Wednesday, April 3, 2013

အာစရိယ ပူဇော်ပွဲ



လေးငါးလလောက်ကြာတော့ ဆရာနဲ့ ကျောင်းသားက လုံးနေပြီ။ ဒါပေမယ့် ဆရာ…ဆိုတဲ့ ဂုဏ်ပုဒ် ပျက်သွားလောက်အောင် မဟုတ်ပါဘူး။ စာသင်ခန်းမှာတော့ ဆရာတပည့်၊ ကျောင်းချိန်ပြီးတော့ ညီအကို၊ အဲဒီလို ရင်းနှီးကြတာပါ။
သီတင်းကျွတ်လရောက်တော့ မောင်တာရယ်၊ကျော်လင်း၊ မြင့်ဖေနဲ့ ထွန်းလွင် ကျောင်းသားကြီးတစ်သိုက်က အာစရိယပူဇော်ပွဲ လုပ်မယ်လို့ ပြော လာကြပါတယ်။
"ဟ…ဒါက မင်းတို့ လုပ်ရမှာလေ။ ဆရာတွေက အာစရိယပူဇော်ပွဲ လုပ်ကြအုံးလေကွာလို့ ဘယ်ပြောမှာလဲ"
"ဟုတ်ပါတယ် ဆရာရဲ့၊ ကျွန်တော်တို့ပဲ လုပ်မှာပါ။ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေတာကို ဆရာက ဘေးနားမှာရှိပြီး အားပေးနေဖို့ ပြောတာပါ"
တကယ်တော့ ကျွန်တော်က အထက်တန်းကျောင်းသားဘဝ မပြောနဲ့ တက္ကသိုလ်ကျောင်းသားဘဝ…ထိကိုပဲ ကျောင်းသားအငယ်စားထဲ ပါတာမို့ ဒီလိုမျိုး ဦးစီးဦးဆောင် မလုပ်ဖူးပါဘူး။ လုပ်လည်း မလုပ်တတ်ပါဘူး။ ဒါပေမယ့် သူတို့က အနားမှာ ရှိနေပေးပါဆိုတော့ ဘာခက်တာ မှတ်လို့၊ မဟုတ်လည်း ကျောင်းထဲမှာ နေတာဆိုတော့ သူတို့ဆန္ဒအတိုင်း ဘေးကနေပြီး အားပေး သယောင်ယောင်၊ ဦးစီးသယောင်နဲ့ သူတို့တွေ လုပ်ပုံကိုင်ပုံ၊ ကျောင်းသား အချင်းချင်း စီမံခန့်ခွဲကြပုံ၊ ကူညီဆောင်ရွက်ပေးကြပုံ တွေကို စောင့်ကြည့်နေ တာပါ။
မိုးဗြဲဒယ်ကြီးတွေကို ကိုယ်တိုင် ငှားလာကြတယ်။ ဂေါမုဏ္ဏဆောင် အောက်မှာ သာဂူယို ကိုယ်တိုင်ကျိုကြတယ်။ ကျွေးမွေးစရာ နေရာအတွက် ခမ်းပတ်ဆောင်ထဲ သူတို့ကိုယ်တိုင် ပြင်တယ်။ ကလေးတွေကို ကျွေးတယ်။ ဆေးကြောသန့်စင်တဲ့နေရာလည်း အလစ်အဟာ အခိုအကပ် မရှိစေရဘူး။ တူညီကျောင်းဝတ်စုံ မရှိတဲ့ခေတ်၊ ဖြူနီညိုပြာ ကြိုက်ရာဝတ်ကြတဲ့ကျောင်း၊ ကျောင်းလုပ်ငန်းတွေအတွက်တော့ စိတ်ဓါတ်တွေက ညီလိုက်ကြတာကလား၊ အထက်တန်းကျောင်းသားတွေတဲ့၊ သြချလောက်အောင် တော်ကြပါပေတယ်။
ကဘော်ဆောင်ခန်းမထဲမှာတော့ စာသင်ခုံတွေ ဆက်ပြီး၊ စင်ထိုးထား ကြတယ်။ ဆရာတွေ ထိုင်ဖို့ ထိုင်ခုံတွေလည်း အစီအရီ ခင်းလို့။ ကန်တော့မယ့် ပစ္စည်းတွေလည်း အရံသင့် ထုပ်ပြီး၊ ပြင်ပြီး။ ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမ တွေက ကန်တော့ခံစင်မြင့်မှာ နေရာယူပြီး။ ကျောင်းသားကျောင်းသူ၊ ကလေး တွေက အောက်ကြမ်းပြင်မှာ နေရာယူပြီး။
"ဆရာ၊ ဆရာမကြီးတို့အပေါ် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးသော ကံဖြင့် ပြစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့ကို ခွင့်လွှတ်ပေးပါရန် ရိုသေစွာ ရှိခိုးတောင်းပန်အပ်ပါသည် ခင်ဗျား…"
ကျောင်းသားကြီးကျော်လင်း ရှေ့ကတိုင်ပေး၊ ကျန်တဲ့ကျောင်းသား ကျောင်းသူတွေ နောက်က လိုက်ဆိုပြီး တောင်းပန် ကန်တော့လိုက်ကြတာများ ကြက်သီးမွှေးညှင်း ထမိပါရဲ့။ ပြီးတော့…ကန်တော့လက်ဆောင်တွေ ပေးကြ၊ ကောင်းလိုက်တဲ့ အစီအစဉ်၊ ကျွန်တော် ဘာ…ပြင်ပေးစရာ လိုလို့လဲ။
ဟဲ့…ဟဲ့၊ သိန်းဖေနဲ့ တင်ဆောင်၊ နှစ်ယောက်သား ဂစ်တာကြီးတွေ တကားကား၊ ဘာလုပ်ကြတာလဲ။
"အခုချိန်မှ စပြီး ဆရာကြီး၊ ဆရာမကြီးများကို တေးဂီတများဖြင့် ပူဇော်ပါမည်ခင်ဗျား"
သြော်…သြော် ဒီလိုကိုး၊ ကန်တော့ခံစင်မြင့်က ယခုတော့ ဂီတစင်မြင့် ဖြစ်သွားပေပြီ။ ဆရာ၊ ဆရာမများက တပည့်များ တင်ဆက်သော ဂီတနှင့် အကများကို (ခါးညောင်းသော်လည်း) အားပေးနေကြရပါတယ်။ သာဂူယို အဝစားထားတဲ့ ကလေးငယ်များကတော့ ပွဲပြီးမှာကို စိုးရိမ်နေကြတယ်။
"ဆရာဦးမောင်မောင်မြင့်အား တေးသီချင်းတစ်ပုဒ် ဖျော်ဖြေပေးပါရန် ကျောင်းသားကျောင်းသူများက တောင်းဆိုအပ်ပါသည်ခင်ဗျား"
"ဟေ့ကောင်တွေ…ဘယ့်နှယ်လုပ်တာလဲကွ"
"ဟာ…လုပ်ပါဆရာ၊ ကျွန်တော်တို့မှာ ဒါလေးပဲ ပျော်စရာရှိတာ"
"ဆိုပြပါဗျို့"
"ရွှီ…ရွှီ…ဖြောင်း…ဖြောင်း…ဖြောင်း"
ငြင်းရင်းကန်ရင်းနဲ့ပဲ လူက စင်ပေါ်ရောက်၊ မိုက်ခွက်ကိုင်ပြီးနေပြီ။
ကျောင်းအုပ်ကြီး ဦးအုန်းမြင့်က ခါးညောင်းလို့ဆိုပြီး အသာလေး ရှောင်ထွက်ပေးပါတယ်။ ကျောင်းအုပ်ကြီးနဲ့ ဆရာကြီးကတော်ကိုယ်တိုင်က အနုပညာမြတ်နိုးသူတွေပါ။ သူတို့ကို ဆိုခိုင်းလျှင်ပင် ငြင်းမယ်မထင်ပါ။
ဝင်းဦးရဲ့ 'မာနရှင်တစ်ယောက်'သီချင်းကို မဆီမဆိုင် ဟဲပစ်လိုက်ပါ တယ်။ တပည့်များပျော်ကြတယ်။
အကဲပိုပြီး ဆရာမဒေါ်စိမ်းကို တောင်းဆိုကြပြန်တော့ ရှေ့က ကိုဖိုးကဲ ရှိထားတော့ ဆရာမလည်း ငြင်းမရတော့ဘူးပေါ့။
ဦးဉာဏ်ထွန်းကြီးလည်း မနေသာပါဘူး။ "ဘယ်ဆီသို့××ဘယ်ညာ သို့××လွမ်းရမယ်××ဆွေးရမယ်××× ကြာပင်အိုင်ကြီးလယ်၊ ဟာ…ဆရာ မရတော့ဘူးကွ"ဆိုပြီး အစလည်းမဟုတ်၊ အဆုံးလည်း မရောက်ပါဘဲ ဆင်းသွားရပါတယ်။
ကျောင်းသားကြီးတွေ ကျိတ်ကျိတ်ကျိတ်ကျိတ်၊ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဟိုလူတွန်းလိုက်၊ ဒီလူတွန်းလိုက်နဲ့ ဘာလုပ်နေကြပါလိမ့်။
ကြည့်လိုက်တော့ မောင်တာ…၊လက်ထဲမှာ မိုက်ခွက်ကြီး ကိုင်လို့။ ဒီကောင် စကားတောင် လည်လည်ပတ်ပတ် ပြောတတ်တာ မဟုတ်ဘဲ သီချင်း ဆိုမလို့လား။ စပ်ဖြဲဖြဲမျက်နှာပေးနဲ့ မိုက်ခွက်ကြီးကိုင်ပြီး ဘာမပြော ညာမပြော ဆရာဦးတင်ဦးလက်ထဲကို ထိုးထည့်လိုက်ပါတယ်။ ကလေးတွေ ဘာဆိုလို တယ်ဆိုတာကို သိနေတဲ့ ဆရာဦးတင်ဦးက မိုက်ခွက်ကလေးကို အသာတ ကြည် ယူပြီး သီချင်းတစ်ပုဒ် ဆိုပြပါတယ်။
"အဒေါ်ကြီး×××ခင်ဗျားသမီးအလွန်ချောတယ်×××ကျွန်တော့်ကို ပေးပါလား×××"
သူတို့ တက္ကသိုလ်ကျောင်းသားဘဝက ခေတ်စားတဲ့ သီချင်း နေမှာ ပေါ့။ မပြုံးမရယ်၊ ခပ်တည်တည်ကြီးနေတတ်လို့ တပည့်များ စကားမှ ရဲရဲ မပြောဝံ့တဲ့ ဆရာကြီးက အခုလို သီချင်းဆိုပြတော့ ကလေးတွေ ပျော်လိုက် ကြတာလေ၊ တဝါးဝါး တဟားဟား ဖြစ်နေကြတာပေါ့။
အပြင်က ကြားနေရတဲ့ ကျောင်းသားမိဘများကတော့-
"ဟဲ့…ဒီနှစ် ဆရာကန်တော့ပွဲ ဘယ့်နှယ်တွေ ဖြစ်ကုန်သလဲဟဲ့"ဆိုပြီး တအံ့တသြ ဖြစ်နေကြမှာပေါ့။ ပွဲပြီးတော့ ဆရာမထွေးက ထုံးစံအတိုင်း -
"ရော်…ဦးမောင်မောင်မြင့်ကြီးက ကဲ…လို့၊ ကလေးတွေ မြှောက်ပေး ကွေးနေအောင် က'တော့တာပဲ၊ ဒီထဲ ဒို့…ဦးတင်ဦးကြီးက ယောင်တောင် ပေါင်တောင် ပါလိုက်သေး၊ အမြင်ကပ်စရာကြီး"
ဦးတင်ဦးကတော့ အခွင့်ကြုံတုန်းမှာ ကလေးတွေကို "မင်းတို့ ငါ့ကို ကြောက်စရာမလိုပါဘူးကွ"လို့ ပြခွင့်ရလို့ နှုတ်ခမ်းမွှေးစစနဲ့ ပြုံးပြုံးကြီးပြော လိုက်ပုံက-
"သြော…ဒီက ကလေးတွေမှာ ပျော်စရာ ဘာရှိလို့လဲ၊ ဒီလိုအခါမျိုး ပျော်ကြပါစေကွာ"တဲ့။
ဆရာဆိုတာ စာသင်ရုံသက်သက် မဟုတ်ပါ။

No comments:

Post a Comment