Sunday, June 9, 2013

ဆရာကောင်းတပည့် ပန်းကောင်းပန်



မြန်မာစာသင်ရတာ ကြောက်စရာအကောင်းဆုံးပါ။ စာအုပ်ထဲပါတာ ဖတ်လိုက် ပြီးရောပေါ့လို့ ထင်ကောင်း ထင်ကြမယ်။ မြန်မာစာချိန်မှာ စာအုပ်ထဲ ပါတာလေးလောက် အသံထွက်ပြီး ဖတ်ပြရတဲ့ အခါမျိုးဆိုရင် စိတ်ထဲမှာ မလုံ မလဲ အဖြစ်ရဆုံးပါပဲ။ အဲဒီလိုတော့ သူတို့လည်း ဖတ်တတ်ကြတာပဲလေ။ စာထဲ က အကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး ဟိုအကြောင်း၊ ဒီအကြောင်း ပြောစရာ လေးတွေ ရှိနေရင်ဖြင့် တော်တော် ပျော်စရာကောင်းတဲ့ အချိန်ပါ။
သိပ္ပံဘာသာရပ်လို ဘောင်ကျဉ်းကျဉ်းလေးထဲမှာ ညပ်ပိတ်နေတာမျိုး မဟုတ်ဘဲ ကွင်းပြင်ကျယ်ကြီးထဲမှာ လျှောက်ရသလိုမျိုး လွတ်လပ်ပေါ့ပါးလှ ပါတယ်။
မှန်တာပြောရရင် မြန်မာစာကို မချစ်သော်လည်း အောင့်ကာနမ်းရင်း မြတ်နိုးလာရတာပါ။ ကဗျာတွေကို မခံစားတတ်ပါဘူး။ စကားပြေထဲကနေ သင်ခန်းစာလည်း မယူတတ်ပါဘူး။ ဗဟုသုတလည်း မရှာတတ်ပါဘူး။ ဒါပေမယ့် ကလေးတွေအတွက်ဆိုတော့ ခံစားကြည့်ရတာပေါ့။ သင်ခန်းစာလည်း ကြံဖန် ယူရတာပေါ့။ ဗဟုသုတလည်း မတွေ့ တွေ့အောင် ကျားကုတ်ကျားခဲ ရှာရတာ ပေါ့။
'ပျဉ်းမငုတ်တို'ကြီးရဲ့ အားမာန်တွေကို ခံစားတတ်လာတယ်။ ကြုံလာ ရမယ့် လောကဓံတရားတွေကို ကြံ့ကြံ့ခံနိုင်ရမယ်၊ အလျှော့မပေးရဘူးဆိုတဲ့ သင်ခန်းစာမျိုး ယူတတ်လာတယ်။
"ငပိကို 'ဂွေး'က လုပ်တာတဲ့၊ ဟေ့ကောင်တွေ မှတ်ထား"
ဗဟုသုတလေးတွေ ဟိုတစ်စ၊ ဒီတစ်စ ရသမျှ မှတ်တတ်လာတယ်။ သင်ရင်းသင်ရင်း ဆရာလည်းပျော်၊ တပည့်လည်းရွှင် ဖြစ်လာတယ်။ သဒ္ဒါချိန် မှာ ကတ္တားပုဒ်၊ နေရာပြပုဒ်၊ ကြိယာပုဒ်ကို တစ်ယောက်စီက တိုးတိုးပြောပြီး ကစားနည်းနဲ့ ဝါကျဖွဲ့ခိုင်းတယ်။
သိန်းလွင်နဲ့ အောင်မြင့်ရီက ချက်ဆို နားခွက်က မီးတောက်ပြီးသား ကောင်တွေ။ 'သန်းနွယ်သည် မိုးပေါ်မှာ ကင်းမီးကောက်ထောင်နေသည်' ဆိုတဲ့ ဝါကျမျိုး ဖြစ်အောင် ညှိလာတတ်ကြတယ်။ အဆီအငေါ်မတည့် ဝါကျတွေ ဖြစ်လာတော့ တဝါးဝါး၊ တဟားဟားပေါ့။ ကိုယ်ပိုင် ဝါကျတွေ ဖွဲ့တဲ့အခါ သူများ အရယ်ခံဖြစ်အောင် ဘယ်မှာ ဖွဲ့တော့မှာလဲ။

ပြဌာန်းချက်ပါ ကဗျာလေးတွေကိုလည်း ခံစားတတ်လာကြပြီ။
'ကြင်ငွေ့ဆုံသူ'ကဗျာထဲက ချစ်သူလုံမေကို ထူးထွေဆန်းသစ်တဲ့ စကားတွေ မဆိုတတ်တဲ့ ရိုးတိုးအတ ရွာသားလေးအကြောင်း ပြောပြတော့ 'တုတ်ကြည်…တုတ်ကြည်'နဲ့ အော်ဟစ်ခံစားကြတယ်။ မင်းတို့က တုတ်ကြည် လေးကို ရိုးရိုးအေးအေးလေး မြင်ကြတာလေ။ အခုလို ရခိုင်လုံမလေးကို တမူး အပါခေါ်လာမှာ ဘယ်သူ ကြိုသိမှာလဲ။
'လမ်းမှာတွေ့မြင်၊ ထိုသစ်ပင်ကို၊ ဆင်ခြင်ဝင်စား၊ သတိပွားသော်…' ဆိုတဲ့ ကဗျာစာပိုဒ်ကလေး။ 'လမ်းမှာမြင်တွေ့ရသော သစ်ပင်ကို ဆင်ကြီးများ၊ ခြင်ကြီးများက ဝင်ရောက် စားသောက်ကြပါသည်'လို့ စကားပြေ ပြန်တတ် လာကြပါပြီ။
"ဟောဒီမှာ ဦးမောင်မောင်မြင့်၊ တော့်တပည့်တွေ ငါးရဲ့ ပြင်ပလက္ခဏာ ဖြေပုံ ကြည့်စမ်းပါဦး"
'ငါးကလေးများသည် မွေးစကပင် ရေကူးတတ်ကြပါသည်။ ဟိုမှ သည်မှ ပျော်ရွှင်စွာ ရေကူးနေကြသော ငါးသားသားလေးများကို ကြည့်၍ မိခင် ငါးမကြီးမှာ ပိတိဖြစ်နေပါသည်'။ အဌမတန်း မြို့နယ်စစ်စာမေးပွဲ သိပ္ပံအဖြေလွှာ မှာ တွေ့ခဲ့ရတာပါ။
သူတို့ကြောင့် မြန်မာစာမှာ ကျွန်တော်ပျော်ပြီး၊ သူတို့ ကိုယ်တိုင်လည်း မြန်မာစာမှာ တိုးတက်ခဲ့ကြတာ အမှန်ပါ။
အောင်မြင့်ရီက 'ဒို့ကျောင်းသား'စာစောင်မှာ စာစီစာကုံး ပြိုင်ပွဲဝင်ချင် သတဲ့။ သီတင်းကျွတ် ပွဲတော်အကြောင်း ရေးရမှာတဲ့။
"ရေးကြည့်လေ၊ ပြီး…ဆရာ့ပြ"
စာကြမ်းလေးတောင် ရေးမပေးရဲပါ။ ဆုမရလျှင် ရှက်စရာ။ ရခဲ့လျှင် လည်း ဂုဏ်ယူဖို့ မကောင်း။ သင့်တော်မယ့် အချက်အလက်ကလေးတွေ ပြောပြပေးပြီး ကိုယ်တိုင်ရေးဖို့ တိုက်တွန်းပါတယ်။ အောင်မြင့်ရီ ကြိုးစားရေးပြီး လာပြတာကို ဖတ်ကြည့်တော့ အဆင်ပြေပြေလေး ဖြစ်နေလို့ ပို့ခိုင်းလိုက်ပါ တယ်။
စာစောင်ထွက်တော့ 'ပ၊ဒု၊တ' မရပေမယ့် 'တော့ပ်တင်း'စာရင်းဝင်လို့ ဆရာတပည့်နှစ်ဦး ကျိတ်ပြီး ကြည်နူးခဲ့ကြဖူးတယ်။

No comments:

Post a Comment