မကန် ဘူးဘဲ ဂိုးသမားအင်္ကျီလက်ရှည် လိုချင်လို့ အရံဂိုးသမား အမည်စာရင်း ပေးပြီး ကွင်းထဲ တစ်ကြိမ်မှ မဆင်းဘူးတဲ့ စန်းမောင်လို လူလည်း ပါတယ်။ ပွဲကြို ဒဏ်ရာပြ ကစားသမားကတော့ အများစုပါ။

ဆန်းရှင်မင်းက ခြေမကို ပတ်တီး တစ်လိပ်လုံး စည်းလိုက် ဖြေလိုက်၊ သူတကာ မြင်အောင် ပြတဲ့ရက်…

ရွှေဘိုကိုအေးကြူ ခေါင်းမှာပတ်တီးစည်းပြီး လိမ်ဖယ်လိမ်ဖယ်ယမ်းပြီး လမ်းသလားတဲ့ နေ့…

ဂိုးသမားကြီး ကိုစိုးသန်းမောင် လက်သိုင်းကြိုး ပတ်တီးစည်းထားပြီး စာသင်ခန်း စင်္ကြံတစ်လျောက် ဟန်ရေးပြသောနေ့…

(ဤနေ့ဤရက်မျိုးကား တို့အတန်းရဲ့ ဘော့လုံးပြိုင်ပွဲ တစ်ရက်အလို ပွဲကြိုရက်မှန်း ပွဲစဉ်ဇယား မကြည့်ဘဲ သိနိုင်သတည်း)

သူတို့တွေက ပရိယာယ်အလွန်ကြွယ်တဲ့ ဘော့လုံးသမားတွေလေ။ နောက်နေ့ကစားမဲ့ပွဲမှာ သေချာပေါက်ရှုံးမှာမို့ ပွဲကြိုရက် ကတည်းက ဒဏ်ရာရ အကြောင်းပြလေးတွေ ရှာထားတတ်ကြတာ မဟုတ်လား။

“ငါ…နာနေလို့ပေါ့ကွာ၊ မဟုတ်လို့ကတော့ ဒီကောင်တွေအသင်း ဘယ်…လွယ်လိမ့်မလဲ”လို့ ကြိမ်းဝါးတတ်ကြတာလေ။

ဒို့အသင်းကလည်း ၅-နှစ်ကစားတာ တစ်ပွဲမှ အနိုင်မရခဲ့ဖူးဘူး။ ‘အလွန်ဆုံးသရေ’ တစ်ပေးခံရတဲ့ အသင်းပါ။ အဲဒီလောက် ညံ့တဲ့ အသင်းပေမဲ့ သထုံသိန်းဝင်းတို့၊ သီပေါက မနန်းခင်မြင့်အေးတို့ ဦးစီးတဲ့ သူငယ်ချင်းတွေရဲ့ အားပေးပုံကတော့ အလွန် အားပါးတရ ရှိလှပါတယ်။ မိုးရွာတဲ့နေ့ ကစားတဲ့ ပွဲတွေမှာတောင် ပြည်၊ တကောင်းက သူငယ်ချင်းမတွေက ဖျော်ရည်ပုံးကြီး ဆွဲလာကြပြီး တပျော်တပါး အော်ဟစ် အားပေးကြတာပါ။

သူတို့အားပေးပုံက ပြိုင်ဘက်အသင်းကို ခြောက်ဖို့၊လှန့်ဖို့အတွက် မဟုတ်ပါဘူး။ ကိုယ့်အသင်းသားတွေ ချော်တာ၊ လွဲတာတွေကို သရော်ချင်လို့၊ ဝိုင်းဟားချင်လို့ လာပြီး အားပေးကြတာမျိုး။

ထွန်းမြင့်ကြီး ခါးကိုင်းပြီး၊ ခြေလှမ်းကျဲကြီးနဲ့ ပြေးနေပုံက ကာတွန်း မောင်လွင်ရဲ့ သူခိုးကြီးငထက်ဖြားနဲ့ တူသတဲ့…

တောင်ကြီးဝင်း၊ သာကေတဝင်း နှစ်ကောင်လုံး ထွက်တဲ့…

ညီညီကိုနဲ့ ရေနံချောင်းပေစိ ဝင်တဲ့…

ကွင်းထဲက လူကိုရော၊ ကွင်းပြင်က လူကိုပါ ကြုံသလို ကလိကြ၊ ရိကြ၊ နောက်ကြ၊ ပြောင်ကြတာပါ။ ဘော့လုံးပွဲရှုံးလို့လည်း ဝမ်းပန်းတနည်း မဖြစ်ကြပါဘူး။

တစ်နှစ်မှာတော့ ကိုကျော်ထင်နဲ့ ငပုတောသိန်းဝင်းတို့ တန်းဆင်းပြီး ပြောင်းသွားတဲ့အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ ပွဲပြီးခါနီးထိ သရေကျနေရာတုန်း တစ်ဘက်သင်းက မောင်အောင်ကြည် အဖျက်ကြမ်းလို့ ပယ်နယ်တီ ရပါတယ်။ ‘ဒီတစ်ခါဖြင့် နိုင်ဖူးပေပြီ'လို့ တွေးပြီး ပျော်နေကြတာပေါ့။ ကိုကျော်ထင်ကြီးက ဖမ်းမှာ။ တောကျွဲအင်း ကိုအေးကြူက ကန်သွင်းမှာပါ။


“ကဲ၊ကျော်ထင်ရေ့ ဘော့လုံး…ပွေ့မိလို့တော့ အမေ့ပဲဟေ့”ဆိုပြီး ခြေဗလာနဲ့ တအားကျုံးတဲ့ပြီး ဘော့လုံးရော၊ မဟာပထဝီ ကမ္ဘာလုံးရော အတွဲ လိုက်ကြီး ကန်သွင်းလိုက်တော့ မြေစိုင်ခဲတွေဖွာပြီး ဘော့လုံးက ဂိုးတိုင် နောက်က အမျိုးသားအားကစားရုံကို ကျော်ထွက်သွားပါတယ်။ ဂိုးမဝင်ပါဘူး။ အလွန်ဆုံး သရေဘွဲ့ကို ဘယ်အသင်းကိုမှ လွှဲမပေးရ တော့ဘဲ ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် တို့ပြောချင်တာ ဘော့လုံးပွဲအကြောင်း မဟုတ်ပါဘူး။ အဲဒီနေ့က မှတ်မှတ်ရရ နောက်တစ်နေ့ ဘော့လုံးပွဲအတွက် ဆန်းရှင်မင်းတို့ ပတ်တီးတွေနဲ့ မာယာများတဲ့နေ့။ ပွဲကြိုဒဏ်ရာပြ ဘောသမားတွေ များလွန်းလို့ ဘော့လုံးကွင်းမဆင်းဘဲ ကဇာတ်ရုံဘေး မြေစိုက် ဘတ်စကက်ဘောကွင်းမှာ ဒို့သူငယ်ချင်းတွေ လူမျှအောင် ကျား၊မ ရောခွဲပြီး ကစားနေကြတာ။

တင်မောင်ဝင်း ပစ်ပေးလိုက်တဲ့ ဘော့လုံးကို သိင်္ဂီဝင်းဖမ်းပြီး သံကွင်းထဲ လှမ်းပစ်ဖို့ လက်အမြှောက်၊ အစာဖြည့်ဖို့ မေ့လာတဲ့ ဝမ်းဗိုက်က ရုတ်တရက် အောင့်တာနဲ့ ဘော့လုံးကိုလွှတ်ပြီး ဝမ်းဗိုက်ကို လက်နှစ်ဖက်နဲ့ ဖိထားလိုက်တယ်။ ပြုတ်ကျလာတဲ့ ဘော့လုံးက လက်ကြီးနှစ်ဖက် မြှောက်ပြီး ကာထားတဲ့ တရုတ်ဝင်းရွှေရဲ့ ခြေအောက်ကနေ မြေထောက်ဘော အဖြစ် ခုန်ပြီး ဌေးဝင်းလက်ထဲ ရောက်သွားတော့ ဌေးဝင်းက ကောက်စား လုပ်ပြီး ဂိုးသွင်းသွားပါတယ်။

မသိင်္ဂီဝင်း ကွင်းပြင်ထွက်ပြီး လွယ်အိတ်ထဲက မုန့်ထုပ်လေး ထုတ် စားကာ သူ့အစာအိမ်ကို ချော့နေသခိုက် တစ်ယောက်လျော့ အနေအထားကို အခွင့်ကောင်းယူဖို့ တစ်ဘက်သင်းက ကြိုးစားတယ်။ ကိုခင်မောင်ဌေးကြီး ပစ်လိုက်တဲ့ ဘော့လုံးကို ညောင်တုန်းစိုးဝင်းလေး ရတယ်။ ရှေ့ကပိတ်ထားတဲ့ နန်းလောင်မွန်းကို လွတ်လောက်ပြီ အထင်နဲ့ ကွေ့အကျော်မှာ ပခုံးနဲ့ငြိပြီး ဘော့လုံးလွတ်ကျသွားတယ်။ လက်မ'တိုင်းနဲ့ ချုပ်ထည်ကို စင်တီမီတာနဲ့ မှား တွက်တဲ့ စက်ချုပ်ဆရာလိုမျိုး စိုးဝင်းလေး အတွက်လွဲသွားတာပါ။ စိုးဝင်းက လှစ်လှစ်ကလေး၊ လောင်မွန်းက ကစ်ကစ်လေးမဟုတ်လား။

ဘော့လုံးက ဟိုဂိုးဝင်၊ ဒီဂိုးဝင်၊ ဟိုဘက်ပြေး၊ ဒီဘက်ပြေး၊ လူးလာ ခတ်နေပေမယ့် ကွင်းဘေးကနေ အတန်ကြာကြာ သတိထားပြီး ကြည့်နေရင် တောင်မှ ဘယ်ဘက်ကနေ ပါမှန်း မသိနိုင်တဲ့သူကတော့ ခင်ဖူးအေးပေါ့။ ဘော့လုံးသွားရာ လိုက်ကြည့်၊ ဘော့လုံး ပြေးရာနောက် တကောက်ကောက်နဲ့ ဖတ်သီဖတ်သီ လိုက်နေပေမယ့် သူ့လက်ထဲကို ဘော့လုံးက တော်တော်နဲ့ ရောက်မလာပါဘူး။ ပြိုင်ဘက် ကစားသမား နှစ်ယောက် ခုန်ပုတ်လိုက်တဲ့ ဘော့လုံး ဝေ့ချော်ပြီး သူ့လက်ထဲ ရောက်လာပြန်တော့လည်း ဘယ်သူက ပေးမှန်းမသိတော့ ဘက်ခွဲလို့ မရသေး။ အမှတ်မထင် သူရတဲ့ ဘော့လုံးကို ကဗျာကယာ လက်လွှဲပေး လိုက်ပြီးကာမှ လူမှားပြီး သူ ပေးလိုက်တဲ့လူရဲ့ လက်ထဲက ဘော့လုံးကို ပြန်လိုက်ပြီး လုနေပြန်ရော။ ဒါကြောင့် သူ… ဘယ်ဘက်က ပါတယ်ဆိုတာ ခန့်မှန်းရ သိပ်ခက်ပါတယ်။

ရှမ်းကြီးမျိုးဝင်း စိတ်ဆိုးမာန်ဆိုး အသားကုန်လွှဲပြီး ပစ်လိုက်တဲ့ ဘော့လုံးကို မောင်မောင်မြင့်က ဖတ်ကနဲ ဖမ်း၊ လွှားကနဲ ခုန်လိုက်တာ၊ သံကွင်းအထက်ကို လွန်သွားကာမှ လက်နှစ်ဖက်ကို မြှောက်တဲ့ပြီး ဂိုးပေါက် တည့်တည့် အပေါ်ကနေ အားပါးတရ ပစ်ပေါက် သွင်းယူလိုက်ပါတယ်။ ပြန်အကျမှာတော့ သံကွင်းနှုတ်ခမ်းကို လက်နှစ်ဖက်နဲ့ ဖမ်းဆုပ်၊ နှစ်စက္ကန့် လောက် ခိုယမ်းပြီး မြေပေါ်သို့ လှပစွာ ခုန်ဆင်းလိုက်ပါတယ်။

အဲဒီလို သူငယ်ချင်းတစ်သိုက် ပျော်ပျော်ပါးပါး ကစားနေကြတုန်း ဇာတ်ရုံထဲက ကိုကျော်သောင်းကြီး ထွက်လာပြီး…

“မောင်မောင်မြင့်ရေ…၊ အက တိုက်နေတာ ကူစမ်းပါအုံးဟ”

လူတွေ တစ်အုပ်တစ်မကြီးထဲကနေပြီး အနုပညာမြို့တော်က ငါ့ကိုမှ ရွေးခေါ်လိုက်တာ၊ ဒီလူကြီး ပန်းချီဆရာပီပီ တော်တော် အမြင်ရှိတာပဲ။

ဇာတ်ရုံထဲရောက်တော့ ဇာတ်ခုံပေါ်မှာ မင်းသမီး မငွေသန်းကို တွေ့ လိုက်ရတယ်။ အလို…ဒီလူကြီး ငါ့ကိုများ နှစ်ပါးခွင်အတွက် မင်းသားတင်မလို့ လား။

“ကိုကျော်သောင်း…နောင်ကြီး၊ ခင်ဗျားထင်သလို ကျွန်တော် မက တတ်ဘူးနော…”လို့ တိုးတိုးလေး ကပ်ပြောလိုက်ရတယ်။

“မင့်…ဘယ်သူက က’တတ်တယ် ပြောလို့လဲ၊ ဒီစင်ပေါ်တက်ပြီး ဆလိုက်မီးထိုးပေးစမ်း၊ ဟိုဘက်ကကောင် ထိုးတဲ့ အရောင်အတိုင်း လိုက်ထိုး၊ သူ့ကို ငါ မှာထားပြီးသား”

တစ်ဘက်လူက ဆလိုက်ပုံးနောက်မှာ ကွယ်နေလို့ ဘယ်သူ ဘယ်ဝါ မသိရပါဘူး။ မှာကြားချက်အတိုင်း လုပ်ရုံပေါ့ဆိုပြီး လက်ဝဲဘက် မီးစင်ပေါ်ကို အောင့်သီးအောင့်သက် တွယ်တက်ခဲ့ရပါတော့တယ်။

အကတိုက်တာ ပွဲကြည့်ပရိသတ် မရှိသေးပေမယ့် အခန်းအနား အစီ အစဉ်အတိုင်း ကျကျနန စီမံထားတာပါ။

“ကြွရောက်ရှုစားလာကြတဲ့ ဧည့်ပရိသတ်ကြီးရှင်….၊ ယ္ခုတင်ဆက်မှာ ကတော့ အညိုရောင်မျက်ဝန်းပိုင်ရှင် မင်းသမီးလေး မငွေသန်းရဲ့ မက်မပြေတဲ့ ဆယ့်တစ်ထွေအက ဖြစ်ပါတယ်ရှင်…၊ ရှုစား အားပေးတော် မူကြပါအုံးရှင်…”

အမယ်…အမယ်၊ တို့မင်းသမီး မငွေသန်း ခွန်နှစ်ထွေထက် ပိုပြီး၊ ဆယ့်တစ်ထွေကြီးများတောင် ကမှာဆိုပါလား။

ကကြိုးကကွက် ဆယ့်တစ်မျိုးကို ဆက်တိုက် ကပြရမှာ။ တော်တော့ လူ ဘယ်ရမှာလဲ။ မီးထိုးရင်း ကြည့်ရသေးတာပလေ…။

ပထမတစ်ထွေ…။ ခေါင်းလေးလှုပ်လှုပ်၊ လက်လေးလှုပ်လှုပ် ဝန်ရုပ်။

ဒုတိယအထွေ…။ မေးလေးဆတ်ဆတ်ထိုး၊လက်လေးမြှောက်မြှောက် ခြေလေးမြှောက်မြှောက်ပြီး မြူးမြူးကြွကြွကတဲ့ သူငယ်တော်အက။ နိပ်ဟ…။

တတိယအချီ…။ အပျိုတော် ကကွက်။ ရင်လေးခါခါ..ခါခါ၊ တင်လေး လှုပ်လှုပ်..လှုပ်လှုပ်နဲ့ ထမီးနားလေးကို ဝဲကာဝဲကာ ခတ်တဲ့ပြီး၊ လှည့်ပတ် ကပြနေလိုက်တာ…၊ ရင်သပ်ရှုမော ပါလားဟဲ့။ မင်းသမီးရဲ့ နားသယ်မှာ ချွေးသီးလေးစို့လာတာ မီးစင်ပေါ်က အထင်းသားမြင်ရ။ ပုဝါလေး ပေးလိုက် ချင်စမ်းပါ့။

နောက်တစ်ချီ…လာပြန်ပြီဟေ့။ သွားဖြဲပြီး ခြောက်လိုက်၊ ဖနောင့် ပေါက်ပြီး ကြိမ်းလိုက်နဲ့ အတွင်းအားစိုက်ပြီး ကရတဲ့ ဘီးလူးက။ နားထင်စက ချွေးပေါက်လေး လွင့်ထွက်သွားတာတောင် မြင်လိုက်ရ။ မောရှာတဲ့ မယ်ဝဏ္ဏ ပါးစပ်လေးလည်း ဟတတ။

လာလေ့ နောက်တစ်မျိုး…။ ဇော်ဂျီတောင်ဝှေး အိုလေး လိုရာသွေး…။ ဆေးလေး ကြိတ်လိုက်၊ တောင်ဝှေးလေး ထောက်ခုန်လိုက်၊ တောင်ဝှေးလေး ထမ်းကလိုက်နဲ့ ဟိမဝန္တာက မေဇော်ဂျီခင်မျာ ရင်လေး လှိုက်ဖိုလှိုက်ဖို အမောပိုသလို ဖြစ်လာပြီ။ အမောလုံဆေးကို ကိုယ်တိုင် ဖော်စပ်နေသလို ထင်ရ။ ဒို့ဆရာကြီး ဘိုးလှိုင်ဆီက ဒဂုံဘိလပ်ရေလေး ဝယ်တိုက်လိုက်စမ်း ချင်ပါ့။

ဇော်ပြီးတော့ မျောက်ကတဲ့လေ။ ဘယ်နံပါးက သန်းလေးကုတ်လိုက်၊ ညာနံပါးက သန်းလေးကုတ်လိုက်၊ လက်လေးနှစ်ဖက် စုံမြှောက်၊ ဘယ်ညာ လှည့်ပတ်ပြီး ခုန်ပေါက် ကနေလိုက်တာ မျောက်မင်းသမီးလေး တော်တော် ဟိုက်နေပုံရတယ်။

တီးလုံးက မြိုင်မြိုင်၊ ကကွက်က မြူးမြူး၊ မီးထိုးဆရာတွေ ဓာတ်ကူးပြီး လက်စွမ်းပြကြတော့တာပေါ့။ ဝါ၊ စိမ်း၊ နီ၊ ပြာ ရောင်စုံဆလိုက်တွေက ငြိမ်ငြိမ် မနေဘဲ ရိပ်ရိပ်၊ရိပ်ရိပ်နဲ့ လှည့်ပြောင်းပေးလိုက်တော့ မောတာရော၊ မူးတာရော နှစ်မျိုးပေါင်းပြီး ဆယ့်တစ်ထွေ မပြည့်ခင် ဘိုင်းကနဲ ပစ်လဲကျသွားပါတယ်။ သြော်…မျောက်မူးလဲဆိုတာ ဒါမျိုးကိုး။

“ဟ…ဟ၊ မင်းသမီး မူးလဲသွားပြီ၊ လုပ်ကြပါအုံးဟ”

လက်ျာမီးထိုးလင့်စင်ပေါ်က အော်သံနဲ့အတူ ဝုန်းကနဲ ခုန်ချသံကြီးကို ကြားလိုက်ရပါတယ်။

ကျွန်ုပ်လည်း မင်းသမီးကို ပြေးတဲ့ပြီး ပွေ့ထူမယ်အကြံနဲ့ စင်ပေါ်က ကမန်းကတန်း တွယ်ဆင်းခဲ့ပေမဲ့ အောက်ရောက်တော့ နောက်ကျသွားပါပြီ။ မင်းသမီးကို ပွေ့ထူပြီး သူ့လက်စွဲတော် နှာဘူးလေးနဲ့ နှာနှပ် ပေးနေတဲ့သူက လက်ျာမီးထိုးသမား၊ မောင်မင်းကြီးသား မောင်စိုးဝင်းသန်း…။

“ဟဲ့…ငွေသန်း၊ ငွေသန်း၊ သတိရပြီလား။ မောင်မောင်မြင့် ရပ်ကြည့် မနေနဲ့၊ ရေတစ်ခွက်လောက် သွားခပ်ခဲ့စမ်း”

အသံပြာပြာနဲ့ ငေါက်ထုတ်လိုက်တာကြောင့် ကဗျာကယာပြေးဆင်းပြီး နှမတော်မင်းသမီး ငွေသန်းအတွက် ရေကြည်တော်များ ဆက်သခဲ့ရကြောင်းပါ ခင်ဗျား…။

No comments:

Post a Comment