
သည်တစ်ခေါက်
ကျွန်တော်တို့တွေ ‘မိုးရေး’ဈေးကို သွားလည်ကြတော့ ဆိုင်ကယ်စီးပြီး
‘ဝှီး’ကနဲ
ရောက်သွားကြတာ။ အခုများတော့ လမ်းမကြီးက
ဖြောင့်မှဖြောင့်၊ ဖြူးမှဖြူး၊ သွားလမ်း လာလမ်းသာလိုက်ပုံများ အံ့မခန်းပါပဲ။ ဈေးကိုသွားရင်း
လွန်ခဲ့တဲ့နှစ်(၃၀) မိုးရေးဈေးကို ပထမဆုံးရောက်ခဲ့ကြပုံကို တရေးရေး
မြင်ယောင်ခဲ့မိသေးတယ်။
လွန်ခဲ့တဲ့နှစ်(၃၀)၊ တမူးကို ကျွန်တော်ရောက်စ စာသင်ခန်းမဝင်ရခင် နှစ်ရက်သုံးရက်
နားနေ ပြင်ဆင်ချိန်ရပါတယ်။ ဒီရက်အတွင်း 'မိုးရေးဈေး'ကို သွားဖို့ စီစဉ်ပါတယ်။
ဒေါ်မူမူမိုးနဲ့ ဒေါ်ခင်စန်းလင်း ဆရာမကြီးနှစ်ဦးက
ရန်ကုန် ပညာရေးတက္ကသိုလ်ဆင်း ‘စီနီယာ’အမကြီးတွေပါ။
တစ်ကျောင်းတည်းဆင်း
မောင်ငယ်ဆရာကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားဈေးကို လိုက်ပို့ပေးဖို့ တာဝန်ယူလိုက်ကြတယ်။ ‘တိုးဂိုက်’အဖြစ်
၁၀တန်းက ‘မင်းလွင်’ လိုက်ပို့ပါတယ်။
ဇွန်လမို့
နေ့တာရှည်လို့ ညနေကျောင်းဆင်းပြီးမှ သွားကြတာပါ။ တောလမ်းလေးအတိုင်း
သွားကြတာပေါ့။ ‘ပါဟိုင်း’ချောင်းကို ဖြတ်ကြတော့ ဟိုဘက်ကမ်းကနေ
တစ်နိုင်တစ်ဆွဲ အထုပ်ကြီးတွေ ရွက်ဟယ်၊
ထမ်းဟယ်နဲ့ ဈေးကနေ ပြန်လာကြတဲ့
သူတွေကို တွေ့ရပါတယ်။ ချောင်းရေ မစိုအောင်
ပုဆိုးလေး မ’ပြီး ကူးနေတုန်း ငါတို့ နိုင်ငံခြားခရီးစဉ်ကလည်း
‘ဒူးပေါ်၊ပေါင်ပေါ်’ ပါလားလို့
တွေးမိပြီး ပြုံးမိခဲ့ရသေးတော့တယ်။
ချောင်းလေးကိုကျော်၊ တောလမ်းကလေးအတိုင်း တော်တော်လေး
လျှောက်လိုက်တော့ နှစ်နိုင်ငံစည်းရိုးကို မြင်ရပြီ။
ဝင်ပေါက် ‘၉၉၉’ပေါက် ရှိတယ်လို့
ပြောပါတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။
ဝင်မယ့်‘ဂိတ်’ကို မင်းလွင်က
ရွေးပါတယ်။ ပါတဲ့ငွေကို တစ်ဖက်က ကုလားရဲ့ လက်ထဲအပ်ပြီး
သွင်းခိုင်းရတာ။ လူအလွတ်ဝင်ပြီး သူတို့နယ်ထဲ
ရောက်မှ ‘ခိုင်ကြေး’ပေးပြီး ပြန်ယူရတယ်။
နယ်ခြားစောင့်တဲ့
ကုလားစစ်သားကြီးတွေက သေနတ်ကြီးထမ်းပြီး စောင့်နေကြတာ။
မမြင်ယောင်ဆောင်ပြီး စောင့်နေကြတာပေါ့။
ကျွန်တော်က တစ်ခေါက်မှ
မရောက်ဖူးသေးတော့ သူတို့နယ်ထဲ ရောက်မှ ‘ကွိ’ကနဲ ဖမ်းလိုက်မှာလားလို့
တွေးပြီး ‘တဒိတ်ဒိတ်’နဲ့ပေါ့။
တထိတ်ထိတ်ကြားထဲက
နှုတ်ခမ်းမွှေးကားကား၊ ရင်ဘတ်ကြီးကော့ ပြီး၊ သေနတ်ကြီးထမ်းထားတဲ့ ဘိုသီဘတ်သီနဲ့ ကုလားစစ်သားကြီး
ပုံကို ကြည့်ပြီးတော့ ရယ်ချင်စိတ်က
ပေါ်လာပါသေးတယ်။
ဈေးထဲမှာတော့
မြန်မာပြည် ရန်ကုန်၊ မန္တလေး၊ မေမြို့ကနေ အိန္ဒိယ ကို ပြန်သွားရတဲ့ ပြည်တော်ပြန်
ကုလားဈေးသည်တွေမို့ ဘာသာစကား အခက် အခဲ
မရှိပါဘူး။ ကျွန်တော်က ဈေးဝယ်တာ ဝါသနာမပါလို့
ဟိုကြည့် ဒီကြည့် လျှောက်ကြည်ရုံပါ။ ဆရာမကြီး နှစ်ဦးက
သူတို့လိုချင်တဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေ
တစ်ပွေ့တစ်ပိုက် ဝယ်ကြပါတယ်။
မှတ်မှတ်ရရပစ္စည်းကတော့ ကိုယ်လုံးပေါ် ကြည့်မှန်ကြီး တစ်ချပ်ပါ။
မကွဲမရှအောင် ထုပ်ပိုးပြီး မင်းလွင်က ခေါင်းပေါ်ရွက် သယ်လာပေးပါတယ်။ လှည့်ပတ် ကြည့်ရှု၊
ဝယ်ခြမ်းပြီး ပြန်ထွက်မယ်အလုပ်၊ ကုလားတစ်ယောက်က “နေကြဦး…နေကြဦး၊
ဟိုမှာ လူကြီးတွေ လာနေတယ်”
အနီးက အိမ်တစ်အိမ်ထဲ ခဏ ဝင်နေကြရတယ်။
“လာ…လာ၊ မြန်မြန်ထွက်၊ လူကြီးတွေ
မမြင်စေနဲ့”
ဗမာတွေကို ဈေးရောင်းဖို့ လာတည်ထားတဲ့မြို့ပါ။ တန်ဖိုးရှိအောင်
လုပ်တတ်လိုက်ကြတာ။ ကျွန်တော်တို့ဗမာဘက်ကပဲ ငန်းငန်းတက်ပုံစံ ဖြစ်နေ လို့ စိတ်မကောင်း ဖြစ်မိသေးတော့တယ်။
"လာ…လာ"ဆိုလို့ ကဗျာကယာ ထွက်လိုက်ကြတာ ခလုတ်တိုက်ပြီး မင်းလွင် ခြေမထိပ် ကွဲပါလေရော။
ခြေမသာ အကွဲခံနိုင်တာ၊ မှန်ကိုတော့ အကွဲမခံနိုင်ပါဘူး။ ကိုယ်နယ်ထဲလည်း ရောက်ကရော မောင်မင်းကြီးသား
မောင်မင်းလွင် ခေါင်းပေါ်က မှန်ကို ချတဲ့ပြီး ဒေါသဖြစ်ဖြစ်နဲ့
ခါးထောက်ပြီး ဗမာလို လှမ်းဆဲပါတယ်။
“ဟ…ကောင်လေး၊ ဟိုလက်ထဲမှာ
သေနတ်ကြီးနဲ့ဟ”
“ဗမာစကား ဒီကောင် မသိပါဘူး ဆရာ။ ဒီဘက်ရောက်ရင်
သူတို့ ဘာမှ မလုပ်ရဲတော့ပါဘူး”
တောလမ်းလေးမှာ ခဏနား၊ ခြေမကို ပတ်တီးစည်းပြီး ပစ္စည်းတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့
ပြန်ခဲ့ကြပါတယ်။
“ဟဲ့…မင်းလွင်၊ ဆရာမ တစ်လှည့်
သယ်ခဲ့ဦးမယ်”
“ရပါတယ် ဆရာမ၊ ဆရာမတို့သာ ဖြည်းဖြည်းလျှောက်ခဲ့ကြ”ဆိုပြီး ဆရာမတွေ လိုချင်တဲ့ ကိုယ်လုံးပေါ် ဧရာမမှန်ချပ်ကြီးကို ခေါင်းပေါ်မှာ
ရွက်ပြီး သယ်လာပေးတဲ့ တပည့်မျိုး ယခုခေတ်မှာ ရှိပါသေးရဲ့လား။
No comments:
Post a Comment