ပထမနှစ် ရောက်စမှာ တစ်ဦးနဲ့တစ်ဦး
နာမည်မေး၊ မြို့ရွာမေး မိတ်ဆွေ ဖွဲ့ကြတော့ ကိုအောင်သိန်းဟန် အသက်ကို မေးကြည့်မိပါတယ်။
သူ့အသက်ကို အပြောဘဲ နှုတ်ခမ်းကို လျှာနဲ့သပ်၊
ပခုံးတစ်ချက် တွန့်တဲ့ပြီး မှန်ထဲကသူ့ပုံကို တစိမ့်စိမ့်ကြည့်ရင်း သူ့ အမောက်ကြီးကို
ဘီးနဲ့ဖြီးလိုက် လက်နဲ့ ပြန်ဖွလိုက် တသသလုပ် နေရာက…"မင်းကရော ဘယ်နှနှစ်လဲ၊ မင်းအရင်ပြောကွာ"ဆိုပြီး
ခပ်ထန်ထန် ပြန်မေးနေပါတယ်။
ကျွန်တော်လည်း လန့်တဲ့ပြီး "၁၇ နှစ်"လို့
ကဗျာကယာ ပြန်ဖြေ လိုက်မိပါတယ်။
"လွန်ခဲ့တဲ့ ၁၆နှစ်က ငါ့အသက်ဟာ မင်းအသက်ရဲ့
၆ဆဖြစ်ရင် အခု ငါ့အသက် ဘယ်လောက်လဲ၊ တွက်တတ်တယ်မဟုတ်လား"
နှုတ်ခမ်းမွှေး စစထားပြီး ရုပ်ရှင်မင်းသား ဝင်းဦးဂိုက်ဖမ်းနေတဲ့
လူပျော် တစ်ယောက်ဖြစ်မှန်း ရိပ်မိကာ ခင်သွားကြပါတယ်။ ဆယ်တန်းကို ၅ကြိမ်ဖြေပြီးမှ အောင်လာကြောင်း
သူ့ဂုဏ်ပုဒ်ကိုပါ ထုတ်ပြောနေတာကြောင့် ကျွန်တော့်အဖို့ အသက်အားဖြင့်ကြီးသူ၊ ဂုဏ်အားဖြင့်ကြီးသူ
ဖြစ်နေတာမို့ 'ကိုအောင်သိန်းဟန်၊ ခင်ဗျား၊ ကျွန်တော်၊ ဟုတ်ကဲ့'ဆိုတဲ့ တရိုတသေ တလေးတစား
အသုံးအနှုန်း တွေနဲ့ ဆက်ဆံခဲ့ပါတယ်။
ငါးနှစ်သင်တန်းဆိုပေမယ့် အကြောင်းကြောင်းသော
ကျောင်းပိတ် ရက်တွေကြောင့် သင်တန်းကာလ ခုနှစ်နှစ်ကြာသွားပါတယ်။ အဲဒီမှာ ကိုအောင်သိန်းဟန်နဲ့ နေရတဲ့ အချိန်နာရီက ကျန်သူငယ်ချင်းတွေနဲ့
နေရတဲ့ အချိန်နာရီထက် ပိုများပါတယ်။
ဒါကြောင့်မို့ နည်းနည်းကြာလာတဲ့အခါ 'ကိုအောင်သိန်းဟန်'ဖြစ်လိုက်
'အောင်သိန်းဟန်'ဖြစ်လိုက်၊ 'ခင်ဗျား'သုံးလိုက် 'မင်း'သုံးလိုက်၊ 'ကျွန်တော်' ပြောလိုက်
'ငါ'ပြောလိုက်၊ 'ဟုတ်ကဲ့'ဆိုလိုက် 'အင်း'ဆိုလိုက် အရောရော အထွေးထွေး သုံးလာမိရော။ ဒါကို
သူက နားကြားပြင်းကပ်တယ် ပြောတော့ နောက်ပိုင်းတလျှောက်လုံး 'အောင်သိန်းဟန်၊ မင်း၊ ငါ၊
အေး'ဆိုတဲ့ ရွယ်တူ ချင်း သုံးရတဲ့ အသုံးအနှုန်းကို
ရင့်ရင့်သီးသီး ကျွန်တော်သုံးခဲ့မိတာပါ။
တစ်နေ့ ညမှာတော့…
"ဆာလိုက်တာကွာ"လို့ အသံထွက်ပြီး
ငြီးလိုက်မိပါတယ်။
ခုတင်ပေါ်တွင် အိပ်လျှက်သား မဂ္ဂဇင်းဖတ်နေတဲ့
တင်မောင်ဝင်းကို ကိုအောင်သိန်းဟန်က မျက်စပစ်ပြီး "သူငယ်ချင်း ကျွေးချင်စိတ်ကလေးများ
မပေါ်ဘူးလားကွာ"
တကယ်တော့ ကျွန်တော်တို့ နည်းနည်းလေး လောသွားတယ်။
တအောင့်လောက် စောင့်လိုက်ရင် လိုင်းပေါက်က ဦးလေးကြီးလ္ဘက်ရည်ဆိုင်ကို သွားဖို့ တင်မောင်ဝင်းက
ခေါ်တော့မှာပါ။ သူက သူငယ်ချင်းတွေကို အမြဲ ကျွေးမွေး ဒကာခံတတ်သူ။ ဒါပေမယ့် စိတ်မထင်တဲ့
အခါမျိုးမှာတော့ ကတ်သီးကတ်သတ် ပြောတတ်တယ်၊ လုပ်တတ်တယ်။ အခု မကြားယောင် ဆောင်နေပါတယ်။
သူ ကတ်တော့မယ့် နိမိတ်ပုံပေါ့။
"ဒီမယ်သူငယ်ချင်း… မင်းအကြောင်း၊ မင်းပြောချင်တဲ့အကြောင်း
ဟိုကောင်မလေး ဒီကောင်မလေးအကြောင်း ကြိုက်သလောက် ပြောကွာ၊ ဒို့နားထောင်မယ်"
ဒီလို အပေးအယူမျိုးနဲ့ လ္ဘက်ရည်ဆိုင် သွားကြရော။
မုန့်၊ လ္ဘက်ရည် မကုန်ခင်ထိ စားဝါးနေတဲ့ အချိန်မှာ သူပြောသမျှ နားထောင်ပေးပြီး စားစရာ
ဝါးစရာလည်း ကုန်ရော သူ့အကြောင်း နားထောင်မပေးတော့ဘဲ ကိုယ့် အကြောင်းကိုယ် လှိမ့်ပြီး
ပြောတတ်တာက ကိုအောင်သိန်းဟန်ရဲ့ အကျင့်ပါ။ ခံရပေါင်းလည်း များပြီ။ အမြင်ကပ်နေတာလည်း
ကြာပြီဆိုတော့ ဒီတချီတော့ တင်မောင်ဝင်းက ညစ်ဖို့ စိတ်ကူးလိုက်ဟန်တူတယ်။
တင်-"မင်း နှုတ်ခမ်းမွှေး တစ်ဘက်ရိတ်ရင်
လိုက်ကျွေးမယ်ကွာ"
ဟန်-"ရက်စက်လှချည်လား သူငယ်ချင်း၊ အသက်သာ
အသေခံမယ်၊ ငါ့ နှုတ်ခမ်းမွှေးတော့ လာမထိနဲ့ ကိုယ့်လူ"
ကျွန်တော်က ကတ်ကြေးအသေးလေး လှမ်းပေးလိုက်ပါတယ်။
ကိုအောင်သိန်းဟန် မျက်လုံးကြီးပြူးပြီး "အာ…မင်းကပါ ငါ့ကို.."
မြင့်-"ပြန်ပေါက်လာမှာပဲ ဥစ္စာ"
တင်-"တစ်ဘက်တည်း ရိတ်ခိုင်းတာနော်။ ညှပ်လိုမရဘူး၊
နှစ်ဘက်လုံး ရိတ်လည်းမရဘူး။ မင်းတို့ကောင်တွေ မြန်မာစာတွဲပြီး မြန်မာဝေါဟာရတွေကို ရှင်းရှင်းလင်းလင်း
နားလည်မှာပါနော်"
ဒီညအဖို့တော့ မောင်တင်မောင်ဝင်း အသေအချာ ကတ်ပါလေပြီ။
ကိုအောင်သိန်းဟန် နှုတ်ခမ်းမွှေးကို ဘယ်လောက် တသသလုပ် တယ်ဆိုတာ သိနေလို့ မကျွေးရအောင်
အကြပ်ကိုင်လိုက်တာပါ။
ကျွန်တော်လည်း တင်ဝင်းအခန်းက ဂျုတ်ကို သွားဆွဲပြီး
ရေ၊ ဆပ်ပြာနဲ့ အတူ ကိုအောင်သိန်းဟန်လက်ထဲ ထည့်ပေးလိုက်ပါတယ်။
ဟန်- "ဟေ့ကောင်၊ မင်း…မင်း.."
မြင့်- "ဒီည လ္ဘက်ရည်မသောက်ရရင် ကျွန်တော်သေလိမ့်မယ်
ကိုအောင်သိန်းဟန်။ ကျွန်တော့်မှာသာ နှုတ်ခမ်းမွှေးရှိရင် ခင်ဗျား ဒီလောက်ကြီး တောင်းဆိုစရာတောင်
လိုမှာမဟုတ်ဘူး။ ခုလောက်ဆို ဆိုင်ရောက်နေပြီ"
တင်- "ဒါတော့ မင်းတို့ကိစ္စပဲနော်။ စည်းကမ်းချက်နဲ့
ညီရင် ငါ့ဘက်ကတော့ ရယ်ဒီပဲ"
ကိုအောင်သိန်းဟန် ကျွန်တော်တို့ နှစ်ယောက်လုံးကို
စိတ်ဆိုးဒေါသ ထွက်ပြီး ကျွန်တော်ပေးလိုက်တဲ့ ဂျုတ်နဲ့ သူ့ညာဘက် နှုတ်ခမ်းမွှေးတစ်ခြမ်းကို
'ဗျိ'ကနဲ ရှင်းပစ်လိုက်ပါတယ်။
မြင့်- "အေးလေ၊ ဒီလိုဆိုလည်း ပြီးနေတာပဲ။
မဟုတ် နှစ်ရက် သုံးရက်နေ ပြန်ပေါက်လာမှာပဲ ဥစ္စာ"
လ္ဘက်ရည်ဆိုင်အသွား ပုဂံ၊ ပြည်ဆောင် နောက်ကျောတလျှောက်မှာ
သူ့ကို အဆောင်သူတွေ မြင်မှာစိုးလို့ ကျွန်တော်တို့ကိုယ်နဲ့ ကွယ်ကွယ်ပြီးတော့ လျှောက်နေတော့
မြင့်- "ဒီမှာ ကိုအောင်သိန်းဟန်…ဒို့လျှောက်လာတာ
ညကြီးပါဟာ၊ ခင်ဗျား အသားအရောင်နဲ့ ဘယ်သူက မြင်မှာလည်း။ မြင်ပါအုံးတော့ နှုတ်ခမ်းမွှေးရှိတဲ့
ဘယ်ဘက်ခြမ်းမို့ သူတို့ မသိလောက်ပါဘူး။ ခင်ဗျားသာ အဆောင်ဘက်ကို လှည့်မကြည့်မိစေနဲ့၊
လှည့်ကြည့်လိုက်လို့ကတော့နော် ရှေ့တည့်တည့်ကြီးကနေပြီး ဟန်ချက်မညီတဲ့ ဘယ်ညာ တစ်စုံလုံး၊
ဟင်း..ဟင်း ..ဟင်း၊ စေတနာနဲ့ သတိပေးတာနော်"
တင်မောင်ဝင်းက ငါးကျပ်တန်တစ်ရွက် ထုတ်ပေးတယ်။
မြင့်- "ကိုအောင်သိန်းဟန်…မုန့်ကော စားလို့ရလားဟင်"
တုတ်တုတ်မှ မလှုပ်ပါ။
မြင့်- "အား..သူငယ်ချင်း ဒီနေ့လ္ဘက်ရည် ခါတိုင်းထက် ပိုကောင်းတယ် မောင် ဘာကွာတယ်
မသိဘူး"
ကိုအောင်သိန်းဟန် တစ်ခွန်းတစ်ပါဒ ပြန်မပြောဘဲ
လ္ဘက်ရည်ဖိုးရှင်းပြီး အမ်းငွေကို အိတ်ထဲ ကောက်ထည့်ပြီး ပြန်ခဲ့ကြပါတယ်။
နောက်နေ့မနက် ကိုဆောင်သိန်းဟန်ကို ကျောင်းသွားဖို့
သူ့အခန်း သွားခေါ်တော့ နှုတ်ခမ်းမွှေး တစ်စုံလုံး ပြောင်နေပါပြီ။
မြင့်- "ဟင်..ဟိုဘက်ပါ ရိတ်လိုက်ပြီလား၊
နှမျောစရာကြီး"
ဟန်- "ငါ..ကျောင်းမလိုက်ဘူး"
မြင့်- "ဝင်းဦးလည်း နှုတ်ခမ်းမွှေး မရှိရင်
မနေတတ်ဘူးတဲ့။ ဝင်းဦးနဲ့ ကိုအောင်သိန်းဟန်က နှုတ်ခမ်းမွှေး မရှိလို့ ခံစားရပုံချင်းပါ
တူ…"
"ဂျိုင်း"ကနဲ တံခါးကို ဆောင့်ပိတ်လိုက်ပါတယ်။
သုံးရက်တိတိ ကျောင်းမတက်ပဲ နှုတ်ခမ်းမွှေးကို
တသသမွေးပြီးမှ ကျောင်းပြန်တက်ပါတယ်။ နှုတ်ခမ်းပေါ်မှာ ပေါက်နေတဲ့ အမွှေးလေး ၄၊၅၊၆ပင် လို့
ကျွန်တော်က သာမန် မြင်ပေမယ့် သူအတွက်က မြတ်နိုးတွယ်တာစရာ မဟုတ်လား။ သူ့ရဲ့ မြတ်နိုးမှု၊
တန်ဖိုးထားမှုကို ရောင်းစားမိတာလေ။
ဒါကြောင့် အခုပြန်လည်တွေ့ဆုံပွဲမှာ ကရဝိတ်ခန်းမရဲ့ နောက်နားကို လက်တို့ခေါ်ပြီး တရိုတသေ
ထိုင်ကန်တော့နေရတာပါခင်ဗျား။
မောင်မောင်မြင့်(မန္တလေး)