ဆရာဦးဌေးလွင်က သိပ္ပံဘွဲ့ပေမယ့်
မြန်မာစာ ဝါသနာပါတယ်။ ကျွန်တော် မရောက်ခင်က သူပဲ မြန်မာစာ သင်နေတာပါ။ ကျွန်တော် ရောက် တော့ သူ့ဆီကနေ မြန်မာစာသင်ချိန်
တစ်ဝက်ခွဲယူရတယ်။ သင်ကြားရေး အတွေ့အကြုံမှာ ဦးဌေးလွင်က စောတဲ့အပြင် စာဖတ်အား၊ လေ့လာအား
သန်ခဲ့သူမို့ သူ့ဆီကနေ သင်ကြားရေး အထောက်အကူတွေ အများကြီး ရခဲ့ပါတယ်။ ကျွန်တော့်ကို မြန်မာစာမှာ ဝါသနာပါအောင် စေ့ဆော်ပေးခဲ့တာ ဦးဌေးလွင်ပါ။
ရွယ်တူ၊ လူလွတ်ချင်း စိတ်ရင်းပါ တူကြတော့ စားချိန်၊ အိပ်ချိန်၊ သူ့အိမ် ပြန်ချိန်က လွဲလို့ အတူရှိနေတာ များပါတယ်။
ဇွန်၊ ဇူလိုင် မိုးလေးဖြိုင်ဖြိုင်ရွာတော့
ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေမှာ အပြင် သိပ်မထွက်နိုင်တော့ဘူး။ ကျောင်းထဲမှာ
အောင်းနေရတဲ့ အတူတူ ဘာလုပ်ရင် ကောင်းမလဲ။
"နံရံကပ်စာစောင် ထုတ်ရအောင်" ဦးဌေးလွင်က အကြံပေးပါတယ်။
အဲဒီတုန်းကတော့ လွယ်လိုက်တာ၊ လုပ်ချင် ထလုပ်လိုက်ကြတာပဲ။
'မိုးဦးပန်း'လို့ အမည်ပေးမယ်။
ကလေးတွေဆီက စာမူတောင်းမယ်။ လိုတာ ဖြည့်ရေးကြမယ်ပေါ့။ ဆရာဦးဌေးလွင်ပဲ ကမကထ လုပ်ပါတယ်။
သူပဲ စာရေးသူ၊ သူပဲ အယ်ဒီတာ၊ သူပဲ ဒီဇိုင်းနာ၊ စွယ်စုံရတဲ့သူပါ။
မြန်မာစာ ဝါသနာပါတဲ့
(၁၀)တန်းက မောင်မောင်နဲ့ မတင်နုတို့က စာမူတွေကို လက်ရေးလှလှနဲ့ ပြန်ကူးပေးကြပါတယ်။
သရုပ်ဖော်ပုံတွေကို မျိုးမြင့်က လက်စွမ်းပြပါတယ်။
ကလေးတွေပို့တဲ့ စာစီစာကုံး၊
ကဗျာလေးတွေကို ကောင်းနိုးရာရာ ရွေးကြတော့-
"ဟာ…ကိုဌေးလွင်ရေ၊
ဒီမှာကြည့်စမ်း၊ ကဗျာလေး ရွတ်လို့ကောင်း လိုက်တာ။ အဓိပ္ပါယ်တော့ မသိဘူးဗျို့"
"ပြစမ်းပါ့"
ဦးဌေးလွင်က ယူကြည့်ပြီး
တဟားဟား ရယ်ပါတယ်။
ကျွန်တော်ပြလိုက်တဲ့ ကဗျာက 'တိမ်ညိုမိလ္လာ၊
တိမ်စူကာနှင့်၊ တိမ်ပြာ ရောယှက်၊ မရမ်းစွက်၍၊ တိမ်သက်တန့်ရောင်၊
အဝါဘောင်ဝယ်…'
ဒီ ဂန္ထဝင်ကဗျာကို ကျွန်တော် မသိရိုး အမှန်ပါ။ ပေးပို့သူ လှမျိုးသိန်း၊ သတ္တမတန်းတဲ့။ ကောင်းလွန်းလို့ ပယ်လိုက်ရပါတယ်။
ကိုယ်ပိုင် အတွေးလေးတွေနဲ့
ကောင်းနိုးရာရာ ကဗျာလေးတွေကို ကာရန်လွတ်တာ နည်းနည်းပြင်ပြီး ထည့်ပေးပါတယ်။ တကယ်တော့
အဲဒီ ကဗျာတွေဟာ ဒီကနေ့ ကာရန်မဲ့ခေတ်မှာ ပြင်စရာမလိုတဲ့ ခေတ်ရှေ့ပြေး ကဗျာတွေပါ။
မိုးတဖွဲဖွဲ ကာလလေးမှာ ကျောင်းထဲမှာပဲ စာမူတွေကို
ဖတ်ဟယ်၊ ရွေးဟယ်၊ ပြင်ဟယ်၊ ကူးဟယ်နဲ့ အလုပ်ရှုပ်နေတော့ မပျင်းတော့ဘူးပေါ့။ အလုပ်ထဲမှာ
အာရုံစိုက်နေတော့ ညောင်းရမှန်းလည်း မသိပါဘူး။
ကဘော်ဆောင် အစွယ်က စာကြည့်ခန်းလေးထဲမှာ
တကုပ်ကုပ်နဲ့ လုပ်ခဲ့ကြတာလေ။ ဒီလိုနဲ့ 'မိုးဦးပန်း'လေး ပွင့်ခဲ့ရတာပါ။
စာစောင်ထွက်တော့ ဝိုင်းအုံစုပြုံပြီး
ဖတ်ကြတယ်။
"ဟေ့…ဒီမှာ၊ ဒီမှာ
ငါရေးပို့လိုက်တာလေး"
"ဟော…ဒါ နင်ရေးပို့လိုက်တာ
မဟုတ်လား။
သူတို့ပို့တဲ့ စာမူအောက်မှာ
သူတို့အမည်လေးတွေ တွေ့ရတော့ ကျေနပ်ပီတိဖြစ်နေတဲ့ တပည့်တွေရဲ့မျက်နှာလေးတွေ၊ ရေးသူလည်းပျော်ရ
ဖတ်သူလည်းပျော်ရဆိုတော့ အထမြောက်အောင် ဖန်တီးပေးရတဲ့ ကျွန်တော် တို့ ပီတိကိုလည်း ပြောမပြတတ်တော့ပါဘူး။
အရောင်အသွေး စုံလင်စွာနဲ့
သင်းပျံ့စွာ ပွင့်လာတဲ့'မိုးဦးပန်း'လေး ရေ မင်းကိုလည်း အမှတ်ရလျှက်ပါ။
တမူး အ.ထ.က ရွှေရတုမဂ္ဂဇင်းမှာ
ဝါရင့်ဆရာကြီးများနဲ့အတူ ပါဝင် လက်စွမ်းပြထားကြတဲ့ ကျွန်တော့်တပည့်တွေရဲ့ အတွေးလှ အရေးလှ လက်ရာ
မျိုးစုံကို ဖတ်ရတော့ ရင်မှာသိမ့်သိမ့် ကြည်နူးမိပါတော့တယ်။
SEFJ
No comments:
Post a Comment