“ဆရာရေ…ဆရာ့အတွက် အတန်းနဲ့ဘာသာ မခွဲရသေးဘူး၊ ဒီနေ့ ဆရာတစ်ယောက် ခွင့်ယူထားလို့ သူ့အချိန် အစားဝင်ပေးစမ်းပါအုံး”“ဟုတ်ကဲ့၊ ရပါတယ်ဆရာ”တာဝန်ယူပြီး အတန်းထဲဝင်ခဲ့ပေမယ့် ကြိုတင်ပြင်ဆင်ထားတာ ဘာမှ မရှိလေတော့ ဘာသင်ရမှန်းလည်း မသိ၊ ဘယ်လိုသင်ရမှန်းလည်း မသိတာ ကြောင့် ဆရာစားပွဲမှာ ဝင်ထိုင်ပြီး စာအုပ်ဖတ်နေလိုက်ပါတယ်။(၈)တန်းခန်းပါ။ စာမသင်ဘဲ ထိုင်နေတော့ အကြိုက်တွေ့သွားကြတာ ပေါ့။ ကလေးသဘာဝ ပြောကြဆိုကြ၊ တို့ကြဆိတ်ကြပေါ့။ ဆရာမလာလို့ စာမသင်ရတာထက် ဆရာလာပြီး စာမသင်ရတာလောက် အရသာ ထူးတာမျိုး ကျောင်းသားဘဝမှာ ဘာရှိလို့လဲ။ကျွန်တော်ကိုယ်တိုင်ကလည်း ‘ငါမှ စာမသင်တာဘဲလေ…’ဆိုပြီး လွတ်လွတ် လပ်လပ် နေခွင့်ပေးပြီး လစ်လျူရှုထားလိုက်တာပါ။‘ဒေါက်…ဒေါက်…ဒေါက်’ဆီးသီးစေ့က စားပွဲပေါ် ထောက်တဲ့ပြီး ရှေ့နားမှာ ကျလာပါတယ်။ ဒီကောင်တွေ ငါ့ကို စမ်းပြီဆိုပြီး ထောင်းကနဲ ဒေါသထွက်သွားပါတယ်။ဆရာပေါက်စဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းသေးတော့ ဘာတဲ့ဆို ငါ့ကိုစမ်းတာလို့ ထင်တတ်ကြတာကိုး။“ဘယ်ကောင်လဲကွ”တစ်ယောက်မှ မလှုပ်ကြ။“ဟေ့…ဘယ်သူလုပ်တာလဲလို့ မေးနေတယ်လေ”ကျွန်တော့်စကားကို လုပ်မိတဲ့သူကလွဲပြီး ကျန်တဲ့သူတွေက မသိနိုင် လေတော့ ကြောင်တောင်တောင် ဖြစ်နေကြတာပေါ့။ ဒီလိုဖြစ်တာကိုလည်း ကျွန်တော်က နားမလည်သေးပါဘူး။“ဟေ့ကောင်တွေ၊ လုပ်တုန်းကလုပ်ပြီး အခုမှ သရဲဘောကြောင်လား၊ မင်းတို့ထက် မိုက်လို့ ဒီလိုအဝေးကြီးမှာ တစ်ယောက်တည်း ကျောင်းဆရာ လာလုပ်တာကွ”အတန်းနောက်က ကျောင်းသားတစ်ယောက် လက်ပိုက်၊ ရင်ကော့ပြီး ‘ကျွန်တော်ပါ’လို့ ဝန်ခံလိုက်တော့ ကျွန်တော်လည်း နေရာကနေ ‘ဝုန်း’ကနဲ ထပြီး ကျောင်းသားရဲ့ အင်္ကျီကော်လံစကို ဆွဲအစ်လိုက်ပါတယ်။“ဘာသဘောလဲ၊ မင်းတို့ ငါ့ကို စမ်းတာလား”“မဟုတ်ပါဘူးဆရာ၊ ကျွန်တော့်ကို လှမ်းပေါက်တာ၊ ကျွန်တော် ရှောင် လိုက်လို့ပါ”နောက်တစ်ယောက်က ဝင်ရှင်းပါတယ်။“ဒါဆို အစကတည်းက ငါမေးနေတာ၊ ပြောပါတော့လား”“မပြောရဲလို့ပါ ဆရာ”အင်္ကျီကော်လံစကို လွှတ်ပေးလိုက်ပါတယ်။ ကျောင်းသားလေးက ရုန်းခြင်း၊ ဆောင့်ခြင်း မလုပ်ပါဘူး။ဆရာဘဝမှာ ပထမဆုံးဝင်ရတဲ့ အချိန်ပါ။အစားထိုးအချိန်ဆိုတာ ‘ပါကင်ဖောက်’ဆရာငယ်နဲ့ တော်တော် မသင့်တော်တာပဲ။ ကိုယ့်ကိုယ်ကိုလည်းမသိ၊ ကလေးအကြောင်းကိုလည်း မသိ၊ ဘာသာရပ်ကိုလည်း မသိ၊ ဘယ်မှာ အဆင်ပြေပါ့မလဲ။ကျွန်တော်ရဲ့ ဒေါသစိတ်နဲ့ စတင်မိတ်ဆက်ခံခဲ့ရပေမယ့် သူတို့တွေ ဟာ ဆရာကို နာကြည်း မသွားကြပါဘူး။ သည့်နောက်ပိုင်းတော့ အတန်းထဲမှာ ပျော်ပျော်ရွှင်ရွှင် စာသင်၊ အတန်းပြင်မှာ ပျော်ပျော်ရွှင်ရွှင် ဘော့လုံးကစား၊ ဆရာတပည့်လည်း ဟုတ်၊ သူငယ်ချင်းလည်း ဟုတ်၊ အပြန်အလှန် နားလည် ခဲ့ကြတယ် မဟုတ်ပါလား။‘ကြာဝင်း’နဲ့‘ပြုံးချို’ရေ… မင်းတို့ငယ်ငယ်က ပုံရိပ်ကို မင်းတို့ကိုယ် တိုင် မှတ်မိကောင်းမှ မှတ်မိကြမှာ ဖြစ်ပေမယ့် ဆရာကတော့ မင်းတို့ပေးတဲ့ သင်ခန်းစာကို အမှတ်ရဆဲမို့ မှတ်တမ်းတင်လိုက်မိပါတယ်။အလယ်တန်းကျောင်းသားအရွယ် ဘာမှ အတွေ့အကြုံမရှိသေးတဲ့ ကလေးအရွယ်က သူ့မှာ ဘာပညာရှိလို့ ဆရာကို ပညာစမ်းရမှာလဲ။‘ဆရာကို ပညာစမ်းတာလား’ဆိုတဲ့ အတွေးဟာ တကယ်တော့ ‘မပြည့်သေး’တဲ့ ကျွန်တော်ရဲ့ အတွေးသာ မဟုတ်ပါလား။
ကျောင်းသားဘဝ၊ ဆရာဘဝ ပျော်စရာ အမှတ်တရလေးများနဲ့ တွေးမိတွေးရာ ရေးမိရေးရာ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း...
Sunday, March 24, 2013
ဆရာဘဝ ပထမအချိန်
Labels:
တမူး အ.ထ.က
Subscribe to:
Post Comments (Atom)
No comments:
Post a Comment