Friday, April 5, 2013

ဇာတ်ဆရာ မြင့်ဦး


N
အောက်ကျင်းသား မြင့်ဦးတစ်ယောက် ကျောင်းမတက်ပဲ ပျောက်နေ တာ တော်တော်ကြာပြီ။ ကျောင်းလာလိုက်၊ ရက်တော်တော်ကြာ ပျောက်သွား လိုက်၊ ပေါ်လာလိုက်။ သူက ကျောင်းပြေးတာမျိုးလည်း မဟုတ်ဘူး။ မေးလိုက် ပြန်ရင်လည်း ခရီးထွက်နေလို့ပါတဲ့။ စကားပြော မပွင့်တပွင့်၊ မျက်နှာကတော့ အမြဲတမ်း ပြုံးနေတာပါ။ နိုဝင်ဘာလထဲရောက်တော့ ထုံးစံအတိုင်း ကျောင်း တက်နေပြန်ရော။
ဒါပေမယ့် ဒီတစ်ခေါက် သူ့မှာ ထုံးစံထက် ပိုပြီး ပြောစရာရှိနေပုံပဲ။
"ဆရာ"
"ဟေ"
"ပျင်းလိုက်တာ ဆရာရယ်၊ အငြိမ့်မကြည့်ရ၊ ပွဲမကြည့်ရ။ ဆရာက ဇာတ်အငြိမ့်တွေ ပေါတဲ့ဆီက လာတော့ ပိုပျင်းမှာပေါ့။ ပွဲလေးဘာလေး မကြည့် ချင်ဘူးလား ဆရာ"
"ဘယ်မှာရှိလို့လဲ"
"ခုတော့ မရှိဘူးဆရာရယ်…၊ ရှိအောင်လုပ်ရမှာပေါ့"
"အောင်မာ…လွယ်မှတ်လို့"
" ဆရာ၊ ဒီတစ်ခေါက် ကျွန်တော် ခရီးထွက်တော့ မင်းသမီးရွာမှာ ပွဲ ကြည့်ခဲ့ရတယ်။ အဲဒီက ဇာတ်ခုံနဲ့ ကားလိပ်တွေ တော်တော်နဲ့ ပြန်မသယ်သေး ဘူးတဲ့။ အဲဒီဇာတ်ခုံနဲ့ ကားလိပ်တွေ ငှားဖို့ ပြောလိုက်ပြီဆရာ"
"ဟ…အငြိမ့်ငှားတာ မဟုတ်ဘဲ၊ ဇာတ်ခုံ ကားလိပ်ငှားတော့ ဘယ့် နှယ် ပွဲကြည့်မှာလဲကွ"
"ဟာ…ဆရာကလည်း ကျောင်းကပွဲ လုပ်ရအောင်လို့ ပြောတာ။ ဆရာကြီး ဦးအုန်းမြင့်ကို ပြောပေးပါ။ ဇာတ်ခုံခလည်း မကုန်စေရပါဘူး။ ဆရာ ကန်တော့ပွဲတုန်းက ဆရာသီချင်းဆိုတာ တော်တော်ကောင်းတာပဲ။ ဆရာ့ မန္တလေးသား ဇာတိပြပြီး ကပွဲလေးဖြစ်အောင် လုပ်စမ်းပါဆရာရယ်။ ကျွန်တော် တို့ ပျော်ချင်လို့ပါ။ ဆရာကြီးကို ပြောပေးပါနော်…ဆရာ၊နော်…"
မြင့်ဦးကတော့ လုပ်ချလိုက်ပြန်ပြီ။ ငှားခဲ့ပြီတဲ့။ မကလို့ မရဘူးတဲ့။ ဆရာက အဆိုကောင်းတဲ့။ မြှောက်လုံးလေးကလည်း ပါလိုက်သေး။ ဒါနဲ့ ဆရာကြီး ဦးအုန်းမြင့်ကို ပြောပြ၊ ခွင့်တောင်းတော့ 'လုပ်ကြလေ'တဲ့။
အဲဒီတော့မှ မမတင်က အခန်းထဲဝင်ပြီး သေတ္တာထဲက ဝတ်စုံလေး တစ်စုံ ထုတ်လာပြီး ပြပါတယ်။ မူလတန်းအရွယ်ဝတ် မင်းသမီးဝတ်စုံလေးပါ။ ရန်ကုန်မှာ ကျောင်းကပွဲတုန်းက သုံးတဲ့ဝတ်စုံတဲ့။ ဒီမှာလိုအပ်ရင် သုံးဖို့ ထည့်ယူ လာတာတဲ့။ ကျောင်းအုပ်ကြီးရော၊ ဆရာကြီးကတော်ရော နှစ်ဦးလုံး အနုပညာ ဝါသနာထုံကြသူတွေမို့ သူတို့ဆီက ပွဲမိန့်ရတာ မဆန်းပါဘူး။
ကျန်တဲ့ မြို့နယ်အဆင့် အာဏာပိုင်တွေဆီက ခွင့်ပြုချက် လိုမလို ကျွန်တော် မသိပါဘူး။ တပည့်တွေက ပွဲကြည့်ချင်တယ်၊ ကျောင်းအုပ်ကြီးက ခွင့်ပေးတယ်၊ ဒါဆို ကပွဲအတွက် ပြည့်စုံပြီလို့ ယူဆတာပါ။
"ကဲ…မြင့်ဦးရေ၊ ပွဲမိန့်တော့ ကျပြီကွ။ မင်း က'မှာလား"
"ဟာ…ဆရာကလည်း၊ ကျွန်တော် မကတတ်ပါဘူးခင်ဗျာ။ ပွဲကရပြီး ကျောင်းသား၊ ကျောင်းသူတွေ ပျော်…ပြီးတာပဲ။ ကျောင်းကပွဲလေး ဖြစ်စေချင် တာပါ"
ကပွဲ လုပ်ဖြစ်မယ့်အကြောင်း ပြောတော့၊ သူ တော်တော်ပျော်သွား ပါတယ်။ ပြုံးတဲ့ရီတဲ့အခါ ပါးချိုင့်လေးပါတဲ့ သူ့ဟန်ပန်က တကယ့် ဇာတ်မင်းသား ရုပ်ပါ။ ပွဲ တကယ်က'တဲ့ရက်မှာ ခရီးထွက်နေလို့ သူမရှိပါဘူး။ ကပွဲပြီးမှ ပြန် ရောက်လာပါတယ်။
"ဇာတ်ဆရာရယ် ဘယ့်နှယ် လုပ်လိုက်တာလဲ။ ဇာတ်ခုံကြီး ပို့ပေးပြီး အခုမှ ပြန်လာရတယ်လို့"
"သူငယ်ချင်းတွေ၊ ညီငယ်၊ ညီမငယ်တွေ ပျော်ကြရရင် ကျွန်တော်  ပျော်ရတာပါပဲ ဆရာရယ်"တဲ့။
အထက်တန်း စိတ်ဓါတ်ပိုင်ရှင် အထက်တန်း ကျောင်းသားပေပဲ။
တကယ်တော်တဲ့ ဇာတ်ဆရာမြင့်ဦးပါ။

Wednesday, April 3, 2013

ဆရာကို စာကြည့်ဖို့ ခြိမ်းခြောက်သော တပည့်များ


ကျွန်တော် အလုပ်စဝင်တော့ ကျောင်းမှာ ဆရာ၊ဆရာမ အင်အား နည်းပါတယ်။ (၁၅)ဦးလောက်ပဲ ရှိမှာပါ။ အလယ်တန်းပိုင်းကို အထက်တန်းပြ ဆရာတွေပါ ဆင်းသင်ရပါတယ်။
ကျွန်တော့်တာဝန်က (၇)တန်း မြန်မာစာ၊ (၈)တန်းမှာ အက္ခရာသင်္ချာ၊ (၉)တန်းသင်္ချာ၊ (၁၀)တန်းမြန်မာစာနဲ့ သင်္ချာက တစ်ပိုင်း၊ (၅)တန်းတစ်ခန်းကို အင်္ဂလိပ်စာလေးလည်း ပြေးသင်လိုက်ရသေး။
သင်ကြားရေးအောင်မြင်ဖို့အတွက် ဆရာတစ်ယောက်ဟာ…
ကိုယ့်ကိုယ်ကို သိပါ။ ကိုယ်ဟာ ဘယ်လိုဆရာမျိုးလဲ။
တပည့်ကို သိပါ။ ကိုယ့်တပည့်တွေဟာ ဘယ်လို ကလေးတွေလဲ၊ တစ်ဦးချင်း အနေအထားကအစ သိထားရမှာ။
ဘာသာရပ်ကို သိပါတဲ့။ ဘာသာရပ်လည်း ကျွမ်းကျင်ဖို့ လိုပါတယ်။ မသိသေးရင် သိအောင် ကြိုတင်ပြင်ဆင်ရမှာပါ။
အလုပ်စဝင်စ ဆရာပေါက်စရဲ့ ထုံးစံအတိုင်း အရေးသုံးပါး တစ်ပါးမှ မသိတတ်သေးပါဘူး။
ခက်တာက ဘာမှမဟုတ်သေးပဲ ဘဝင်မြင့်ရောဂါလေး မသိမသာ စွဲနေတာကလား။ အတန်းစုံ ဘာသာစုံသင်ဖို့ အနည်းဆုံး လေးဆယ့်ငါးမိနစ်စာ လောက်တော့ ကျကျနန ကြိုတင်ပြင်ဆင်သွားသင့်တာမဟုတ်လား။ ဒီအတန်း ဒီသင်ခန်းစာအတွက် စာအုပ်လေးလှန်၊ ခေါင်းစဉ်လေးကြည့်ပြီး ပြန်ပိတ်လိုက်။ ဟိုအတန်း ဟိုသင်ခန်းစာအတွက် စာအုပ်လေးလှန်ပြီး ခေါင်းစဉ်လေးကြည့် ပြန်ပိတ်ထားလိုက်။ ခွန်နှစ်တန်းမြန်မာစာ လှန်ဟယ်၊ ရှစ်တန်းသင်္ချာ လှော ဟယ်၊ ကိုးတန်း၊ဆယ်တန်းစာတွေ ဆွဲဟယ်၊ ဖွဟယ်နဲ့ ယောင်တောင် ပေါင်တောင်လုပ်ပြီး ဘယ်အတန်း၊ ဘယ်စာကိုမှ ကျကျနန မပြင်မိပါဘူး။ ငါးတန်းမှာသင်ရမယ့် အင်္ဂလိပ်စာအတွက်ဆို လှည့်တောင် မကြည့်မိခဲ့ပါဘူး။
တစ်နေ့မှာတော့ ငါးတန်းအင်္ဂလိပ်စာသင်ရင်း စာသင်ခန်းထဲကနေ ဆရာနားနေခန်းဘက်ကို ကလေးတွေ မရိပ်မိအောင် အသာကလေးလျှိုပြီး ပြူးတူးပြဲတဲ အပြေးထွက်လာခဲ့ရတဲ့ အဖြစ်မျိုးကြုံခဲ့ရပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ အငယ်တန်းစာမို့ အထင်သေးသေး ဘာမှပြင် မထား မိဘူး။ အကူသင်ရတာမို့ ကျောင်းသားကိုင် ဖတ်စာအုပ်လည်း ကိုယ့်မှာ အပိုင် မရှိပါဘူး။ စာအုပ်ရဲ့ စီစဉ်ပုံ အပြင်အဆင်ကို လုံးဝ သိမထားဘူး။ အတန်းထဲ ရောက်မှ ရှေ့တန်းက ကလေးတစ်ယောက်ဆီက စာအုပ်ယူပြီး-           
 "မနေ့က ဘယ်ရောက်ပြီလဲဟေ့"ဆိုပြီး ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့ သင်နေတာပါ။ အဲဒီနေ့ လေ့ကျင့်ခန်းမှာ  နာမ်၊ ကြိယာတွေကို လုံးတီးလေးတွေ ပေးပြီး ဘာသာပြန်ခိုင်းတာ။
ဒါပေမယ့် ကိုယ်တွေ့နေကျ အင်္ဂလိပ်-မြန်မာ မဟုတ်ဘဲ၊ မြန်မာလိုပေး၊ အင်္ဂလိပ်လို ပြန်ခိုင်းတာ။ 'ဌာပနာမုံ့'တဲ့။ ဗုဒ္ဓေါ…၊ ငါ့မှာက အင်္ဂလိပ်-မြန်မာ အဘိဓါန်ပဲရှိတာ။ တက်(စ်)ဘုတ်ထဲ ကဗျာကယာ ရှာလို့လဲမရ။
"အခုသိသလောက် ရေးထားနှင့်ကြ။ ဆရာ ဗိုက်နာလို့၊ ခဏနေ ပြန်လာမှ ရှင်းမယ်"ဆိုပြီး ဆရာနားနေခန်းကို အပြေးထွက်လာပြီးတော့  မေးရ တာပေါ့။
"ဟဲ့၊ စာအုပ် နောက်ဆုံးနေရာမှာ ပါတယ်လေ"
ဒီလိုဆိုတော့လည်း အလွယ်လေးပါလား။ ဆရာဆိုတာ ကိုယ်သင်တဲ့ စာအုပ်ရဲ့ အစီအစဉ် အခင်းအကျင်းကို သိထားရမှာပါလား။
တစ်ချိန်မှာတော့ (၁၀)တန်းသင်္ချာသင်တာ မျက်စေ့လည်ပြီး လုံးချာ လိုက်နေပါရော။ ဘယ်လိုမှ လုပ်မရ၊ အချိန်က ကုန်ခဲ၊ ချွေးတွေကလည်း ဒီးဒီး ကျပေါ့။ ခရမ်းရောင် ဘန်ကောက်ပုဆိုး ဝတ်ထားတာ ပုဆိုးတစ်ထည်လုံး ချွေးတွေနစ်နေပြီ။ နောက်လည်း လှည့်မကြည့်ရဲ။
ဟိုး…နောက်ကကောင်တွေက ကျွန်တော်လည်နေတာ မသိကြပါဘူး။ ရှေ့ဆုံးက မော်ကြည်၊ မြင့်မြင့်အေးနဲ့ ခင်ကြူတို့က ကျွန်တော့်ဖြစ်ပုံကြည့်ပြီး အားနာလို့ မကြည့်ရက်။ ကျွန်တော်က ရှက်လို့ မကြည့်ဝံ့။ ဒီလိုနဲ့ အချိန်ပြောင်း ခေါင်းလောင်းထိုးမှပဲ ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး ထွက်လာခဲ့ရတာပေါ့။  သင်ခဲ့ပြီးမှ ဆရာဦးတင်ဦးကို မေးခဲ့ရတာပါ။
သင်နေကျ ဆရာမကြီးတွေ၊ ဆရာကြီးတွေ ရှင်းပြလိုက်တော့လည်း အလွယ်ကလေးပါပဲ။
ဒါကြောင့် အတန်းကြီးငယ်မဟူ သင်ခန်းစာကြိုတင်ပြင်ဆင်မှု လိုအပ် ပါတယ်။ မှီငြမ်းစာအုပ်တွေ ဖတ်ရမယ်။ ဝါရင့် ဆရာဆရာမကြီးတွေထံ မေးမြန်း နေရမှာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းတော့ ကိုယ်သင်မယ့် သင်ခန်းစာနဲ့ ပတ်သက်တာကို ဖြစ်နိုင်သမျှ ကြိုတင်ပြီး ပြင်ပါတယ်။ ကိုယ်မကျွမ်းကျင် မသိသေးတာဆို အသာ လေး ရှောင်ရတာပေါ့။
ကိုယ်သိသလောက် သင်ခဲ့တာကို ကလေးတွေ ဘယ်လောက် နား လည်သလဲ ဆိုတာလည်း စစ်ဆေးဖို့ လိုပါသေးတယ်။ လေ့ကျင့်ခန်း စာအုပ် စစ်ရတာလည်း ပျော်စရာတစ်မျိုးပါ။ လေ့ကျင့်ခန်းစစ်ရင်း သူတို့ရဲ့ စရိုက်ကို လည်း မှန်းလို့ရတာပေါ့။
ရီရီမြင့်ကတော့ အမှန်ခြစ် အရှည်ကြီးပေးမှ၊ ခပ်သေးသေးလေး ခြစ် ပေးလိုက်ရင် သူများစာအုပ်ကို လက်ဝါးနဲ့ပိတ်ထားပြီး စစ်ခွင့်မပေးဘူး။ သူ့ စာအုပ်မှာ အမှန်ခြစ်ရှည် မရမချင်း နားပူနားဆာ လုပ်တတ်တာ။ ရရင်တော့ သူ…ပျော်ပြီ။ စာအုပ်ထောင်ပြပြီး 'တဟေးဟေး'အော်ပြီး ပျော်တော့တာပဲ။
ခင်ဖြူဝင်းက သူများရသလို မရရင် ဆရာကို မျက်စောင်းထိုးမယ်။ မျက်စောင်းထိုး ဝါသနာပါတယ်။ 'စိန်မျက်စောင်း'ဘွဲ့ ရထားတာ။
မာမာဦး၊ သန်းနွယ် အမှတ်တိုတာရှည်တာ မလို။ ပြပြီးသား ဖြစ်ဖို့ပဲ။ စကားပြောနေကြလို့ "ပြပြီးပြီလား"မေးရင် စာအုပ်လေးတွေ ထောင်ပြ၊ စကား ပြောမြဲ ဆက်ပြောကြ။
ရီရီစိုး၊ ခင်လေးဆွေတို့က မှားမှာ သိပ်ကြောက်တာ။ သပ်သပ်ရပ်ရပ် ဖြစ်အောင် မျဉ်းပိတ်တုန်း။
သိန်းလွင်နဲ့ အောင်မြင့်ရီ လူများချိန်မှ ထပ်မှာ။ ဒါမှ သူတို့စာအုပ်ကို ကျကျနန စစ်ချိန်လည်းမရ၊ ကျွန်တော့်စာပွဲနားမှာ ရစ်သီရစ်သီလုပ်ပြီး ဟိုလူစ၊ ဒီလူကလိ အချိန်ကြာကြာဖြုန်းလို့ရမှာ။
စန်းဝင်းက ခုပဲလာထပ်တော့မှာလိုလို၊ မျဉ်းပိတ်ဖို့ပေတံ ပြန်မပေးတဲ့ သူကို စိတ်ဆိုးနေတာလိုလို။ မောင်လွင်က မထပ်နိုင်သေးဘူး၊ သူကူးစရာ စာအုပ်က ငှားမရသေးလို့ ယောင်ပေပေလုပ်နေတာမြင်ရတယ်။
သောင်းခိုရန်းတို့၊ ရန်ခိုထောင်တို့က စာအုပ်တစ်အုပ်ကို အလည်မှာ ထားပြီး သဲကြီးမဲကြီး ကူးနေကြတုန်း။ ထူးထူးထွန်းက ကျွန်တော်ကတော့ ပြီးပါပြီ၊ ဟိုကောင်တွေ ယူကူးနေလို့ လာမပြရသေးတာပါဆိုတဲ့ မျက်နှာပေးနဲ့ စာကူးနေတဲ့သူတွေကို တစ်လှည့်၊ ကျွန်တော့်ကို တစ်လှည့် ကြည့်နေပါတယ်။
တုတ်ကြည်က 'ကောင်းတယ်'ဆိုလည်း 'ဟုတ်'၊ 'ဒီလိုလေးရေးလိုက်' ဆိုလည်း 'ဟုတ်'၊ ဘာပြောပြော လျှာတစ်လစ်ကလေးနဲ့ 'တဟုတ်တည်းဟုတ်' တော့တာပဲ။
ါက ကျွန်တော့်အတန်းထဲမှာ စစ်ရတာ၊ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါး ရှိလှပါ တယ်။ ဒါပေမယ့်…သင်ခန်းစာထပ်ရင် ကျွန်တော် ဂရုထားပြီး စစ်ရတဲ့ သူတွေ ရှိပါတယ်။ တင်နု၊ ဌေးကြည်နဲ့ ခင်ဝင်းရင်တို့ပါ။ သူတို့တွေ စာလာပြရင် စာအုပ်ထပ်ပြီး ပစ်မထားခဲ့ကြဘူး။ စာစစ်တာကို စောင့်ကြည့်တတ်ကြတယ်။ စကားလည်း နည်းကြတယ်။ မျက်လုံးတွေက အေးစက်စက်နဲ့။
"အမှန်ပေးတာ တကယ်ရော…မှန်ရဲ့လားဆရာ"
"ဘယ်လိုဆိုရင် ပိုကောင်းမှာလဲဆရာ"လို့ မေးနေသယောင်။
ကိုယ့်အတန်းထဲမှာ ပေါ့ပေါ့ပါးပါး စစ်ခဲ့တာ၊ သူတို့စာအုပ်တွေကို စစ်တဲ့အခါ စိတ်ထဲမှာ တင်းတင်းကြီး ဖြစ်နေတတ်ပါတယ်။
တစုံတရာ မေးလိုက်လို့ မရှင်းပြနိုင်မှာကို စိုးရိမ်တာပါ။ ဒါကြောင့် သင်ခန်းစာမပြင်မိလို့ လက်တွေ့ကြုံလိုက်ရတဲ့ အဖြစ်ရယ်၊ ဒီ…အေးစက်စက်နဲ့ စာစစ်တာကို စောင့်ယူတတ်တဲ့ တပည့်တွေကြောင့်-
 'မောင်မောင်မြင့်၊မင်း…စာကြည့်နော'လို့ ကိုယ့်ကိုယ်ကို မကြာခဏ သတိပေး တိုက်တွန်းခဲ့ရတာပေါ့။
ကျွန်တော်စာကြည့်တဲ့ ကျေးဇူးကို တင်နုတို့ မခံစားရပေမယ့်၊ သူတို့ ပယောဂကြောင့် နောက်တပည့်များ အထိုက်အလျှောက် အကျိုးများစေခဲ့တာမို့ တပည့်တွေဖြစ်ပေမယ့် သူတို့ကို ကျွန်တော်…ကျေးဇူးတင်မိပါတယ်။

အနံ့ခံကောင်းသော တပည့်များ



တမူးမြို့ရဲ့ ရာသီဥတုက ပြင်းထန်တဲ့ အမျိုးအစားပါ။ နွေရာသီမှာ တော်တော်ကြီးပူ၊ ဆောင်းရာသီမှာတော့ တော်တော်အေးပြီး၊ မိုးတွင်းခါမှာတော့ မိုးတွေ သဲကြီးမဲကြီး ရွာတတ်ပါတယ်။ မိုးအိုက်တဲ့ နေ့များဆို ချွေးပြိုက်ပြိုက် ကျ နေတော့တာ။
အငယ်တန်း၊ ကလေးတန်းတွေမှာ ချွေးနံ့၊ ချေးနံ့လှိုင်တာ ခုတော့… မင်းတို့ကိုယ်တိုင် ဆရာ၊ ဆရာမတွေ ဖြစ်ပြီဆိုတော့ သတိထားမိကြပြီပေါ့။ ဒါပေမယ့် ကလေးချွေးနံ့ထက် လူကြီးချွေးနံ့က ပိုဆိုးတာပေါ့။ အရက်ချိုး၊ ဆေး လိပ်ချိုး၊ ကွမ်းချိုးနံ့တွေဆိုတော့ ဘာ…ပြောကောင်းမလဲ။
ကျွန်တော် ဆေးလိပ်တအားသောက်တာ သူတို့အသိပါ။ ဘော့လုံး ပြိုင်ပွဲ တစ်ဝက်နားချိန်၊ မောနေတာကို ဆေးလိပ်ငွေ့လေး ရှူလိုက်ရမှ အမော ပြေတယ် အောက်မေ့တာ။ မီးခြစ်ချွေတာပြီး ဆေးလိပ်ချင်း မီးကူးသောက်ခဲ့ တာပါ။
မိုးအိုက်လို့ အတန်းထဲမှာ ချွေးနံ့လှိုင်ရင် ကလေးချွေး၊ လူကြီးချွေး လုံးနေတာပေါ့။ ဒါပေမယ့် ပြောခဲ့သလို  ဆေးလိပ်ချွေးနံ့က ပိုဆိုးတာပေါ့။ သူတပါးမဆိုနဲ့ ကိုယ့်အနံ့ ကိုယ်တောင် မခံနိုင်ပါဘူး။ အင်္ကျီချွတ်သလို ခွာချ ထားခဲ့လို့ မရတော့ ဒီလိုပဲ နေမိတော့တာပေါ့။ ကိုယ်တိုင်ကတော့ မိုးအိုက်မှ သတိထားမိပါတယ်။ ဆေးလိပ် မသောက်တဲ့ ကလေးများ၊ နှာခေါင်းအသစ် ကလေးများကတော့ ရာသီမရွေး သတိထားနေမိကြမှာပေါ့။
(၉-၁၀)အကြီးတန်းတွေက လူမှုရေးသဘောလေးလည်း သိတော့ ဘာမှ မပြောကြပါဘူး။ ဆရာမို့ သည်းခံပေးကြပါတယ်။ သည်းငြီးမခံနိုင်တဲ့ အတန်းရှိတယ်။ ကျွန်တော်ပိုင်တဲ့ (၇)တန်း B ခန်း။
"ဆရာကြီး…ဆေးလိပ်လျှော့သောက်အုန်းဗျ၊ နံနေတာပဲ"
ခင်ဖြူဝင်းက ပြာကျလောက်အောင် မျက်စောင်းထိုးပြီး ပြောပါတယ်။ စကားတံဆာမပါ ဒဲ့ဒိုးပြောတာပါ။
သူအစဖော်တော့ ရှေ့တစ်တန်းလုံးက "ဟုတ်တယ်၊ ဟုတ်တယ်"နဲ့ ထောက်ခံကြတာပေါ့။ မှန်တာကိုပြောရဲရမယ်လို့ မြှောက်ပေးထားတဲ့အတန်း မဟုတ်ပါလား။
"ဟေ…ဟုတ်လား၊ အေးပါဟ၊ ငါလျှော့သောက်ပါ့မယ်"
ဆေးလိပ်လျှော့ပြီး ရလဒ်အကျိုးကို အနံ့ခံကောင်းတဲ့ ကျွန်တော့် တပည့်တွေကို မေးရပါတယ်။
"ဟေ့…ဘယ်လိုလဲ၊ ငါ ဆေးလိပ်လျှော့ထားတယ်"
"နံတုန်းပဲ"
ထပ်လျှော့ရပြန်တယ်။
"ခုရော"
"ဒါလောက်ဆို တော်သေးတယ်"
"အေးပါဟာ…၊ ငါလုံးဝမဖြတ်နိုင်လို့ပါ။ နင်တို့တော့ အားနာပါတယ်"
အနံ့ခံကောင်းတဲ့ ကျွန်တော့်တပည့်များက ဆေးလိပ်သောက်ရမယ့် ပမာဏကို မကြာမကြာ သတိပေး ကန့်သတ်ခဲ့ကြတာပါ။
အခုတော့ ကျန်းမာရေးကြောင့် ဆေးလိပ်ပြတ်သွားပါပြီ။ ဒါပေမယ့် ချွေးနံ့ဆိုတာကတော့ ဘယ်မှာမွှေးနိုင်မှာလဲ။ အသက်ကြီးလာရင် ဖြစ်နိုင်သမျှ သန့်သန့်ပြန့်ပြန့် နေဖို့လိုတယ်။ မရင်းနှီးသူတွေကြားမှာ နှာခေါင်းရှုံ့စရာမျိုး မဖြစ်ဖို့လိုတယ်။ ဒါကြောင့်…အခုတစ်ခေါက် တမူးရောက်တော့ ကျွန်တော့်ကို ပေးတဲ့ လက်ဆောင်တွေထဲမှာ အမွှေးနံ့သာတွေ တွေ့ရတော့-
'အနံ့ခံကောင်းတဲ့ ကျွန်တော့်တပည့်တွေ'ကို ပြေးပြီး မြင်မိပါတော့တယ်။