ပထမနှစ်မှာ နဝဒေးဆောင်မှာနေရပါတယ်။ အရင်က မိန်းကလေး
အဆောင်ဖြစ်ပြီး ကျွန်တော်တို့ရောက်တဲ့နှစ်မှ အမျိုးသားဆောင်အဖြစ် ပြောင်း လိုက်တာပါ။ နဝဒေးဆောင်ရောက်ပြီး ဒုတိယနေ့မှာ မောင်မယ်သစ်လွင်
ကြိုဆိုပွဲ ရှိပါတယ်။ ဘယ်သူက အတန်းတူ၊ ဘယ်သူက အတန်းကြီး ခွဲခြားပြီး မသိတာကြောင့်ရယ်၊
မနေ့က တစ်နေ့လုံး အိမ်ကိုလွမ်းပြီး အခန်းထဲမှာ လှိမ့်အိပ်နေတာမို့ အသိမိတ်ဆွေ မရှိသေးပါဘူး။
တစ်ယောက်တည်း သစ်လွင် ကြိုဆိုပွဲကို ထွက်လာခဲ့ပါတယ်။ နဝဒေးဆောင်ကနေ လှမ်းမြင်နေရတဲ့
သစ်သား ခန်းမဆောင်ကြီးထဲမှာ ကျင်းပတာပါ။
ကျွန်တော်ရောက်တော့ ဆရာကြီးဆရာမကြီးတွေတောင်
နေရာယူ ပြီးနေကြပါပြီ။ တွဲဖော် တွဲဖက် သူငယ်ချင်းမပါဘဲ ကျွန်တော် မဝင်ရဲဘူး။ ခန်းမ အပြင်ဘက် ဟိုဟိုဒီဒီ ဝေ့ကြည့်လိုက်တော့
ဖြူဖြူပုပု ကျောင်းသားငယ် တစ်ယောက်ကို တွေ့ပါတယ်။ မျက်နှာအရိပ်အကဲ ကြည့်လိုက်တာနဲ့
သူလို ကိုယ်လို ကျောင်းသားသစ်မှန်းသိလို့ မေးကြည့်တော့ ကျောင်းသားသစ် ဟုတ် သတဲ့။ သိန်းဝင်းလို့
ခေါ်ပြီး ပုသိမ်၊ ငပုတောက ပါတဲ့။
'အထဲဝင်ရအောင်'လို့ သူ့ကို ညှိတော့ 'တော်ပြီ၊
မဝင်တော့ဘူး'တဲ့။ စကားများများ မပြောပေမယ့် ခင်မင်ဖွယ် ဥပတိရုပ်ရှိလို့ ပထမဆုံး မိတ်ဆွေ
အဖြစ် လက်ခံသတ်မှတ်ပြီး သူငယ်ချင်း အသစ်နှစ်ဦး ခန်းမအပြင်ကနေပဲ ဌာနမှူးဆရာကြီးများရဲ့
သြဝါဒတွေကို နားထောင် မှတ်သားခဲ့ရပါတယ်။
သင်္ချာဌာနမှူး ဒေါက်တာဦးခင်မောင်ဝင်းနဲ့ သမိုင်းဌာနမှူး
ဒေါက်တာ ဦးခင်မောင်ညွန့်တို့ဟာ ဥပဓိရုပ် ခန့်ငြားကြသလို အပြောအဟောလည်း အလွန် ကောင်းကြသူတွေပါ။ နောင်ခါမှာတော့ သင်ပြနည်းမှာ ကျွန်တော်တို့
အတုယူရတဲ့ ဆရာကြီးနှစ်ဦးရဲ့ ဘာသာရပ်မွှမ်း ဟောပြောချက်တွေက မောင်သစ်လွင် မယ်သစ်လွင်တို့
အလွန်နှစ်သက်သဘောကျပြီး တသောသော ရယ်မောခဲ့ရတဲ့ စကားရည်လုပွဲလေး ဖြစ်ခဲ့ပါတယ်။ ယခင်နှစ်တွေထက်
ထူးခြားတဲ့ပွဲလို့ ကျောင်းသားကြီးများ မှတ်ချက်ပေးတာကို ကြားခဲ့ရပါသေးတယ်။
တက္ကသိုလ်ရောက်ပြီး သုံးရက်မြောက်နေ့မှာ သစ်လွင်နေ့က
သိခဲ့တဲ့ ပထမဆုံးသူငယ်ချင်း 'ငပုတော'နဲ့ ရေမိုးချိုး၊ ညနေစာ စားပြီး အဆောင်ရှေ့မှာ
ဟိုငေးဒီငေး လျှောက်ကြည့်နေရာက…
"လမ်းလျှောက်ရအောင်"
"လျှောက်လေ"
နေ့လည်က အတန်းတက်ခဲ့ကြတဲ့ စာသင်ခန်းတွေဘက်မှာ
လုပ်သား ကောလိပ် ညနေသင်သားတွေ ရောက်နေကြပြီ။ ပုဂံလမ်းဘက် ကြည့်လိုက် တော့လည်း အသွားအလာ
စည်ကားတာ မြင်နေရလို့ နဝဒေးဆောင် 'တောင်'ဘက်၊ လူရှင်းတဲ့ လမ်းကြားလေးအတိုင်း လိုက်ပြီး
လျှောက်ခဲ့ကြတယ်။ လမ်းလယ်မှာ ရေတမာတန်းရှိတဲ့ ကတ္တရာလမ်းရောက်တော့ ဘယ်ကွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။
လမ်းဘေး ဝဲယာ ခြံဝင်းကျယ်ကြီးတွေထဲက
ခန့်ငြားထည်ဝါတဲ့ တိုက်အိမ် ကြီးတွေကို ငေးမောရင်း လျှောက်ခဲ့ကြပါတယ်။ အတန်ကြာတော့
ဝဲဖက်တန်းမှာ ခြုံနွယ်တွေ ယှက်နေတဲ့ သံစည်းရိုးဝင်းကြီးပဲ တွေ့ရပါတယ်။ သံစည်းရိုးကို
ဆွဲဟ ထားတဲ့ မလွယ် ခွေးတိုးပေါက် တစ်ခုလည်း မြင်မိတယ်။ ရှေ့မလှမ်းမကမ်းမှာ ကားလှလှလေးတွေ
ဥဒဟိုသွားနေတဲ့ ကန့်လန့်ဖြတ်လမ်းကို မြင်ရပါတယ်။ ဆက်လျှောက်ရင် ဘယ်ရောက်မှာမှန်း မသိလို့
ပြန်ကွေ့လာကြတယ်။
မလွယ်ပေါက် ရောက်တော့
နှစ်ဦးသား မျက်စပစ်ပြီး တိုးဝင်ခဲ့ကြပါတယ်။ အဲဒီလမ်းက လူရှင်းတယ်မဟုတ်လား။ စည်းရိုးနားက
ခြုံတွေကိုကျော်တော့ ဘော့လုံးကွင်းတွေ အများကြီးတွေ့ရပါတယ်။ နောက်တော့မှ UTC ကွင်းလို့
သိရပါတယ်။ တက္ကသိုလ်ဘော့ကွင်းရောက်တော့ မျက်စေ့လည်တာ ပျောက်သွား ပါပြီ။ ဘီအိုစီကောလိပ်
ဘေးက လမ်းအတိုင်း ထွက်လိုက်တော့ အမျိုးသမီး ကျောင်းဆောင်များ ဝင်ထွက်ပေါက်ကို ရောက်လာပါတယ်။
"ပုဂံဆောင်မှာ ငါ့အမ
ရှိတယ်၊ သွားကြည့်ရအောင်လား"
"သွားလေ"
'ပါလာချိန်'ဆိုတာ အဆောင်နေ တက္ကသိုလ်ကျောင်းသား
၊ကျောင်းသူ ဘဝမှာ အလွန် ခံတွင်းမြိန်တဲ့ ဝေါဟာရပါ။
တစ်နေကုန် ကလပ်(စ်)တွေ တက်ပြီး၊ ညနေပိုင်း ရေမိုးချိုး ဖီးလိမ်းချယ်သပြီး မိန်းကလေးများ
ချစ်သူအလာကို မျှော်ကြတဲ့အချိန်၊ ယောက်ျားလေးများ ချစ်သူရှိရာ မိန်းကလေးဆောင်ကို ထမင်းမစား၊
ဟင်းမစား ဒရောသောပါး ပြေးကြတဲ့အချိန်။
(ကျောင်းသားတိုင်း တော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ကျွန်တော် မြင်ဖူးသလိုပဲ ရေးလိုက်မိတာပါ)
တွေ့ကြပြီဆိုတော့ တခစ်ခစ်ရီကြ၊ပြီကြ တဆောင့်ဆောင့်မူကြ၊ဆူကြ။ ကိုယ် တိုင် သရုပ်ဆောင်ကြသူတွေကော၊
ဘေးက ပွဲကြည့်ပရိသတ်ကော အတော် ပျော်စရာကောင်းတဲ့ အချိန်ပိုင်းလေးပေါ့။
ပါလာချိန်မို့ (အဲဒီတုန်းကတော့
ပါလာချိန်၊ ယူတီစီ၊ ဘီအိုစီ စသည်ဖြင့် မသိပါ) အဝင်အထွက် စည်ကားနေပါတယ်။ တစ်ယောက်တည်း
သုတ်သီး သုတ်ပြာ ဝင်သွားသူ၊ အိနြေ္ဒရရ ဝင်သွားသူ၊ နှစ်ယောက်တွဲ သုံးယောက်တွဲ ထွက်လာသူ၊
မိန်းကလေးတွေချည်း အုပ်စုလိုက် ထွက်လာကြသူတွေနဲ့ ပျော်စရာ မြင်ကွင်းပါပဲ။
ကျွန်တော်တို့ နှစ်ယောက်ကိုတော့
ချာတိတ်တွေမို့ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူးလို့ ထင်တာ။ မှားပါတယ်။ ကျွန်တော်တို့
နောက်ကျောကနေ ကျော်တက်သွားကြတဲ့ မမကြီးတွေက ကျွန်တော်တို့ နှစ်ယောက်ကို သမင် လည်ပြန်
လှည့်လှည့်ပြီး ကြည့်သွားကြပါတယ်။ ပျိုမြစ်ခြင်းသည် အလှတစ်ပါး ဆိုမဟုတ်လား။ သိန်းဝင်းက
ဖြူဖြူသန့်သန့်၊ ကျွန်တော်ကလည်း 'ယပင့်'လေးသာ ပါလိုက်လို့ကတော့ လူချောလေးတစ်ဦးလေ။
ငပုတောသိန်းဝင်းက သူ့အမ
ရှိတယ်၊ သွားရအောင်ဆိုလို့ နှစ်ဦးသား အဆောင်ဝင်းထဲ ဝင်ခဲ့ကြပါတယ်။ ပုဂံဆောင်က ဘယ်အဆောင်မှန်း
မသိလို့ ညာဘက်က သစ်သားဆောင် မဲမဲကြီးရှိတဲ့ လမ်းတည့်တည့်အတိုင်း လျှောက်ခဲ့ကြ ပါတယ်။
ဒီအဆောင်ဘက်က လူအတော်ကျဲပါတယ်။
"အလယ်က မောင်လေး
ချောတယ်ကွ"
နှစ်ယောက်တည်း လာတာ အလယ်ကလူ
ချောတယ်ဆိုတဲ့ အပေါ်ထပ် က အော်သံကြောင့် ခြေလှမ်းပျက်သွားတော့ တခစ်ခစ် ရယ်သံတွေ ကြားရတယ်။
လူတော့ မမြင်ရဘူး။
"ပြန်ကြစို့ ဟေ့ကောင်၊
ပြည်ဆောင်တဲ့ဟ"
"ဟာကွာ…ရောက်လာမှတော့၊
လာပါ"
ဆက်လျှောက်ပြီး ဘယ်ကွေ့၊
ဘယ်ကွေ့ နှစ်ကြိမ်လုပ်လိုက်တော့ မျက်နှာချင်းဆိုင်ဘက်က အမွှာသစ်သားဆောင်ကြီး ရှေ့ကိုရောက်ပါတယ်။
တကောင်း…တဲ့။ ဆက်လျှောက်လိုက်တော့မှ အဝင်တုန်းက ဘယ်ဘက်မှာ ချန်ခဲ့တဲ့ အုတ်ဆောင်ကြီးက
ပုဂံဆောင်မှန်း သိကြရတယ်။
ဆင်ဝင်မှာရပ်ပြီး…"ဘယ်အခန်းလဲ"
"သိဘူး"
"ဟာကွာ"
ကျွန်တော်တို့နှစ်ယောက်ကို အဆောင်သူတွေက တစ်ဦးမှ
ဂရုမစိုက် ကြ ပေမယ့် အဆောင်စောင့်ကြီးက သတိထားနေတာပါ။
"ဘယ်သူနဲ့ တွေ့ချင်တာလဲ"
နံမည်နဲ့ ပုသိမ်မြို့ကလို့ ပြောပြတော့ အဝင်ဝ
ထိုင်ခိုင်းပြီး အပေါ်ထပ် ကို တက်ပြီး ခေါ်ပေးပါတယ်။
"ရေချိုးတုန်းမို့ ခဏစောင့်ပါတဲ့"
"ဧည့်ခန်းထဲမှာ ရှိနေကြတဲ့ ဧည့်သည်၊ အိမ်သည်တွေနဲ့
ဝင်ထွက် နေကြတဲ့ အဆောင်ပျိုဖြူချောတွေကို မကြည့်မိအောင် ကိုယ့်ဖိနပ်ကိုယ် ငုံ့ကြည့်
နေကြပါတယ်။
တအောင့်နေတော့ အဆောင်စောင့်ကြီးက "လာပြီ၊လာပြီ"
ပြောလို့ လှေကားပေါ် မော့ကြည့်လိုက်ပါတယ်။ နက်မှောင်သန်စွမ်းပြီး ဒကောက်ကွေး လောက်ထိ
ရှည်တဲ့ဆံပင်က ဝင်းဝါစိုပြည်သော အသားအရေပိုင်ရှင်၏ အသရေကို ထင်းနေအောင် နောက်ခံပြုထားပါတယ်။
အဖြူရောင် လည်စေ့ ရင်ဖုံးအင်္ကျီ၊ အနားမှာ ဇာပန်းဖြူလေးတွေ ထိုးထားတဲ့ ဖက်ဖူးရောင်ထမီနဲ့
အိနြေ္ဒရရ တစ်လှမ်းချင်း ဆင်းလာတဲ့ အမကြီးတစ်ယောက်။ သူ့အလှကို ပီပြင်အောင် ကျွန်တော်
မဖွဲ့တတ်ပါဘူး။ 'ရွှေမင်းဂံ'နဲ့ 'ကျွန်တော့်မမ ပုသိမ်သူ' သီချင်းနှစ်ပုဒ် ပေါင်းဆိုရင်
မမကြီးရဲ့ အလှကို မမီပေမယ့် နည်းနည်း ပုံပေါ် နီးစပ်မယ် ထင်ပါ တယ်။
လှေကားလက်ရန်းလေးကို လက်လေးတင်ပြီး ယဉ်ယဉ်လေးဆင်းလာ
တဲ့ အမ၊ လှေကားကွေ့အရောက် ကျွန်တော်တို့နှစ်ယောက်ကို မြင်သွားပြီး ခြေလှမ်း လှမ်းပုံ
တုံ့ကနဲ ဆိုင်းသလိုဖြစ်သွားပါတယ်။ ချက်ချင်းပဲ အိနြေ္ဒဆည်ပြီး ချာတိတ် နှစ်ယောက်ဆီ လျှောက်လာ၊
ပြုံးပြ၊ ဘေးကခုံမှာ ဝင်ထိုင်လိုက် ပါတယ်။
ကျွန်တော်တို့ နှစ်ယောက်လည်း အတန်းထဲဝင်လာတဲ့
ဆရာမကို ကြိုသလို မတ်တတ်ရပ်လိုက်ကြပါတယ်။
"မောင်လေး သိန်းဝင်းတို့ပါလား။
ထိုင်ကြ "
"ဟုတ်"
ဘာမှမပြောဘဲ အတန်ကြာ
တိတ်နေပါတယ်။ တကယ်တော့ ရပ်ဆွေ ရပ်မျိုး မောင်နှမတွေဖြစ်ပြီး ပညာရေးတက္ကသိုလ်မှာ သုံးနှစ်လောက်
စောရောက်တဲ့ အမကြီးတစ်ယောက်အနေနဲ့ "နင့်မောင်…လိုတာရှိရင် အကူအညီ ပေးလိုက်အုံး"
ဆိုပြီး လူကြီးတွေက မှာကြား အပ်လိုက်တာပါ။
အမကပဲ အစပြန်ကောက်ပြီး
"မောင်လေးတို့ ဘာကိစ္စ ရှိလို့လဲ"
"မရှိပါဘူး။ သူငယ်ချင်းနဲ့
လမ်းလျှောက်ရင်း ဒီအဆောင်မှာ အမရှိတယ်၊ လမ်းကြုံတုန်း ဝင်ကြည့်ရအောင်ဆိုပြီး ဝင်လာခဲ့ကြတာပါ"
အမကြီးက ပြုံးပါတယ်။
ရွာတောင်ဖျားက မောင်ငယ်တွေ ရွာမြောက်ဖျား ရောက်တုံး အမအိမ်ကို လမ်းကြုံလို့ ဝင်တဲ့
အနေအထားမျိုး မဟုတ်လား။
"အမ ပြောမယ်။ ဟိုမှာကြည့်စမ်း"
ဝင်ထွက် သွားလာနေကြတဲ့
ကျောင်းသူတွေ၊ ထိုင်ခုံမှာ ထိုင်စောင့်နေတဲ့ စမတ်ကျကျ ဝတ်ထားတဲ့ ဧည့်ကျောင်းသားတစ်ဦးကို
မသိမသာ မေးထိုးပြတယ်။
"ဒါ…ပါလာချိန်၊
ဧည့်ချိန်လို့ ခေါ်တယ်ကွ။ မမတို့ မိန်းကလေးဆောင် တွေကို ဒီအချိန်မှာ အလယ်လာလို့ ရတယ်။
ပြီးတော့ သပ်သပ်ရပ်ရပ် ဝတ်လာရ မယ်။ မမကတော့ အရေးမကြီးပါဘူး။ ကျောင်းသူတွေက အများကြီးမဟုတ်လား။
မင်းတို့ကို ကြည့်နေကြတာ။ သူတို့ မျက်လုံးထဲမှာ ငါမောင်တွေကို လှလှပပလေး ခန့်ခန့်ငြားငြား
မြင်စေချင်တာ"
အဲဒီတော့မှ ကျွန်တော်တို့
ဝတ်လာခဲ့တဲ့ အဝတ်အစားကို သတိပြုမိကြ ပါတယ်။
အမက ပြုံးပြုံးလေး ပြောလိုက်တော့
ကျွန်တော်တို့လည်း ပြုံးပြုံးလေးပဲ နားထောင်လိုက်ရပါတယ်။
"ကျွန်တော်တို့
ပြန်တော့မယ်"
"အော်…အေးအေး၊ ကျောင်းလခသွင်းတာတို့
ဘာတို့ လုပ်တတ်ကြရဲ့ လား။ နောက်… လိုတာရှိရင် မမကိုပြောနော်"
ကျွန်တော်တို့လည်း နှုတ်ဆက်ပြီး
ပြန်ခဲ့ကြပါတယ်။ နဝဒေးဆောင် ရောက်တော့ တစ်ယောက်အင်္ကျီ တစ်ယောက် ကိုင်ပြီး ပြုံးလိုက်ကြပါတယ်။
ကျွန်တော်က အဖြူအနီ ကွက်ကျား ဖလန်နယ် အင်္ကျီအနွမ်းလေးပါ။ ကော်လံက စုတ်နေပါတယ်။ သိန်းဝင်းက
ဖြူနက် ကွက်စိပ် ချည်ထည်လေးပါ။ နောက်ကျောမှာ နေစား၊ ရေစား၊ ချွေးစားလို့ ဖြစ်လာရတဲ့
တစ်ထွာလောက် အကွဲကြောင်းနှစ်ခုက သူ့အသားဖြူကြောင်း လှစ်လှစ်ပြနေပါတယ်။ ကျောင်းချိန်အပြီး
အဆောင်မှာ နေတာ၊ ဟိုနားဒီနား လမ်းလျှောက်တာ ကိုယ့်အိမ်ကိုယ့်ယာ၊ ကိုယ်ရပ်ကိုယ့်ရွာ
သဘောထားတာကြောင့် ပေါ့ပေါ့ပါးပါး ဝတ်ထားကြတာပါ။ ခေတ်ကလည်း နွမ်းပါးတဲ့ခေတ်၊ မိဘများကလည်း
တောင့်တောင့်တင်းတင်း မဟုတ်ကြတော့ တမြို့တရွာက တက္ကသိုလ်ကျောင်းသားသစ်လေးတွေပေမယ့် ရှိသမျှ
အင်္ကျီအနွမ်း လေးတွေလည်း သယ်လာခဲ့ကြရပါတယ်။
အဲဒီခေတ်ကလည်း တက္ကသိုလ်
ကျောင်းသား ကျောင်းသူတွေဟာ မော်မော်ကြွားကြွား မနေတတ်ကြပါဘူး။ အထူးသဖြင့် ကျွန်တော်တို့
ပညာရေး တက္ကသိုလ်က ဆရာကြီး၊ ဆရာမကြီးတွေက ပုံသွင်းကောင်းခဲ့ကြတယ်လေ။ မော်မော်ကြွားကြွား
နေရမယ်လို့ ဆိုလိုတာမဟုတ်ပဲ တက္ကသိုလ်ရဲ့ ဓလေ့ကို အမကြီးသဖွယ်၊ ဆရာမကြီးသဖွယ် မောင်ငယ်တွေ
ဂုဏ်မငယ်အောင် သွန်သင် ခဲ့တဲ့ ပုသိမ်က မမညွန့်သန်းကိုလည်း ကျေးဇူးတင် အမှတ်ရနေမိပါတော့တယ်။
မောင်မောင်မြင့်(မန္တလေး)