အချိန်များ
ကုန်မှန်းမသိ တဖြုတ်ဖြုတ် ကုန်သွားလိုက်တာ၊ အသက် များလည်း ကြီးမှန်းမသိ တရိပ်ရိပ် ကြီးလာပါရော့လား။
ဒါပေမယ့် ကိုယ့်ကိုယ် ကိုဖြင့် ကြီးတယ်မထင်၊ မနေ့က ကောင်ကလေးလို့ပဲ မြင်နေမိတာပါ။ ဒီလို
မေ့မေ့လျော့လျော့ နေဖြစ်တာ အကြောင်းကလည်း ရှိသလေ။
အထက်တန်းကျောင်းသားဘဝ
အမြင့်ဆုံး ဆယ်တန်းရောက်ပေမယ့် လူကောင်သေးတော့ ကလေးစာရင်းနဲ့ပဲ အဆုံးသတ်ခဲ့ရတာ။
တက္ကသိုလ်ရောက်တော့
တွေ့သမျှ အကို၊အမ ခေါ်ရတဲ့ အငယ်ဆုံး အတန်းက ပြန်စရပြန်တယ်။
ဘွဲ့ရ၊
အလုပ်ဝင်တော့ ဆရာပေါက်စ ဖြစ်ပြန်ရော။
ကိုယ့်ထက်ကြီးသူတွေကို ကြည့်…ကြည့်ပြီး အငယ်လုပ်နေခဲ့တာလေ။ ဘယ်လိုပဲ 'အရွယ်လေး ငယ်သေးတယ်ထင်'ပေမယ့်၊ ခုဆို ကိုယ့်ထက်ကြီးသူ ဦးရေ
နည်းနည်းလာပြီး၊ ကိုယ့်အောက်ငယ်သူ အရေအတွက် မတရား များ… များလာပြီး မဟုတ်လား။ အခု ကျောင်းမှာ
ဆရာကြီးစာရင်းထဲ ဇွတ်သွင်းနေကြ တာ နားကြားပျင်း ကပ်လိုက်လေ။
ဘယ်လိုပင်
အမှတ်တမဲ့ နေခဲ့ပေမယ့်၊ အမှတ်တရလည်း သုံးခါ ကြုံပါ တယ်။
တက္ကသိုလ်
စရောက်တဲ့နှစ်မှာ ပညာရေးတက္ကသိုလ်၊ မန္တလေးသင်း စဖွဲ့ပါတယ်။ မန္တလေးတိုင်း စာတတ်မြောက်ရေး
လှုပ်ရှားမှုကြောင့် ပေါ်ပေါက် လာတာပါ။ မန္တလေး သစ်လွင်ကြိုဆိုပွဲနဲ့ လူအိုနှုတ်ဆက်ပွဲကို
အစဉ်အဆက် လုပ်ခဲ့ကြတာပါ။ စတုတ္ထနှစ်က ဦးစီးတာဝန်ယူရပါတယ်။ ရောက်စနှစ် ရံပုံငွေ ရှာကြံရေးနဲ့
စည်းရုံးရေးအတွက် ကိုမြင့်မောင်ဌေး၊ ကိုတင်မောင်သန်း၊ မမလှ၊ မမဌေးစတဲ့ အကိုကြီး၊အမကြီးများနောက်က တကောက်ကောက် လိုက်ခဲ့ရတာ။
ချာတိတ်လေးအဖြစ်
ပျော်ပျော်ကြီးနေလိုက်တာ ရှေ့က ဘယ်နှသုတ် ကျောင်းဆင်းသွားမှန်းတောင် မသိလိုက်ပါဘူး။
စတုတ္ထနှစ်ရောက်တော့
ကိုယ့်အောက် အငယ်တန်း ခင်သန်းမြင့်တို့ အုပ်စုက "ကိုကြီး…ဒီနှစ် မန္တလေးအသင်းက
ဘာမှ မလှုပ်ရှားသေးဘူးလား"တဲ့။
ဟဲ့…
ငါလည်း "ကိုကြီး" စာရင်းထဲ ရောက်ပါပေါ့လားလို့ အရွယ်နဲ့ ပတ်သက်ပြီး ပထမဆုံး
ပျော်ပျော်ကြီး သတိထားလိုက်မိပါတယ်။
ကျောင်းသားလူထွက်၊
ဆရာပေါက်စအဖြစ် တမူးကျောင်းမှာ အလုပ် စဝင်တော့ ဆရာကြီး၊ဆရာမကြီးများ အလယ်မှာ အငယ်ပြန်ဖြစ်
သွားပြန်ရော။
အဖွား(ဆရာမထွေးရဲ့အမေ)အိမ်က
သြဇာသီးတွေသီးလျှင် မြေးတွေ ဖြစ်တဲ့ နော်ကြီးတို့၊ နှင်းဆီတို့နဲ့ တန်းတူခွဲတန်းယူပြီး
ကလေး လုပ်နေတုန်းပါ။
"ငွေရတု
မွေးနေ့လေးကို ကြက်ဥပေါင်မုန့်ကြော်လေးနဲ့ အားပေး လိုက်ကြပါအုံး"
"နှစ်ဆယ့်ငါးနှစ်ပြည့်၊
ပေါင်မုန့်ကြော် သကြားရည်စိမ်လေး ချီးမြှင့်ပါ"
"နှစ်အစိတ်ပြည့်…"
"တစ်နှစ်လာ
အစိတ်၊ တစ်နှစ်လာလည်း အစိတ်။ မောင်မောင်မြင့် ကောင်လေး၊ မင့်ဟာ ဘယ်တော့ ကြီးမှာလဲဟင်"
ဒေါ်ခင်စန်းလင်းက သူ့အမေး သူ သဘောကျပြီး တဟားဟားရယ်ပါတယ်။
ဂေါ်ရခါးကုန်းမှာ
နေတဲ့နှစ်။ စောတင်ဝင်းရဲ့ နှမထွေး ခြောက်တန်းက တင့်တင့်လွင်ကို ဦးချစ်သိန်းဆီ စာကျက်ဖို့
ပို့ထားတာ။ ဦးချစ်သိန်းက နံက်ပိုင်း အောက်ထပ်မီးဖိုထဲမှာ ထမင်းချက်ရင်း အပေါ်ထပ်က သူ့တပည့်မကို
ရီမုတ် ကွန်ထရိုးနဲ့ လှမ်းသင်တာပါ။ တနေ့ ကျွန်တော်က ဈေးသွားဖို့
သပ်သပ်ရပ်ရပ် လေး ဝတ်ပြီး ဦးမာစိန်ကြီး ပြင်ဆင်နေတာ မပြီးသေးလို့ တံခါးတိုင်ကို မှီရပ်ပြီး
စောင့်နေမိတယ်။ အောက်တံခါးတိုက် တန်းပေါ်မှာ စာဖတ်နေတဲ့ မယ်တင့်က မော့တဲ့ပြီး
"အံမယ်…
အဘိုးကြီးက စောစောစီးစီး ရှိုးတွေထုတ်လို့"
"ဘာ..ဘာ..အဘိုးကြီးလဲ၊ စောတင်ဝင်းနဲ့ ငါနဲ့မှ သူငယ်ချင်းတွေ
ဥစ္စာ"
"အကိုကြီးရဲ့
ဆရာကြီးဆိုတော့ အဘိုးကြီးပါပဲ"
မီးဖိုထဲက
ဦးချစ်သိန်းကြားပြီး တဟားဟားရယ်ပါတယ်။
အဲဒီနေ့ကစပြီး
ကျွန်တော့်ကို အဘိုးကြီးဘွဲ့ အပ်နှင်းလိုက်ကြတာ နောက်ပိုင်း မောင်မောင်ခေါ်လို့
ဗျာမထူးမိပေမဲ့ အဘိုးကြီးဆိုတဲ့ အသံကြားရင် တုံ့ကနဲ ရပ်ပြီး လှည့်ကြည့်မိတဲ့ထိ စွဲသွားပါတယ်။
ဒုတိယအကြိမ်မှာ
အရွယ်ကို တအံ့တသြ သတိထားလိုက်မိပါတယ်။
အခု ငါးဆယ်ကျော်လာတော့
အရင်လို မဟုတ်တော့ပါလားလို့ သတိ ပြုမိလာတယ်။ လူရှင်းချိန်မှာ တစ်၊ နှစ်၊ သုံး၊ လေးဆိုပြီး
ကာယ လေ့ကျင့်ခန်း လုပ်တာ စည်းဝါးမကိုက်တော့ဘူး။ နှုတ်ခမ်းလှုပ်တာနဲ့ အသံနဲ့ မကိုက်တဲ့
ဗွီဒီယိုဇာတ်ကားလိုပါ။
အရင်တုန်းက
နာတယ်ဆိုတာ ခလုတ်တိုက်မိလို့၊ ထိခိုက်မိလို့ နာတာ မျိုးပါ။ တအောင့်နေပျောက်။ မသကာ တစ်ရက်၊
နှစ်ရက်ပေါ့။
ငါးဆယ်ကျော်မှာ
ဘာမှမဖြစ်ပဲ (ကိုယ်ထင်တာ) နာတာမျိုး ကြုံလာရ တယ်။ ကိုယ်ဖောကိုယ်ရောင်မျိုးလည်း ဖြစ်လာတယ်။
အလုပ်ဖိစီးလို့၊ ရာသီ ဥတု ဖောက်ပြန်လို့ ထင်တာ။ တကယ်တော့ အကြောတွေ၊ အရိုးတွေ၊ ကလီစာ
တွေ၊ တစ်ကိုယ်လုံးကို အနှစ်ငါးဆယ်ကြီးများတောင် သုံးခဲ့ပြီးပြီလေ။
ဖြစ်ပြီဟေ့ဆို
တစ်လကိုးသီတင်း၊ ရှင်းရှင်းမပျောက်ဘဲ သက်သာရင် နှစ်သိမ့်ကြရတဲ့ အရွယ်။ ဒါပေမယ့် မာန်မချချင်ဘူး။
"ကဲ…လာလေ့ရော၊
တမူးကို အလည်သွားပြီး ကလေးတွေနဲ့ တွေ့ လိုက်ရင် နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သလို စိတ်ပျိုကိုယ်နု
ဖြစ်ကရော့.. လဟယ်"
တပည့်တွေကို
ဝမ်းသာအားရ တွေ့ခဲ့ရပါတယ်။ ကလေးတွေကို တွေ့ဖို့ဆိုပြီး လာခဲ့ရတာ မဟုတ်လား။ ပျော်လိုက်တာ။
ဒါပေမယ့်
ကိုယ်မြင်ထားတဲ့ ကလေးတွေက ကလေးအသစ်တွေ ရနေ ကြပြီပဲ။ မြင့်ကျော်က ငါးယောက်တဲ့။ တချို့ မြေးထိန်းနေရပြီတဲ့။ ဟန်ကျသကွာ။
"ကျမတို့က ညနေကျ တရားရိပ်သာ စခန်းဝင်ဖို့ စီစဉ်ထားပြီးဖြစ်နေလို့
လာကန်တော့တာ ဆရာ"
"အေး…အေး…သွားကြ၊
သွားကြ"
မြင့်နှင်းနဲ့
ခင်လေးဆွေက နှုတ်ဆက်ကန်တော့သွားတော့ စိတ်ထဲမှာ 'ဟင်'ကနဲ အာမေဋိတ်ပြုမိတယ်။
နောက်တစ်နေ့မှာ
သီလကို စင်ကြယ်အောင် ကျင့်နေတဲ့ ဆရာလေး ခင်မေကြူကို ပန်းရောင်ဖျော့ ဝတ်ရုံလေးနဲ့တွေ့ရပြီး၊
မဘုတ်ဆုံ တရားစခန်း ဝင်နေတဲ့အကြောင်း ကြားရပြန်တော့ 'ဟယ်'ကနဲ အံ့သြရပြန်ရော။
တစ်ခါ၊ ခင်ဝင်းရင်က "ကျမ မန္တလေးက ပတ္တမြားရိပ်သာမှာ စာရင်းပေး ထားတာ၊ မနက်ဖြန် သွားရမှာ ဆရာ။ အောင်မေသန်းလည်း ပါတယ်။ သူက အခုရန်ကုန်မှာ။
အပြန်မှာ ဝင်လာဖို့ ချိန်းထားတယ်၊ ရိပ်သာမှာ ဆုံကြမှာ"
'ဟိုက်'ကနဲ
ဖြစ်ရပြန်ပြီပေါ့။
'နာခြင်း'သဘောတွေ
ကိုယ်တွေ့ကြုံရပြီဖြစ်တဲ့ ကျွန်တော်က စိတ်ကို လွှတ်ပြီး ပေါ့ပေါ့ပါးပါး လျှောက်လည်နေရာက ဂါဝန်လေးတွေနဲ့ ကိုယ်
မြင်ခဲ့၊ တွေ့ခဲ့တဲ့ ကလေးတွေက သံသရာဖြတ်လမ်း၊ ထွက်လမ်းကို ကြိုးပမ်းနေကြ တာ မြင်တွေ့ခဲ့ရတော့
နတ်ရေကန်ထဲကနေ မွန်းပြီး 'ဘွား' ကနဲ ပြန်ပေါ်လာ လိုက်တာ ပကတိ အရှိအရွယ်အတိုင်းပါဘဲ။
အရွယ်ကို
တတိယအကြိမ် သတိပြုမိပုံက အထိတ်တလန့် ရှိလှပါ တော့တယ်။